မိုးရာသီမှာ လန်းစေမယ့် စိတ်ကူးဆန်းဆန်း စမတ်ထီးတွေ

ရာသီစက်ဝန်း တစ်ပတ်လည်မှုနဲ့အတူ မိုးရာသီရောက်ရှိလာဖို့ တဖြည်းဖြည်းနီးကပ်လာပါပြီ။ မိုးမစိုအောင် ကာကွယ်ကြရာမှာ ထီးတွေကို အသုံးပြုတာဟာ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နည်းပညာအသုံးချမှု ကျယ်ပြန့်လာတဲ့ခေတ်မှာတော့ သမားရိုးကျ ထီးတွေအစား နည်းပညာပေါင်းစပ်ထားတဲ့ စမတ်ထီးတွေကို Gadgetတွေအသွင် တီထွင်အသုံးပြုလာပါတယ်။ နိုင်ငံတကာဈေးကွက်ထဲမှာ အမှန်တကယ် စတင်ရောင်းချနေတဲ့ စမတ်ထီးတွေရှိနေသလို တချို့ကတော့ စမ်းသပ်ဆဲ Prototype အဆင့်မှာပဲ ရှိပါသေးတယ်။ အခုဆောင်းပါးမှာ တော့ စိတ်ဝင်စားစရာ စမတ်ထီးတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။


ရေမစိုတဲ့ထီး

မိုးစိုနေတဲ့ ထီးတွေဟာ ထားသိုရခက်ခဲတဲ့ပြဿနာမျိုး ကြုံရလေ့ရှိပါတယ်။ ခြောက်သွေ့နေတဲ့ အဆောက်အအုံထဲ ဝင်လာရင် ရေတစက်စက်ကျနေတဲ့ ထီးတွေကို ဘယ်မှာထားရမလဲဆိုတာက ခေါင်းခြောက် စရာပါ။ NanoNuno ဆိုတဲ့ ထီးကတော့ Nano နည်းပညာကို အသုံးပြုထားတဲ့ ပိုလိုင်စတာအမျှင်တွေ အသုံးပြုချုပ်လုပ်ထားပြီး အချင်း ၃၈ လက်မ ကျယ်ဝန်းတဲ့ ထီးရွက်ပေါ်မှာ ရေမတင်နိုင်အောင် တီထွင်ထားပါတယ်။ ထီးကို အသာအယာခါလိုက်ရုံနဲ့ ရေတွေ အကုန်လုံးခြောက်သွေ့ ကင်းစင်သွားမှာပါ။ ထူးခြားတဲ့ နည်းပညာအသုံးပြုဖန်တီးထားတဲ့ ဒီထီး ကို ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်နဲ့ ရောင်းချနေပါတယ်။


ရာသီဥတု ခန့်မှန်းနိုင်တဲ့ထီး

တချို့က ထီးကိုင်ရမှာ ပျင်းပါတယ်။ ဒါပေမဲ့ အပြင်ထွက်တဲ့အချိန် ထီးယူမသွားလို့ မိုးရွာချတာနဲ့ တည့်တည့်တိုးရင်လည်း လူစင်စစ်ကနေ

ကြွက်စုတ်ဖြစ်သွားမှာ ကျိန်းသေပါတယ်။ ဒီတော့ ထီးယူရမလား၊ မယူရ မလားဆိုတာက တကယ်ဗျာများတဲ့ ကိစ္စဖြစ်နေပါတယ်။ Ambient က ထုတ်လုပ်တဲ့ထီးကတော့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ အဲဒီစမတ်ထီးဟာ Wifi ကွန်ရက်ကနေတစ်ဆင့် AccuWeather.com မိုးလေ ဝသခန့်မှန်းဝက်ဘ်ဆိုက်နဲ့ ချိတ်ဆက်ပေးပါတယ်။ တကယ်လို့ မိုးရွာဖို့  ရာနှုန်းပြည့်သေချာနေတယ်ဆိုရင် ထီးရဲ့လက်ကိုင်မှာ ပါတဲ့မီးက ဆက်တိုက်လိုလိုလင်းပြီး အချက်ပြနေပါမယ်။ မိုးရွာဖို့ ဖြစ်နိုင်ခြေနည်းလေလေ မီးအလင်းရောင် မှိတ်တုတ်မှိတ်တုတ်ဖြစ်မှုက နှေးလေလေပါပဲ။ မိုးမရွာ တာ သေချာရင် မီးလုံးဝလင်းမှာ မဟုတ်ပါဘူး။ ဒီစနစ်အတွက် AAA အရွယ်အစား ဓာတ်ခဲတစ်လုံးကို ထည့်သုံးရုံပါပဲ။ လောလောဆယ်မှာတော့ Ambient က သူတို့ရဲ့ စမတ်ထီးကို ပိုပြီးရလဒ်တိကျတဲ့အထိ ခန့်မှန်းနိုင် အောင် အဆင့်မြှင့်တင်နေတုန်းပါ။


အင်တာနက်ထီး

Pileus ရဲ့ စိတ်ကူးကတော့ အင်တာနက် အမြဲလိုလိုသုံးနေသူတွေ နဲ့ အကိုက်ပါပဲ။ Pileus က သူတို့ရဲ့ထီးဟာ နည်းပညာနဲ့ ဆက်စပ် ထိတွေ့နေသူတိုင်းအတွက် လိုအပ်တဲ့နည်းပညာ အသုံးအဆောင်ဖြစ် လာစေရမယ်လို့ ညွှန်းဆိုထားပါတယ်။ ထီးရဲ့ အတွင်းပိုင်းမျက်နှာပြင်ကို အင်တာနက်သုံးတဲ့ Screen လို ဖန်တီးထားပြီး Wifi ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ထီးရဲ့ အတွင်းပိုင်းမျက်နှာပြင်မှာ ယူကျုဘ်၊ ဖေ့စ်ဘွတ်ခ် စတဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို Browser တွေလို ခွဲခြားသတ်မှတ် ထားနိုင်ပြီး Touchscreen သဘောဆန်ဆန်သုံးနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်သုံးစွဲမယ့် ပုံရိပ်တွေကိုတော့ ထီးရိုးမှာမြှုပ်ထားတဲ့ အသေးစား ပရိုဂျက်တာလေးကနေ ပုံဖော်ပေးမှာပါ။ GPS စနစ်လည်းပါတဲ့အ တွက် ဒီထီးဟာ လမ်းညွှန်စနစ်တွေအတွက်လည်း ကောင်းကောင်းအသုံး ချနိုင်မှာဖြစ်ပါတယ်။


iBrella

i ဆိုတဲ့ စကားလုံးနဲ့ စတာနဲ့ Apple ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ iPad တို့၊ iPhone တို့ကို မြင်ယောင်မှာပါ။ ဒီထီးကို iBrella လို့ နာမည်ပေးထား တာလည်း ဒီကိစ္စနဲ့ အမှန်တကယ် ဆက်စပ်မှုရှိပါတယ်။ Appleရဲ့ အိတ်ဆောင်သီချင်း မီဒီယာစက်လေးဖြစ်တဲ့ iPod နဲ့ ဒီထီးကို ချိတ်ဆက် ထားနိုင်ပြီး ထီးရဲ့လှုပ်ရှားမှုတွေနဲ့ သီချင်းတွေကို စိတ်ကြိုက်ပြောင်းလဲ စေခိုင်းနိုင်ပါတယ်။ ဥပမာ သီချင်းတွေကို အစီအစဉ်တကျမဟုတ်ဘဲ အရောရောအနှောနှော ပြန်ဖွင့်ချင်တယ်ဆိုရင် ထီးကို အရှိန်ပြင်းပြင်းမွှေ့ရမ်းလိုက်ရမှာ ဖြစ်ပါတယ်။ သီချင်းတွေ ရှေ့နောက် ရစ်လိုက်တာ၊ အသံအတိုးအလျှော့လုပ်တာတွေ အားလုံးကိုလည်း ထီးကို လှုပ်ရှားပုံအမျိုးမျိုးနဲ့ စေခိုင်းနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ ထီးရိုးထဲမှာ လှုပ်ရှားမှု အာရုံခံကိရိယာတွေနဲ့ တခြားအထောက်အပံ့စနစ်တွေ ထည့်သွင်းပေးထားပါ တယ်။


အပြင်မှာ မိုးရွာ၊ ထီးအောက်မှာ နေသာ

My Day ဆိုတဲ့ ထီးကတော့ အခြေခံအလုပ်လုပ်ပုံအရ Pileus ရဲ့အင်တာနက်ထီးရော ရာသီဥတုခန့်မှန်းနိုင်တဲ့ ထီးပါ ပေါင်းစပ်ထားသလို ပါပဲ။ ဒီထီးရဲ့ ထီးရွက်တွေဟာ Display အသွင် အသုံးပြုပြီး ပုံရိပ်တွေဖော်ပြနိုင်တဲ့ e-Paper နဲ့ ချုပ်လုပ်ထားမှာ ဖြစ်ပါတယ်။ အဲဒီ e-Paper ပေါ်မှာ ပတ်ဝန်းကျင် ရာသီဥတုကို ဖော်ပြနိုင်တဲ့ ပုံရိပ်ခြောက်ခုအထိ ထည့်ထားနိုင်ပါတယ်။ ဒီတော့ မိုးသည်းသည်းထန်ထန်ရွာနေတဲ့အချိန် ထီးဆောင်းထားလည်း နေသာတဲ့နေ့တစ်နေ့မှာ လမ်းလျှောက်နေရသလို အာရုံခံစားရနိုင်စေမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီထီး ဟာ Concept စိတ်ကူးအဆင့်သာ ရှိပါသေးတယ်။ အမှန်တကယ် အထ မြောက်အောင် တီထွင်လာနိုင်တဲ့အခါ ကိုယ့်စိတ်ကြိုက်ပုံတွေကိုပါ ထည့်သွင်းနိုင်တဲ့ ရွေးချယ်ခွင့်မျိုးရှိလာမယ်လို့ ယူဆရပါတယ်။

—Ref: PC Magazine