ဂစ်တာတီးသီချင်းဆိုသည့် ကျောင်းဆရာသုံးဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရိုက်နှက်ဟုဆို

ရွာကို စိန်ခေါ်ခြင်းကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရိုက်နှက်ခဲ့ခြင်းမရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူးငြင်း

 မန္တလေးတိုင်း သပိတ် ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ တွင် ဂစ်တာတီးသီချင်းဆိုသည့် ကျောင်းဆရာသုံးဦးအား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရိုက်နှက်ခဲ့သည်ဆိုကာ ဥပဒေအတိုင်း အမှုဖွင့်တိုင်တန်းမည်ဖြစ်ကြောင်း ဖြစ်ပွားစဉ်  ရှိနေသည့်ဆရာတစ်ဦးက ပြောသည်။ 

ဇရပ်ကွင်းကျေးရွာရှိ အ ထက်တန်းကျောင်းတွင် Grade-2 (ဒုတိယတန်းသင်ရိုးသစ်သင် တန်း) တက်ရောက်သော ဆရာ၊ဆရာမများထဲမှ ဆရာ ၁၃ ဦးသည် မေလ ၂၀ ရက် ည ၉ နာရီခွဲတွင် ဆရာ၊ ဆရာမများအဆောင်ရှေ့၌ ဂစ်တာတီးနေစဉ် ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့က   လာရောက်တားမြစ်ပြောဆိုခဲ့သည်ဟု ဆိုသည်။ 

‘‘အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူးအဖွဲ့တွေရောက်လာတယ်။ မင်းတို့တွေ ဒီမှာလုပ်တာ စည်းကမ်းကို မသိဘူးလားမေးတယ်။ ဆရာတွေက ဧည့်သည်တွေဖြစ်တဲ့အတွက် မသိလို့ပါခင်ဗျားလို့ ပြော ပြီး ၁၀ ယောက်က ပြန်တယ်။ သုံးယောက်ကျန်နေခဲ့တယ်။ တစ် ယောက်က အင်တာနက်လိုင်းသုံး နေတယ်။ ကျန်နှစ်ယောက်က အဲဒီတစ်ယောက်ကို ပြန်ရအောင် လိုက်ခဲ့၊ လက်ပံလှကို လိုက်ခဲ့၊ အဆင်မပြေလည်း လိုက်ခဲ့တော့ လို့ လှမ်းပြောတာ။ အဲဒါကို သူတို့ ကို စိန်ခေါ်ပါတယ်ဆိုပြီး ဝိုင်းရိုက် တယ်။ သုံးယောက်စလုံး ခံရ တယ်။ တစ်ယောက်က မျက်နှာ ဒဏ်ရာရတယ်။ တစ်ယောက်က နံရိုးအောင့်တယ်။ တစ်ယောက် က ဇက်ပိုးကို ရိုက်မိတယ်’’ဟု ၎င်းက ပြောသည်။ 

အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဝင်ရောက်ရိုက်နှက်ခြင်းဖြစ်ပြီး ရိုက်နှက်သူ ၁၅ ဦးခန့်ရှိကြောင်း မျက်မြင်တွေ့ရှိသူ အထက်ပါ ဆရာက ပြောသည်။ 

ထို့နောက် အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီး အရိုက်ခံရသည့် ဆရာသုံးဦးကို လက်ထိတ်ခတ်၍ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်ခဲ့ပြီးနောက် တာဝန်ရှိသူ ဆရာ၊ ဆရာမများ လိုက်လာ၍ ဖြေရှင်းကာ ကျေ အေးကြောင်း လက်မှတ်ထိုးခဲ့ရ သည်ဟုဆိုသည်။ 

‘‘အခုအချိန်ထိ(မေလ ၂၂ ရက်နေ့လယ် ၂ နာရီ ၅၀ မိနစ်) အမှုတော့ လာမဖွင့်သေးဘူး။ စခန်းက  လိုက်ပြီးဖြေရှင်းပေးရတယ်။ ရုံးရောက်တော့ သူတို့ဘာသာသူတို့ ပြေလည်သွားတယ်။ လက်ထိတ်ခတ်တာ ဘာညာတော့ ကျွန်တော် မသိဘူးခင်ဗျ’’  ဟု ဇရပ်ကွင်းရဲကင်းမှူးရဲအုပ်မျိုးမင်းလွင်က ပြောသည်။ 

ဆရာသုံးဦး ရိုက်နှက်ခံရမှု နှင့်ပတ်သက်၍ အမှုဖွင့်ရန် ရှေ့ နေများနှင့်တိုင်ပင်နေပြီး အမြန်ဆုံးဆောင်ရွက်မည်ဖြစ်ကြောင်း အထက်ပါဆရာက ပြောသည်။ 

ဇရပ်ကွင်းကျေးရွာအုပ်ချုပ် ရေးမှူးနှင့် အပေါင်းပါတစ်စုသည် ဆရာများအား အပြင်းအထန်ဒဏ် ရာရရှိစေရန် ရိုက်နှက်ခြင်း၊ ဆရာများ၏ဂုဏ်သိက္ခာကို မထောက် ဘဲ လက်ထိတ်နောက်ပြန်ခတ်ခြင်း၊ ကူညီရန် လိုက်လာသည့် ဆရာများကိုလည်း ခြိမ်းခြောက်ပြောဆိုခြင်း စသော ဥပဒေမဲ့  အနိုင့်အထက်ပြုကျင့်ခြင်းများ ပြုလုပ်ခဲ့၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် ထိုသို့ အနိုင့်အထက် ပြုကျင့်ခြင်းသည် ကာယကံရှင် ဆရာများကိုသာမကဘဲ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများကိုပါ စော်ကားမော်ကားပြု ကျင့်ခြင်းဖြစ်၍ တရားဥပဒေ ကြောင်းအရ တုံ့ပြန်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မေလ ၂၂ ရက်တွင် သဘောထား ထုတ်ပြန်သည်။ 

‘‘အွန်လိုင်းမှာ တင်ထားတာ တစ်ဖက်သတ်ပါ။  စာသင် ကျောင်းဘေးမှာ မူးပြီး ဂစ်တာတီး နေတယ်ဆိုပြီး ရပ်မိရပ်ဖတွေက လာပြောတယ်။ သင်တန်းရှိတဲ့အ တွက် ရွာသားတွေ အနှောင့်အ ယှက်မလုပ်ဖို့လည်း မှာထားတာ ပါ။ ကျွန်တော့်ဘက်မှာ ၉ နာရီထိုးရင် ဂစ်တာတီးခွင့်မပေးဘူး။ နယ်မြေကလည်း ကြမ်းတယ်။ ပြန်ကြတော့လို့ ပြောတယ်။ ဟုတ်ကဲ့ဆိုပြီး အေးအေးဆေးဆေးနဲ့ ပြန်သွားကြပြီး အဲဒီထဲက ကျောင်းဆရာတစ်ယောက်က ဂစ်တာ တောင် တီးခွင့်မပေးဘူး။ ငါတို့ဆီ လိုက်ခဲ့ဆိုပြီး ဆဲတဲ့ စကားလုံး တစ်လုံးထွက်တယ်။ ရွာကိုစိန် ခေါ်တဲ့ ပုံစံဖြစ်ပြီး ရုန်းရင်းဆန် ခတ် ဖြစ်သွားတယ်။ ကလေးတွေ ကလည်း မူးနေကြတယ်။ သူတို့ သက်ဆိုင်ရာ တာဝန်ရှိသူကို အ ကြောင်းကြားခေါ်ပြီး ခံဝန်ထိုး ဆုံးမလိုက်တာပါ’’ဟု ဇရပ်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစော ချစ်ညွန့်က ရှင်းပြသည်။ ၎င်းက ရိုက်နှက်ခဲ့ခြင်း မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူးက ငြင်းဆိုသည်။ 

အုပ်ချုပ်ရေးမှူး၏ ပြော ကြားချက်တွင် ဆဲဆိုခြင်း၊ မူးနေ ကြသည်ဆိုသည့် စကားများနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဆရာက ငြင်းဆိုသည်။ 

တရားစွဲဆိုမည် ဆိုပါက လည်း တာဝန်ရှိသူများက စစ်ဆေးပြီး ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်လိုကြောင်းနှင့် ဆရာ များသည် ဝန်ထမ်းများဖြစ်နေ သဖြင့် အလုပ်နှင့်ပတ်သက်၍ ထိခိုက်မည် စိုးရိမ်ကြောင်း ဦးစော ချစ်ညွန့်က ပြောသည်။

ဇရပ်ကွင်းရွာရှိ  အဆိုပါသင်တန်းသည် မေလ ၂၃ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဆရာများ က ပြီးဆုံးအောင် ဆက်လက်တက်ရောက်မည်ဟု ဆိုသည်။ 

Top News