ရှင်မုတ္ထီးကျေးရွာတွင် ခြံရှင်းရာမှ ရှေးဟောင်းအုတ်ခွက် ဘုရားအများအပြား တူးဖော်တွေ့ရှိ

တူးဖော်တွေ့ရှိရသည့် အုတ်ခွက်ဘုရားအချို့ (ဓာတ်ပုံ − ဝေဖြိုး ဖေ့စ်ဘွတ်ခ်)

 ထားဝယ်မြို့နယ် ရှင် မုတ္ထီးကျေးရွာတွင် ခြံရှင်းရာမှ နှစ် ပေါင်းတစ်ထောင်ခန့်သက်တမ်း ရှိ ရှေးဟောင်းအုတ်ခွက်ဘုရား အများအပြား တွေ့ရှိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရုံး လက်ထောက် သုတေသန(၃) ဦးထက်မြတ်သူ က ပြောသည်။

မေလ ၂၀ ရက်က အဆိုပါ ကျေးရွာအနောက်ဘက်ရှိ ဦးလှ သိန်းပိုင်ဆိုင်သော ဥယျာဉ်ခြံမြေ နေရာတွင် နေအိမ်ဆောက်လုပ်ရန် မြေညှိရှင်းလင်းနေစဉ် ကုန်းတစ်ခုအတွင်း အုတ်ခွက်ဘုရားအကြီး ၁၁ ဆူ၊ အငယ် ၂၁ ဆူနှင့် အပိုင်းအစ ၁၈ ခုကို တူးဖော်ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘အရင်က သာသနိက အ ဆောက်အအုံနေရာဖြစ်မယ်လို့ ထင်ပါတယ်။ အကုန်လုံးမြေညှိ လိုက်တော့ တည်ဆောက်ပုံကို မမြင်ရတော့ဘူး။ စေတီလား၊ အဆောက်အအုံလား မသဲကွဲတော့ဘူး။ အကြမ်းဖျင်းကတော့ အုတ်ခွက်ဘုရားတွေက ပုဂံခေတ် လက်ရာတွေပေါ့။ စာတွေလည်းပါတယ်။ အသေးစိတ်စိစစ်ရဦးမယ်’’ ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် အဆိုပါ ရှေး ဟောင်းအုတ်ခွက်ဘုရားများကို  ယင်းကျေးရွာရှိ ဘုန်းကြီးကျောင်း တွင် သိမ်းဆည်းထားပြီး ဘုရား များ တူးဖော်ရရှိသည့် မြေနေရာ ကို လုံခြုံရေးချထား၍လေ့လာမှု များ ဆက်လက်ပြုလုပ်မည်ဟု ဦးထက်မြတ်သူက ဆိုသည်။

ထားဝယ်ခရိုင်အတွင်း ထင် ရှားသည့် မြို့ဟောင်းလေးခုအ နက် ထားဝယ်မြို့နှင့် ခြောက်မိုင် ခန့်အကွာ ရှင်မုတ္ထီးကျေးရွာရှိ အဆိုပါ ‘မုတ္ထီး’ မြို့ဟောင်းသည်

အကြီးဆုံးဖြစ်ကြောင်း ထားဝယ်သုတေသနအသင်း ဥက္ကဋ္ဌဦးဇော်သူရက ပြောသည်။

၁၉၂၄ ကလည်း ယင်းကျေးရွာတွင် အလားတူ ပုဂံခေတ်အုတ် ခွက်ဘုရား အကြီး၊ အငယ် အဆူပေါင်း ၃၀၀ ကျော် တူးဖော်ရရှိဖူးပြီး လက်ရှိတွင် နိုင်ငံ့သမိုင်းအ တွက် အရေးပါသော အဆိုပါ မြို့ဟောင်းကို တိုင်းဒေသကြီးအစိုးရ က ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ပေးနိုင်ရန် ၎င်းတို့ကြိုးစား ဆောင်ရွက်နေကြောင်း ဦးဇော်သူရက ရှင်းပြသည်။

‘‘၁၉၂၄ က တူးဖော်ရရှိတဲ့ ပုဂံခေတ်အုတ်ခွက်ဘုရားတွေရဲ့ နောက်မှာ ထားဝယ်မြို့ကို စီမံ အုပ်ချုပ်သော မြို့စားတွေရဲ့ နာ မည်နဲ့ အတိအကျသိရတယ်။ မွန် လိုရေးထားပေမယ့် ထားဝယ်ဆို တဲ့ စာသားကို ပထမဆုံးနာမည် အနေနဲ့ ကျန်စစ်သားမင်းကြီး လက်ထက်ကတည်းက တွေ့ရတဲ့ အတွက် သမိုင်းအတွက် အရမ်း အရေးကြီးတဲ့ အချက်အလက် တွေပေါ့’’ဟု ၎င်းကဆက်လက် ပြောသည်။

ထို့ကြောင့် တစ်ချိန်က ထားဝယ်ဒေသသည် ၎င်းတို့ပိုင်နက် နယ်မြေတစ်ခုဖြစ်ကြောင်း အိမ်နီးချင်းထိုင်းနိုင်ငံက စွပ်စွဲပြောဆို နေမှုများသည် မဟုတ်မှန်ကြောင်း၊ လက်ရှိတူးဖော်တွေ့ရှိ သည့် သမိုင်းအထောက်အထား အချက်အလက်များသည် တိကျကောင်းမွန်သည့် အချက်အလက်များဖြစ်သဖြင့် နိုင်ငံတော်  အနေဖြင့် အဆိုပါ မြို့ဟောင်းကိုထိန်းသိမ်းစောင့်ရှောက်ပေးစေလို ကြောင်း ဦးဇော်သူရကတောင်း ဆိုသည်။

Top News