မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ် မစ္စတာအန်တွမ်နီဟေးနှင့် တွေ့ဆုံခြင်း

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ် မစ္စတာအန်တွမ်နီဟေးနှင့် တွေ့ဆုံခြင်း
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြသစ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေး (ဓာတ်ပုံ − ရွှေဘုတ်)

အာရှဖလားခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ရလဒ် များဆိုးရွားခဲ့ပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင် အသင်း နည်းပြချုပ်ရာထူးနေရာအတွက် အပြောင်းအလဲပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ်အဖြစ် တစ်နှစ်ကျော် တာဝန်ယူခဲ့သည့် ဂျာမနီနိုင်ငံသားနည်းပြ ဂတ်ဖရိုင်းဒရစ်နှင့် နှစ်ဖက်သဘောတူလမ်းခွဲခဲ့ပြီး နည်းပြသစ်တစ်ဦးရှာဖွေခဲ့သည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ်ရာထူးအတွက် လျှောက်ထားသည့် ကမ္ဘာတစ်ဝန်းမှ နည်းပြ ၇၀ ကျော်အနက် ဂျာမနီနိုင်ငံသားနည်းပြ အန်တွမ်နီဟေးကို မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် မေလ ၁၆ရက်တွင် အတည်ပြုခန့်အပ်ခဲ့သည်။ အသက် (၄၇) နှစ်အရွယ် အန်တွမ်နီဟေးသည် ပရော်ဖက်ရှင်နယ်ကစားသမားဟောင်းဖြစ်ပြီး ကွင်းလယ်ကစားသမားအဖြစ် ဆွစ်ကလပ် ဂရက်စ်ဟော့စပါး၊ ဂျာမန်ကလပ် ဒက်ဆယ်လ်ဒေါ့ဖ်၊ ရှော်လ်ကေး၊ ကိုလုန်း၊ အင်္ဂလန်ကလပ် ဘာမင်ဂမ်၊ ဘရစ္စတိုးလ်စသည့် ကလပ်များတွင် ပါဝင်ကစားခဲ့သည်။ ယင်းနောက် နည်းပြအဖြစ် ဂမ်ဘီယာ၊ လိုက်ဘေးရီးယား၊ ကင်ညာ၊ ရ၀မ်ဒါစသည့် အာဖရိကလက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ကာ နည်းစနစ်ဒါရိုက် တာအဖြစ် ဘာရိန်းဘောလုံးအဖွဲ့ချုပ်နှင့် လိုက်ဘေးရီးယားဘောလုံး အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် မြန်မာ့လက်ရွေး စင်အသင်းနှင့်အတူ ယူ-၂၃ အသင်းကို ပူးတွဲတာဝန်ယူမည်ဖြစ်သည်။ လက်ရွေးစင်နည်းပြသစ် အန်တွမ်နီဟေးကို 7Day Daily သတင်းစာက မေလ ၁၆ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။  


မြန်မာ့လက်ရွေးစင်အသင်းနည်း ပြချုပ် ရာထူးကို ဘာကြောင့်စိတ် ၀င်စားခဲ့တာလဲ။

ကျွန်တော်အာရှနိုင်ငံတချို့ မှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါ တယ်။ အရှေ့တောင်အာရှဒေသ တွင်းမှာ တစ်ခါမှ မလုပ်ဖူးဘူး။ မြန်မာအသင်းဆိုတာကလည်း အရှေ့တောင်အာရှမှာ အစဉ်အ လာကြီးမားခဲ့တဲ့ အသင်းတစ်သင်း ပါ။ သမိုင်းကြောင်းကောင်းခဲ့တဲ့ အသင်းပါ။ ကမ္ဘာ့အဆင့်သတ် မှတ်ချက်လည်း အရမ်းကြီးမနိမ့်ပါ ဘူး။ ဒီ့အတွက် မြန်မာအသင်းကို နည်းပြလုပ်ဖို့ စိတ်ဝင်စားခဲ့တာ ပါ။ မြန်မာအသင်းကို ပရိသတ် တွေ တစ်ခဲနက်အားပေးတာကို လိဒ်စ်နဲ့ ခြေစမ်းပွဲမှာ တွေ့ခဲ့ရပါ တယ်။ ပရိသတ်တွေအများကြီး အားပေးတဲ့ မြန်မာအသင်းကို နည်းပြအဖြစ် လုပ်ကိုင်ခွင့်ရတာ ဂုဏ်ယူပါတယ်။ ပရိသတ်တွေ အတွက် အကောင်းဆုံးတွေယူ ဆောင်လာဖို့ မျှော်လင့်ထားပါ တယ်။

မြန်မာ့လက်ရွေးစင်အသင်းကို ဘယ်အပိုင်းကစပြီး ပြင်ဆင်ဖို့ရှိ လဲ။ ဘယ်လိုတည်ဆောက်သွားဖို့ ရှိလဲ။

နည်းစနစ်ပိုင်းအရ ပြောမယ်ဆိုရင် ကစားသမားတွေကို မတွေ့ရသေးတဲ့အတွက် ပြောဖို့ခက်ပါ တယ်။ မေလ ၂၁ ရက်မှာ အသင်းကိုစပြီး စုစည်းမယ်။ အရင်ဆုံး ကစားသမားတွေကို လေ့လာ မယ်။ ဘာတွေလိုအပ်တယ်ဆို တာကို အရင်ဆုံးလေ့လာမယ်။ အသင်းမှာ မြန်မာအသင်းကို တာ ၀န်ယူဖူးတဲ့ လက်ထောက်နည်းပြ ဦးစိုးမြတ်မင်းလည်း ပါဝင်နေတာ ကြောင့် သူ့ဆီကလည်း အကြံ ဉာဏ်တွေယူပါမယ်။ အားလုံး တိုင်ပင်ပြီးမှ အသင်းကို အကောင်းဆုံးပုံစံနဲ့ တည်ဆောက်သွားမှာပါ။

လက်ရှိအသင်းမှာ အသက်ကြီးတဲ့ ကစားသမားတွေများနေတဲ့အ ပေါ်မှာ လက်ရွေးစင်အသင်းကို လူငယ်တွေနဲ့ တည်ဆောက်သွား မှာလား။

အသင်းနဲ့ အံဝင်ပြီး အသင်းအတွက် အကျိုးပြုနိုင်မယ့် ကစား သမားကိုပဲ အဓိကရွေးမှာပါ။ အ သက်ကြီးတာတွေ၊ ငယ်တာတွေ ကို ခွဲခြားမှာမဟုတ်ပါဘူး။ အ သက်ကြီးနေပေမယ့် အသင်းအ တွက် ရလဒ်ကောင်းရရှိမယ်ဆို ရင်တော့ ရွေးချယ်သွားမှာပါ။

ယခင်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားနည်းပြလက်ထက်မှာ မြန်မာအသင်း က အောင်မြင်မှုမရခဲ့ဘူး။ ခင်ဗျား လက်ထက်မှာ အောင်မြင်မှုရရှိ မယ်လို့ ယုံကြည်ချက်ရှိလား။

အောင်မြင်အောင်လုပ်နိုင် မယ့် ယုံကြည်ချက်မရှိရင် မြန်မာ ပြည်ကို မလာပါဘူး။ ယုံကြည်မှု အပြည့်ရှိပါတယ်။ မြန်မာက အာရှပြိုင်ပွဲ၊ ဆူဇူကီးပြိုင်ပွဲတွေ အပါအ၀င် နိုင်ငံတကာပြိုင်ပွဲတွေ အများကြီးပြိုင်ရမှာပါ။ ဒီပြိုင်ပွဲ တွေအားလုံးကို အောင်မြင်မှုရ အောင် လုပ်နိုင်မယ်လို့ ယုံကြည် ပါတယ်။ ဒါပေမဲ့ အချိန်တော့ ယူ ရပါလိမ့်မယ်။ အရင် မစ္စတာဂတ် လက်ထက်တုန်းကလည်း အောင် မြင်မှုရဖို့အတွက် အချိန်တစ်ခု တည်ဆောက်ခဲ့ရပါတယ်။ ကျွန် တော့်လက်ထက်မှာလည်း တစ် ဆင့်ချင်းအကောင်းဆုံးပုံစံတစ်ခု ရဖို့ တည်ဆောက်သွားမှာပါ။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ယခင်နည်းပြဖြစ်တဲ့ မစ္စတာဂတ်နဲ့ ရော သိလား။ သူ့ဆီက အကြံ ဉာဏ်တွေရလား။

ကျွန်တော်သူနဲ့ မသိပါဘူး။ စကားတောင် မပြောဖူးပါဘူး။ ကျွန်တော့်ပုံစံနဲ့ ကျွန်တော်ပဲ အ သင်းကို တည်ဆောက်သွားမှာပါ။

လက်ရှိမြန်မာကစားသမားတွေ အကြောင်း ဘယ်လောက်ထိ လေ့လာထားပြီးပြီလဲ။

ကျွန်တော်ဒီရောက်တဲ့အချိန်အတွင်းမှာ ရန်ကုန်ပွဲ AFC Cup ပြိုင်ပွဲအပါအ၀င် ငါးပွဲလောက်ပဲ ကြည့်ရပါသေးတယ်။ အားလုံး တော့ မသိသေးပါဘူး။ ဘယ်က စားသမားက ဘယ်လိုကစားတတ်လဲဆိုတာ မသိသေးပါဘူး။ အချိန် ယူလေ့လာပြီးတော့ ကစားသမား တွေကို ဘယ်လိုအသုံးချရမလဲဆို တာ စီစဉ်သွားမှာပါ။

ပြည်ပမှာ ထွက်ကစားနေတဲ့ ကစားသမားတွေကို လက်ရွေးစင်အသင်းအတွက်စောင့်ကြည့်သွား ဖို့ ရှိပါသလား။

ပြည်ပမှာ ထွက်ကစားနေတဲ့ ကစားသမားတွေမှ မဟုတ်ပါဘူး။ ကစားသမားတွေ အားလုံးကို စောင့်ကြည့်သွားမယ်။ ကစား သမားတစ်ဦးချင်းရဲ့ အရည်အ ချင်းကိုပဲ ကြည့်ပြီး ရွေးသွားမယ်။

ကျေးဇူးတင်ပါတယ်။