ဝန်ကြီး ဦးကျော်ဝင်းကို တိုင်ကြားမှု အပြီးသတ်စစ်ဆေးနေကြောင်း အဂတိတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်အတည်ပြု

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံ အစီရင်ခံစာတင်မည်
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း (တိုက်ပုံအညိုရောင်)ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်း အဂတိနှင့်ပတ် သက်၍ တိုင်တန်းခံရမှုကို အမြန် ဆုံးစစ်ဆေးနေပြီး မကြာမီ သမ္မတ နှင့် လွှတ်တော်ဥက္ကဋ္ဌများထံ အစီရင်ခံစာတင်ပြမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က ပြောသည်။

တိုင်ကြားစာသည် ကော်မ ရှင်သို့ မေလ ၃ ရက်တွင် ရောက် ရှိပြီး ၇ ရက်တွင် စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့ကာ အမြန်ဆုံးစစ် ဆေးနေကြောင်း ယမန်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ဦးအောင်ကြည်က မီဒီယာများ၏မေးမြန်းမှုအား ဖြေကြားသည်။

‘‘သက်သေယူရတာရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်းတွေ စစ်ရတာရှိ တယ်။ အခုဆို ပြီးသလောက်ဖြစ် နေပြီ’’ဟု ဦးအောင်ကြည်က အမှု စစ်ဆေးမှုအခြေအနေကို ရှင်းပြ သည်။

သို့သော် စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းတိုင်ကြားခံရသည့် အဂတိဖြစ်စဉ်အသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ဦးအောင်ကြည်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုသည့် အစည်းအဝေးသို့ တက်ရောက်လာခြင်းလည်း ဖြစ်သည်။

လတ်တလောတွင် ဦးကျော် ဝင်းသည် ရာထူးမှ နုတ်ထွက်စာ တင်ထားပြီး ပြည်ပသို့ ခရီးမသွား ရန် တားမြစ်ခံထားရကြောင်း သတင်းများထွက်ပေါ်နေသည်။

သို့သော် ၎င်းသည် ပုံမှန်ရုံး တက်နေကြောင်း နေပြည်တော် အစိုးရ အသိုင်းအဝိုင်းက ဆိုသည်။

အလားတူ အလုပ်သမား၊ အလုပ်အကိုင်နှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်း ဆွေလည်း အဂတိနှင့်ပတ်သက် ၍ တိုင်ကြားခံရကြောင်း သတင်း များထွက်နေမှုကို ကော်မရှင်ဥက္ကဋ္ဌအား မေးမြန်းသော်လည်း အ တည်ပြုချက်မပေးပေ။

‘‘စစ်ဆေးတယ်ဆိုတာက တရားရုံးမှာ စစ်ဆေးသလို အပြစ် ရှိလို့၊ တရားစွဲလို့ စစ်ဆေးတာမျိုး မဟုတ်သေးပါဘူး။ တိုင်ကြားတဲ့ သူက တိုင်ကြားလို့ ဒီတိုင်ကြား ချက်တွေက မှန်သလား၊ မမှန်ဘူး လား စစ်ဆေးတဲ့သဘောပဲရှိသေး တယ်။ ဒါကြောင့်မို့ တိုင်ကြားတဲ့ သူရော၊ တိုင်ကြားခံရတဲ့သူရော သူတို့တွေရဲ့ ဂုဏ်သိက္ခာအရ ထုတ်ပြောလို့ မရပါဘူး’’ဟု ဦးအောင်ကြည်က ပြောသည်။

တိုင်ကြားချက်များ မှန်ကန် မှုရှိ၊ မရှိ စစ်ဆေးနေပြီး အမှုဖွင့် သည့် ရဲစခန်းသို့ ရောက်ရှိမှသာ ဖြစ်စဉ်ကို ပြည့်ပြည့်စုံစုံထုတ်ပြန် မည်ဖြစ်ကြောင်း ၎င်းက ရှင်း ပြသည်။

ရာထူးငယ်သူများ အဂတိ လိုက်စားပါက မှုခင်းသေးငယ် လျှင် အဂတိဥပဒေနှင့် အရေးမယူ ဘဲ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ထိ ရောက်စွာ အရေးယူနိုင်ရန် လွှဲ ပြောင်းပေးကြောင်း ဦးအောင် ကြည်က ပြောသည်။

‘‘ဥပဒေအရ အရေးယူရင် သေချာပေါက် ထောင်ကျမယ်။ အလုပ်လည်း ပြုတ်မယ်ဆိုတော့ အလွန်ပြင်းထန်ပါတယ်။ အဲဒါ ကြောင့်မို့ အများကြီး ချင့်ချိန် တယ်။ ဖြစ်ပေါ်တဲ့ အမှုပမာဏက လည်း ငယ်တယ်။ ရာထူးအနေနဲ့ လည်း ဘယ်လောက်မှ လုပ်ပိုင် ခွင့်ရှိကြတာမဟုတ်ဘူး’’ဟု ၎င်း က ရှင်းပြသည်။

သမ္မတ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်စဉ်ကပင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကို စိတ်အား ထက်သန်ပြီး သမ္မတဖြစ်လာသည့် အခါ အဂတိလိုက်စားမှုများကို အရှိန်မြှင့်တိုက်ဖျက်မည်ဟု ကြွေး ကြော်ထားသည်။

ဦးဝင်းမြင့်သမ္မတ ဖြစ်လာပြီး နောက် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က နိုင်ငံ့ဝန် ထမ်းတစ်ဦးဦးကို တရားစွဲဆိုအ ရေးယူရာတွင် မကြန့်ကြာစေရန် ဌာနဆိုင်ရာများက ခွင့်ပြုချက် အမြန်ဆုံးထုတ်ပေးရမည်ဟု ဝန် ကြီးဌာနများအား ညွှန်ကြားခဲ့ သည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်က အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲမှုဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ကျပ်သိန်း ၁,၅၀၀ ကျော် လာဘ်စားမှုဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည်။

Top News