MNA လေကြောင်းလိုင်း တရုတ်နိုင်ငံသို့ ခရီးစဉ်သစ်ပျံသန်းရန် ညှိနှိုင်းနေ

နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ရန်ကုန်မှ တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ပြေးဆွဲရန် ညှိနှိုင်းနေကြောင်း MNA လေယာဉ်မှူးကြီး ဦးသန်းထွေးက ပြောကြားသည်။


‘‘ဆွဲမယ်ဆိုရင် စီးပွားရေး တွက်ခြေကိုက်ဖို့ ဟိုမှာ လေဆိပ် ကောင်တာထားဖို့အပြင် အေးဂျင့် တွေသွားထားဖို့လည်း လုပ်ရဦးမှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ညှိနှိုင်း မှုတွေ လုပ်နေတာ။ အဲဒါတွေပြီး ရင်တော့ ဘယ်တော့ စဆွဲမယ်ဆို တာသိရမှာ ဖြစ်ပါတယ်’’ဟု ဦး သန်းထွေးက ပြောသည်။

မြန်မာအမျိုးသား လေ ကြောင်းလိုင်းသည် တရုတ်နိုင်ငံသို့ ပထမဆုံးနိုင်ငံတကာ ခရီးစဉ် သစ်အနေဖြင့် ချန်ဒူးမြို့သို့တိုးချဲ့ပျံ သန်းရန် စီစဉ်ထားပြီး ဈေးကွက်အရ တွက်ခြေကိုက်မှုရှိ၊ မရှိလိုအပ်သည့် ညှိနှိုင်းမှုများပြုလုပ်ပြီးပါက စတင်ပျံသန်းနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

‘‘လက်ရှိက ချာတာနဲ့ အရင် ဆွဲလိမ့်မယ်။ ကျွန်တော်တို့က တော့ သဘောတူပြီးသား။ ပျံနေ ရင် ပိုက်ဆံရတာပဲလေ။ အခုပြေး ကြည့်မှသိမယ်။ လူသိလာရင် တော့ စီးလာကြမှာပါ’’ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ကပ္ပတိန်သန်းထွန်းက ပြောကြားသည်။

လက်ရှိတွင် မြန်မာအမျိုး သား လေကြောင်းလိုင်းအနေဖြင့် ပြည်တွင်းလေဆိပ် ၂၈ ခုနှင့် ချိတ် ဆက်ကာ ခရီးစဉ်များ ပြေးဆွဲနေပြီး နိုင်ငံတကာခရီးစဉ် အနေဖြင့် စင်ကာပူ၊ ဟောင်ကောင်၊ဘန်ကောက်၊ ဗုဒ္ဓဂယာနှင့် ချင်းမိုင်သို့ ပြေးဆွဲနေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ၂၀၁၄ ကစတင်၍ ကော်ပိုရေးရှင်းအသွင်ပြောင်းကာ ၀န်ဆောင်မှုအသစ်များ တိုးချဲ့ ဆောင်ရွက်ပြီး လက်ရှိတွင် ဘိုး ရင်းလေယာဉ် လေးစီး၊ ATR လေ ယာဉ် ကိုးစီး၊ Embraer လေယာဉ်နှစ်စီးနှင့် Caravan လေယာဉ် လေးစီးတို့ဖြင့် ခရီးစဉ်များပျံသန်း နေသည်။