ဂွမြို့နယ်သို့ တောဆင်ရိုင်းများဝင်သဖြင့် အိမ်အချို့ပျက်စီး၊ အိမ်ထောင်စု ၉၀ ကျော် ဘုန်းကြီးကျောင်းတွင် ခိုလှုံရ

ရခိုင်ပြည်နယ်တွင် ကျက်စားနေသော တောဆင်ရိုင်းအချို့ကို တွေ့ရစဉ်( ဓာတ်ပုံ − မောင်ကံ)

ရခိုင်ပြည်နယ် ဂွ မြို့နယ် ဘ၀င်ကျေးရွာသို့ တော ဆင်ရိုင်းများဝင်ရောက်လာသ ဖြင့် အိမ်အချို့ပျက်စီးပြီး စိုးရိမ် ထိတ်လန့်နေသော အိမ်ထောင်စု ၉၀ ကျော်သည် ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းများ တွင် ခိုလှုံနေကြောင်း ဘ၀င်ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးဇေယျကျော် က ပြောသည်။

အဆိုပါတောဆင်ရိုင်းများ ၀င်ရောက်မှုကို ယခုနှစ် ဧပြီကစ တင်ကာ ဆိုးရွားစွာကြုံတွေ့လာရ ပြီး ဒေသခံများအား ရန်ပြုကာ စိုက်ပျိုးသီးနှံများနှင့် ရွာထဲရှိ အိမ် များကို ဖျက်ဆီးနေကြောင်း ၎င်းကဆိုသည်။


‘‘လူဦးရေကတော့ ၄၀၀ လောက်ပေါ့။ ဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့၊ စာသင်ကျောင်းတို့လို နေရာတွေမှာ ဒုက္ခသည်အနေနဲ့ ကျွန်တော်တို့က နေရာချထားပေးတယ်။ စားဝတ်နေရေးအတွက် အခက်အခဲတွေရှိနေတယ်။ ဆင်ရိုင်းတွေ မောင်းနှင်ဖို့အတွက် တင်ပြထားတယ်။ သိပ်တော့ အားမရဘူး’’ဟု ၎င်းက ပြောသည်။

ဘ၀င်ကျေးရွာသို့ ရောက် လာသည့် တောဆင်ရိုင်း ကိုး ကောင်ခန့်ရှိပြီး တောပြုန်းတီးခြင်း နှင့် ဆင်စားသုံးသည့်အပင်များ ရှားပါးလာသဖြင့် ရွာထဲသို့ ၀င်ရောက် သောင်းကျန်းခြင်းဖြစ်ကြောင်း ဒေသခံရွာသားများကယူဆပြောဆိုသည်။

ဘ၀င်ကျေး ရွာ၌ လူနေအိမ် ၅၀၀ ကျော်တွင် လူဦးရေ ၁,၄၀၀ ကျော်နေထိုင်သည်။

 တောဆင်ရိုင်းအများဆုံးကျက်စားသည့် မေယုတောင် တန်း၌ ယခင်သုံးနှစ်ခန့်က ဆင် ရိုင်းများကြောင့် လူများမကြာခဏထိခိုက်သေဆုံး ခဲ့သော်လည်း ၂၀၁၇ သြဂုတ် မောင်တောအကြမ်းဖက်မှုနောက်ပိုင်း  တောဆင်ရိုင်းတွေ့ရှိမှု  နည်းပါးလာသည်ဟု ၎င်းတို့က ဆိုသည်။

Top News