မုဆိုးမများ၏ အိပ်မက်

အကင်ဆိုင်ဖွင့်ရန် အကင်ပစ္စည်းမျိုးစုံ၊ ဂက်စ်မီးဖိုတို့ကို လာရောက်လှူဒါန်းသော သရုပ်ဆောင် ခိုင်နှင်းဝေနှင့် ဒေါ်ခင်စန်းဦးတို့မိသားစုကို တွေ့ရစဉ်

ရန်ကုန်မြို့၏    ဆင်ခြေဖုံးရပ်ကွက်ဟု ခေါ်ဝေါ်လေ့ရှိသော သာကေတမြို့နယ်အတွင်းရှိ ရပ် ကွက်အချို့တွင် ဖြစ်သည်။ အသက်(၆၀) ခန့်အရွယ် ဒေါ်ညိုတို့မိသားစုတွင်  ကလေးသုံး ယောက်နှင့်တစ်ဗိုက် လွယ်ထားရသော ယောက်ျားမှ စွန့်ပစ်ခံရ သူ သမီးတစ်ဦး ရှိသည်။ အလုပ်လုပ်ကိုင်စားသောက်ရန် အရင်းအနှီးလည်း မရှိ၍ ကြုံရာကျပန်းသာ လုပ်ကိုင်စားသောက်နေရသူလည်း ဖြစ်သည်။ ဒေါ်ညို၏ မျှော်လင့်ချက်အိပ်မက်လေးမှာ သိပ်ပြီး ကြီးကြီးကျယ်ကျယ်တော့ မဟုတ်။ နေ့စဉ် ပုံမှန်ဝင်ငွေရသည့် အလုပ်လေးတစ်ခုလောက် ရှိရင်တော်ပြီ။ သို့သော် အိမ်ထောင်ဦးစီးမုဆိုးမ ဒေါ်ညိုအတွက် အရင်းအနှီးက ဘယ်မှာနည်း။

မတင်မိုးခိုင်ကတော့ လူမမည်ကလေး သုံးယောက်နှင့် ယောက်ျားဆုံးသွားသဖြင့် မုဆိုးမအဖြစ် ရုန်းကန်နေရသူ။ ဆယ်ကျော်

သက်ရွယ် သမီးကြီးနှင့်အတူ အမှိုက်လှည်းတွန်း၍ နေ့စဉ်ဝမ်းစာရှာဖွေနေရကာ ကလေးသုံးယောက်ကို ကျောင်းလည်း မထားနိုင်ခဲ့ပေ။ တစ်နေ့လုပ်မှ တစ်နေ့စား မတင်မိုးခိုင်တို့အတွက် နေ့စဉ် ထမင်းနပ်မှန်ဖို့က အရေးကြီးသည်။ ဒါပေမဲ့ အိမ်စီးပွားရေးကို ဦးဆောင်နေရသော မတင်မိုးခိုင်နှင့် ၎င်း၏ သမီးကြီးတို့တွင် မျှော်လင့်ချက်တစ်ခုက ပုံမှန်ဝင်ငွေလေးရှိသည့် အလုပ်လုပ်ရင်း အငယ်ကလေး နှစ်ယောက်ကို ကျောင်းထားနိုင်ရေး ဖြစ်သည်။

ဒေါ်ခင်စန်းလှိုင်တို့ မိသားစုကတော့ စားအိုးကြီးသည်။ သားသမီး ရှစ်ယောက်နှင့် နေစရာမရှိ၍ သာကေတ (၈)ရပ်ကွက်ရှိ န၀ရတ် ၁၀ လမ်းအတွင်း ဆောက်လက်စတိုက်တွင် အကူညီတောင်း၍ ခိုလှုံနေထိုင်ရသည်။  ကလေးများကလည်း ရင်ခွင်ပိုက်အရွယ် ကနေ ဆယ်ကျော်သက် အရွယ်အထိ အရွယ်စုံဖြစ်ပြီး အရပ်ထဲအ၀တ်လျှော်၊ ဘောက်လိုက်လုပ် ရင်းနှင့် ရုန်းကန်နေရသည်။

ဒေါ်ခင်စန်းဦးတို့ မိသားစုမှာ လည်း အလားတူပင်။ ယောက်ျားဆုံးသွားသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး သုံးနှစ်အတွင်း အရပ်ထဲ အ၀တ်လျှော်၊ မီးပူတိုက်၊ ပလုံ ကောက်ဖြင့် တစ်ထောင်ရရ၊ နှစ်ထောင်ရရ စားဝတ်နေရေးကိုကြုံ

သလို ဖြေရှင်းနေရသည်။ အကြီးနှစ်ယောက် အိမ်ထောင်ကျသွား ပြီး ကျန်ခြောက်ယောက်ထဲမှ ကလေးသုံးယောက်ကို ခရစ်ယာန်ကျောင်းဆရာ မိသားစုက ခေါ်ယူ၍ ကျောင်းထား ပေးသောကြောင့်သာ ဒေါ်ခင်စန်းဦး တစ်ယောက် သက်သာရာရနေခြင်း ဖြစ်သည်။ အ၀တ်မှာလည်း ဇလားကြီးနှင့် အပြည့်လျှော်လျှင်တောင် တစ်ဇလားကို ကျပ် ၁,၅၀၀ သာရပြီးနေ့စဉ်အမေရိကန် တစ်ဒေါ်လာကျော်ရုံငွေလေးဖြင့် စားအိုးကြီးသော မိသားစုကို အသက်ဆက်နေရခြင်း ဖြစ်သည်။

တစ်နေ့လုပ်ခလစာ ကျပ် ၄,၈၀၀ သတ်မှတ်ချိန်တွင် ဒေါ်ခင်စန်းလှိုင်မှာ   အဆိုပါ တစ်ဒေါ်လာ ကျော်ရုံ ငွေကြေးလေးရရန်ပင် နေ့စဉ် မလုပ်မရှိသဖြင့် နီးစပ် ရာအရပ်ထဲ ကလေးပုစုခရုလက် ဆွဲ၍ ရေသန့်ဘူး၊ အအေးဘူးခွံစသည့် ပလုံးကောက်သောအလုပ် ကို ရှာလုပ်ရသည်။

‘‘တစ်နေ့ ၁,၅၀၀ ကျပ်နဲ့ လောက်အောင် စားရတာပေါ့။ထမင်းအိုးလေး ဆန်နှစ်လုံးလောက်တည်၊ ကိုယ်က အငတ်နေပေါ့ တစ်ခါတလေကျ။ သားသမီးတွေ ဦးစားပေးကျွေးတာပေါ့။ သူတို့စားချင်တာ ဘဲဥဆို နှစ်လုံးလောက်ဝယ် မျှကျွေး။ လက်ဖက်သုပ်ဆို သုံးရာဖိုးလောက် ၀ယ်ပြီးမျှစား။သူတို့ပိုရင်စားပေါ့၊ ကိုယ်က မပိုရင်တော့ ငတ်ပေါ့’’ဟု ကလေးရှစ်ယောက်အမေ မုဆိုးမ ဒေါ်ခင်စန်းလှိုင်က ငါးပေခန့်ပတ်လည်သာ သာရှိသော နေအိမ်လေး အတွင်းရှိနံရံပေါ်တွင် ချိတ်ဆွဲထားသောဒေါ်အောင်ဆန်းစုကြည်၏ ပြက္ခဒိန်ဓာတ်ပုံကို ကြည့်ရင်း အငိုတစ်ဝက်ဖြင့် ပြောသည်။

ထို့အပြင် ၎င်းက ဆက်လက် ၍ ‘‘အမျိုးသားရှိတုန်းက ကယ်ရီနင်း၊ စပယ်ယာလိုက်နဲ့ ရှာကျွေးတယ်။ သူမရှိတော့   ကိုယ်ပဲကြုံရာ လုပ်ကျွေးရတာ။ အမျိုးသားက အရက်နဲ့ဆုံးတာလေ’’ဟု ဒေါ်ခင်စန်းလှိုင်က မျက်ရည်ကျ လျက် ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်ပြုခြင်း၊ ကလေးမီးဖွားခြင်းနှင့် ကလေးပြုစု စောင့်ရှောက်ခြင်း တို့ကြောင့် အသက်(၂၀)နှင့် အ ထက်ကစ၍ အမျိုးသမီးများ၏ လုပ်သားအင်အား ပါဝင်မှုနှုန်းမှာ တဖြည်းဖြည်း ကျဆင်းလာနေပြီး မြို့ပြမှာ ကျေးလက်ထက် လုပ်သားအင်အား ပါဝင်မှုနှုန်းနည်းပါး ကြောင်း   ၂၀၁၄ သန်းခေါင် စာရင်းအစီရင်ခံစာက ဖော်ပြထားသည်။ တစ်နည်းအားဖြင့် မြို့ပြတွင် အမျိုးသမီးများအတွက် အလုပ်အကိုင် နှင့် အသက်မွေးရပ်တည်နိုင်မှု နှုန်းမှာ ကျေးလက်ထက် နည်းပါးနေ ခြင်း ဖြစ်သည်။

အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာလည်း နိုင်ငံ့လူဦးရေ၏ ၄ ရာခိုင်နှုန်း ရှိနေပြီး မြန်မာနိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လျော့ကျခဲ့သော်လည်း လူဦးရေ၏ သုံးပုံတစ်ပုံမှာ ဆင်းရဲ နွမ်းပါးနေဆဲဖြစ် ကြောင်း ကမ္ဘာ့ဘဏ်က ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ဆင်းရဲနွမ်းပါးသော ကလေးငယ်များ၏ လေးပုံတစ်ပုံသည် မူလတန်းပညာရေး ဆုံးခန်းမတိုင် ကြဘဲ အိမ်ထောင်စုဆယ်စုလျှင် တစ်စုသည် လုံလောက်သည့် အ စားအစာမရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေသည်ဟု ဆိုသည်။

တကယ်တော့ အထက်ပါ မိသားစုလေးစုကဲ့သို့ မုဆိုးမဦး ဆောင်သော အိမ်ထောင်စုများမှာ မြန်မာပြည်အနှံ့အပြားတွင် ရှိနေနိုင်ပါသည်။  အိမ်ထောင်တစ်ခု တွင် အများအားဖြင့် မိခင်ဖြစ်သူ ကွယ်လွန်သွားသော အိမ်ထောင်ထက် ဖခင်ဖြစ်သူ ကွယ်လွန်သွားသော အိမ်ထောင်စုများမှာ နောက်ဆက်တွဲ လူမှုဒုက္ခများကို ပိုမိုခံစားရလေ့ ရှိသည်။

သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ အလုပ်အကိုင်ရရှိမှုနှုန်းသည် အမျိုးသမီးများမှာ နိုင်ငံ့လူဦးရေ၏ ၄၈ ဒသမ၄ ရာခိုင်နှုန်းသာရှိပြီး အမျိုးသားများက ၈၁ ဒသမ ၉ ရာခိုင်နှုန်းရှိရာ အမျိုးသမီးများ အလုပ်ရဖို့ ခက်ခဲသည့် အခြေအနေက တစ်ခုအပါအ၀င်ဖြစ်ပြီး သားသမီးများကို ထိန်းကျောင်းကြည့်ရှုရန် ကိုယ်ခွဲမရှိခြင်း၊ ကလေးဦးရေ များပြားခြင်းတို့ကလည်း ၀င်ငွေရရန် ခက်ခဲသည့် အခြေအနေတို့ကို ဖြစ်ပေါ်စေသည်။

အထက်ပါ မုဆိုးမ မိသားစုလေးစုတွင် ဦးဆောင်နေရသော မိန်းမသားများမှာ အတန်းပညာလည်း ချို့တဲ့၊ ဆွေမျိုးများရှိသော် လည်း ကိုယ်စီရုန်းကန်နေရ၍ အချင်းချင်းပင် ပြန်မကြည့်နိုင်ကြ။ ကလေးတစ်ပြုံ တစ်မကြီးနှင့် အတန်းပညာသင်ပေးဖို့ ဝေး။ နေ့စဉ် ထမင်းနပ်မှန်အောင်ပင်မနည်း ရုန်းကန်နေရသည်။ သူတို့အ တွက် အသက်ရှူချောင်စရာ ပုံမှန်ဝင်ငွေရနိုင်သော အလုပ်ကလည်း ရှားပါးလွန်းသည်။ ဈေးရောင်း လျှင်ပင် အရင်းအနှီး စိုက်မထုတ် နိုင်။

ယခုအခါ အထက်ပါ အိမ်ထောင်စုလေးစုအတွက် မင်းသမီး ခိုင်နှင်းဝေ ဦးဆောင်သော ပရဟိ တအ ဖွဲ့က တစ်နိုင်တစ်ပိုင် ၀င်ငွေရရှိနိုင်သော စီးပွားရေးလုပ်ငန်းလေးကို မကြာမီက ထူထောင်ပေးခဲ့သည်။ သူတို့အတွက် အဓိကမျှော်လင့်ချက်ကလည်း ပုံမှန်ဝင်ငွေလေးဖြင့် အသက်ဆက် နိုင်ရေးပင် ဖြစ်သည်။

ပုံမှန်ဝင်ငွေမရှိ၊ မိသားစုစားအိုးကြီးကို ကြုံရာ ကျပန်းလုပ်ရင်း ထမ်းထားရသော ဒေါ်ညိုအတွက် မင်းသမီးခိုင်နှင်းဝေ၏ ပရဟိတအဖွဲ့က ကူညီပေးသော တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလေးဖြစ်သော အကြော်တွန်းလှည်း လေးဖြင့် ဘ၀တစ်ဆစ်ချိုးကို ပြောင်းလဲခဲ့ပြီ ဖြစ်သည်။

‘‘မယ်မင်းကြီးမ ကျန်းမာ၊ ချမ်းသာပါစေ။ အခုလို ပုံမှန်ဝင်ငွေ အလုပ်လေးကို လိုချင်တာပါ’’ဟု ယခုအခါ သူ၏အကြော်တွန်းလှည်းတွင် ခိုင်နှင်းဝေ၏ဓာတ် ပုံကို ဗီနိုင်းထုတ်၍ ချိတ်ဆွဲ ထားသော ဒေါ်ညိုက ၀မ်းပန်းတ သာ ပြောသည်။

ကလေးရှစ်ယောက်အမေ ဒေါ်ခင်စန်းလှိုင်ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်များသော မုဆိုးမ စာရင်းကောက်ယူမှုတွင် တစ်ဦးအပါအ ၀င်ဖြစ်ရာမှ ခိုင်နှင်းဝေထံမှ ကုန်စုံဆိုင်လေးဖွင့်ရန် အရင်းအနှီးလေးနှင့် ကုန်ခြောက်ပစ္စည်းများ ရလာ၍ တစ်လတစ်သောင်းခွဲဖြင့် ငှားနေသော ၎င်း၏ငါးပေပတ်လည် အိမ်သေးသေးလေးရှေ့ တွင် အဖီလေးထိုး၍ ဆိုင်ထွက် နိုင်ပြီ ဖြစ်သည်။

ဒေါ်ခင်စန်းဦးတို့ မိသားစု မှာလည်း ခိုင်နှင်းဝေ၏ ကူညီမှုဖြင့် အကင်ဆိုင်လေး ဖွင့်နိုင်ပြီ ဖြစ်သည်။ ကလေးတွေ များလွန်း၍ ရုန်းကန်နေရသော်လည်း ယခင်ထက်စာလျှင် နေ့စဉ်ဝင်ငွေလေး ဖြင့် ဘ၀ကို ဣနြေ္ဒရရရပ်တည် နိုင်ပြီလည်း ဖြစ်သည်။

မတင်မိုးခိုင်တို့ မိသားစုမှာတော့ သမီးကြီးနှင့်အတူ အမှိုက်လှည်းတွန်းစရာ မလိုတော့။ တစ်နိုင်တစ်ပိုင် ၀င်ငွေရနိုင်သော ကုန်ခြောက်ဆိုင်လေးကို ဖွင့်တော့မည်ဖြစ်သည်။

‘‘အငယ်ကောင်က ကျောင်းအရမ်းတက်ချင်တာ။ သူ့ကို ကျောင်းထားချင်တယ်’’ဟု မတင်မိုးခိုင်၏ သမီးကြီးက အနီးရှိ (၇)နှစ်ခန့်အရွယ် မောင်လေးဖြစ်သူ၏ ခေါင်းကိုပုတ်ရင်း ၀မ်းသာမျက်ရည်များကျလျက် ပြောသည်။

ခိုင်နှင်းဝေက ထိုကလေးများ ကျောင်းတက်ရန်ကိုလည်း ဆက်လက်တာဝန်ယူမည် ဖြစ်သည်။

အစိုးရသစ်လက်ထက် လူမှုရေးဆိုင်ရာ ထောက်ပံ့ကြေးများ စတင်ပေးလာသော်လည်း အိမ်ထောင်ဦးစီး ယောက်ျားမရှိ၊ ပုံမှန်ဝင်ငွေ မရှိ၊ ကလေးငယ်များလွန်းသော မုဆိုးမ မိသားစုများအတွက် မူ သီးသန့်ထောက်ပံ့မှုတော့ မရှိသေးပေ။  

ထို့ကြောင့် ဒေါ်ခင်စန်းလှိုင် က သူ့ကဲ့သို့ မုဆိုးမများကိုယ်စား အစိုးရကို ယခုလို မေတ္တာရပ်ခံ တောင်းဆိုသည်။

‘‘အစိုးရကတော့ ကိုယ်တွေကို ပြန်ကြည့်ပေးစေချင်တာ ပေါ့။ ကိုယ့်သားသမီးလေး ပညာရေးလေးတွေ ဖြစ်ထွန်းစေချင်တယ်။  ခုက ကလေးတွေလည်း ဟိုမရောက်၊ ဒီမရောက်တွေဖြစ်။    အစိုးရက နည်းနည်းပါးပါး ကိုယ့်ကိုကြည့်မယ်၊ ထောက်ပံ့မယ်ဆိုရင် အရမ်းဝမ်းသာမှာပါ။ မုဆိုးမတွေကိုတော့ သီးသန့်ထောက် ပံ့တာ မရှိတော့လေ’’