ကျည်ဆန်တစ်တောင့် ပေးပို့လာသည်နှင့် ကြုံဖူးကြောင်း မလေးရှား အဂတိ တိုက်ဖျက်ရေး အကြီးအကဲ ဖွင့်ဟ

မိမိကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိခဲ့ဖူးကြောင်း မလေးရှား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဌာန အကြီးအကဲက ဝန်ခံ ပြောကြားခဲ့သည်။


ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ် အာဏာရနေချိန်က ၎င်း၏ အဂတိ လိုက်စားမှုဆိုင်ရာ စွဲချက်များကို ကိုင်တွယ် စစ်ဆေးရာ၌ အခက်အခဲများစွာ ကြုံခဲ့ကြောင်း ရှူကရီ အက်ဘ်ဒူလ်က ဆိုသည်။ ထိုအချိန်က အမှုနှင့် ပတ်သက်သော သက်သေများ အကြောင်းရင်း မသိဘဲ ပျောက်ကွယ်သွားခဲ့သလို ကိုယ်တိုင်လည်း ကျည်ဆန်တစ်တောင့် ပေးပို့လာသည်ကို ကြုံဖူးကြောင်း ရှူကရီက ဖွင့်ဟခဲ့သည်။ 

ယခုအခါတွင်မူ မလေးရှား၌ အစိုးရ အပြောင်းအလဲ ဖြစ်လာခဲ့သလို ဝန်ကြီးချုပ်သစ် မဟာသီယာ မိုဟာမက်က နာဂျစ်ဘ်၏ အမှုဟောင်းများကို ပြန်လည် ဖော်ထုတ် စစ်ဆေးရန် လိုလားကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ 

နာဂျစ်ဘ် အာဏာရနေစဉ်က ဝန်ကြီးချုပ်ဟာ ဘဏ်စာရင်းထဲသို့ သံသယဖြစ်ဖွယ် ဒေါ်လာ ဆယ်သန်းခွဲမျှ ဝင်ရောက်နေခြင်းနှင့် ပတ်သက်၍ ရှူကရီက မလေးရှား အဂတိ တိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (MACC)၏ ရုံးချုပ်သို့ နာဂျစ်ဘ်ကို ခေါ်ယူ မေးမြန်းခဲ့သည်။ 

“အဲဒီတုန်းက ထွက်ချက်အတွက် မှတ်တမ်းတင်ဖို့ပါ။ ဖမ်းဆီးတာတွေ၊ စွဲချက်တင်တာတွေအတွက် မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး သတင်းတွေကို အခြေခံပြီး သူ့ကို သေချာ ခေါ်မေးခဲ့တာပါ”ဟု ရှူကရီက ရှင်းပြသည်။

သို့သော် ၂၀၁၅ ခုနှစ်က ကြုံခဲ့သော အခြေအနေ၌ နာဂျစ်ဘ်သည် သက်သေ အထောက်အထားများကို လျင်မြန်စွာ ဖျောက်ဖျက်ခဲ့သလို ရှေ့နေချုပ်ကိုလည်း ရာထူးမှ ထုတ်ပယ်လိုက်သည်။ ထို့နောက်ပိုင်းတွင် နာဂျစ်ဘ်၏ အဂတိ လိုက်စားမှုများကို ဖော်ထုတ်ရန် အားထုတ်မှုများအတွက် တဖြည်းဖြည်း လမ်းစပျောက်သွားခဲ့သည်။

“အဲဒီတုန်းက ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးတွေက လာအသိပေးတယ်။ အစိုးရကို အကွက်ဆင် လုပ်ကြံမှုနဲ့ ကျွန်တော်တောင် အဖမ်းခံသွားရနိုင်တယ် ဆိုတာကိုပါ။ ကျွန်တော်က နိုင်ငံတော် ပုန်ကန်မှုမှာ အားပေးအားမြှောက် ဖြစ်သွားနိုင်တယ်လေ”ဟု ၎င်းက ဆိုသည်။ 

ရှူကရီက “ကျွန်တော့်အိမ်ကို ကျည်ဆန်တစ်တောင့် ရောက်လာဖူးတယ်။ ဒီအကြောင်း ကျွန်တော့် မိသားစုကို၊ ကျွန်တော့် သမီးကို လုံးဝ မပြောခဲ့ဘူး။ သူတို့ အရမ်းကြောက်သွားမှာ စိုးလို့ပါ။ ရဲလည်း မတိုင်ဖြစ်ခဲ့ဘူး”ဟု ဖွင့်ဟခဲ့သည်။

လတ်တလောတွင် နာဂျစ်ဘ်၏ ဝန်ကြီးချုပ်ရာထူး ပြုတ်ကျသွားပြီး တစ်ပတ်အကြာတွင်ပင် ၎င်း၏ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့သည်။ ထို့အပြင် နာဂျစ်ဘ်ကို MACCက နောက်တစ်ကြိမ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စတင် စီစဉ်နေပြီဟုလည်း သိရသည်။

Ref: Reuters

Top News