အိန္ဒိယတွင် ပြင်းထန် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်မှုကြောင့် လူသုံးဦးသေဆုံး

အိန္ဒိယ နိုင်ငံ တောင်ပိုင်းတွင် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။


ကီရာလာ ပြည်နယ်တွင် နီပါဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် အသက် ၂၀ ဝန်းကျင် ညီအစ်ကို နှစ်ဦးနှင့် ၎င်းတို့၏ အသက် ၅၀ အရွယ် အဒေါ်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

ပြင်းထန်သည့် အဖျားရောဂါကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် ညီအစ်ကို နှစ်ဦး၏ ဖခင်ကိုလည်း ကူးစက်ခဲ့သည်။ ယင်း အသက် ၅၆ နှစ်အရွယ် လူနာမှာမူ အခြေအနေ စိုးရိမ်ရပြီး ကယောင်ကတမ်း ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

နီပါဟ်ဗိုင်းရပ်စ်သည် လူအချင်းချင်းဖြစ်စေ၊ တိရစ္ဆာန်မှဖြစ်စေ ပျံ့နှံ့ ကူးစက်တတ်ပြီး ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ ငိုက်မျည်းခြင်းများ ခံစားရလေ့ ရှိသည်။ ထို့နောက် ရက်ပိုင်းမျှအတွင်း ကိုမာဝင်ကာ သတိလစ် မေ့မျောသည်အထိ ပြင်းထန်လာပြီး အသက်အန္တရာယ် ကြုံလာစေနိုင်ကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနက ထုတ်ပြန်ထားသည်။

နီပါဟ်ကူးစက်မှု ဖြစ်ပွားနေကြောင်း သတင်းများကြောင့် ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ကျန်းမာရေး တပ်လှန့်မှုများ ပြုလုပ်ထားပြီး ၂၄ နာရီ ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး ကုသဆောင်များပါ ဖွင့်လှစ်ထားသည်။ ထို့အပြင် သေဆုံးသူများနှင့် ထိတွေ့မှု ရှိခဲ့သူ ၁၄ ဦးကိုလည်း ချက်ချင်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်စေခဲ့သည်။ 

နီပါဟ်ဗိုင်းရပ်စ်ကို ၁၉၉၉ ခုနှစ်က မလေးရှားတွင် စတင် တွေ့ရှိခဲ့သည်။ ပုံမှန်အားဖြင့် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း အစရှိသည်တို့ ခံစားရပြီး အခြေအနေ ပိုမို ဆိုးရွားလာပါက အာရုံကြောနှင့် အသက်ရှူ လမ်းကြောင်းများကိုပါ ထိခိုက် စေနိုင်သည်။ အဆုတ်တွင် အောက်စီဂျင် လုံလောက်စွာ မရတော့ခြင်းကြောင့် ဦးနှောက် ရောင်ရမ်းခြင်းနှင့် သေဆုံးခြင်းများပါ နောက်ဆက်တွဲ ကြုံစေတတ်ကြောင်း သိရသည်။

နီပါဟ်ဗိုင်းရပ်စ်ကို အဓိက သယ်ဆောင်လေ့ ရှိသည်မှာ သစ်သီးသစ်ဥစား လင်းနို့များ ဖြစ်ကြပြီး လူနှင့် အခြား တိရစ္ဆာန်များကိုလည်း ကူးစက်နိုင်သည်။ နီပါဟ်ဗိုင်းရပ်စ် ကူးစက်ခြင်းအတွက် ကာကွယ်ဆေး မရှိသေးဘဲ ရောဂါ ဖြစ်ပွားပါက လူနာ၏ ကိုယ်ခံအားကို ကူညီ မြှင့်တင်ပေးသည့် နည်းလမ်းမျိုးဖြင့်သာ ကုသပေးနေရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ထားသည်။

Ref: CNN

Top News