နားရွက် တံတွေး ဆွတ်ခံရခြင်း

ထွေအုပ်ရုံးဝင်းအတွင်း ဆိုင်ကယ်ခိုးယူခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဆွေဝင်းက ဆိုင်ကယ်ပိုင်ဆိုင်ကြောင်းအထောက်အထားများ ပြသနေစဉ် (ဓာတ်ပုံ - ညီညီဇော်)

တော်ခရမ်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွေဝင်း တစ်ယောက် လွန်ခဲ့ သည့် ရက်သတ္တနှစ်ပတ်ခန့်က ဖြစ်ပွားခဲ့သည့်ကိစ္စတစ်ခုကို ပြန်တွေးမိတိုင်း စိတ်ထဲတနုံ့နုံ့ဖြင့် မခံချိ မခံသာ ဖြစ်နေသည်။ ကိုယ်ညံ့လို့ ကိုယ်ခံလိုက်ရခြင်းဆိုလျှင် ဖြေသာသည်။ အခုဟာက ကိုယ် လည်း ပေါ့ပေါ့ဆဆမလုပ်၊ တန်ဖိုးလည်းထားသည့် အရာတစ်ခုကိုမှ မထင်မှတ်သည့်နေရာ၊ မထင်မှတ်ထားသည့် အချိန်မျိုးတွင် အလစ်ဝင်တွယ်ခံရခြင်း ဖြစ်သည်။  အခြားမဟုတ်။ အုပ်ချုပ်ရေးမှူး ဦးဆွေဝင်းတစ်ယောက် ဧပြီ ၃၀ ရက်က တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း အစည်းအဝေး သွားတက်ရင်း၎င်း၏ဆိုင်ကယ် အလစ်သုတ်ခံရခြင်း ဖြစ်လေသည်။

ဦးဆွေဝင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် တော်ခရမ်းအုပ်စု ကျေးရွာအုပ်ချုပ်ရေး မှူးဖြစ်သည်။ အသက်(၄၄)နှစ်ရှိ ပြီး၂၀၁၇  နှစ်ကုန်ပိုင်းကမှ ကျေးရွာလူထု၏ ရွေးချယ်မှုဖြင့် အုပ်ချုပ်ရေးမှူး ဖြစ်လာသည်။ ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်မှ အုပ်ချုပ်ရေးမှူး တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ယခုမှ အုပ်ချုပ်ရေးမှူးတာဝန်သက်တမ်း လေးလအတွင်းသာ ရှိသေးသည်။ သို့သော် ဦးဆွေဝင်း သည် လူလတ်ပိုင်းအရွယ်လည်း ဖြစ်ပြန် ရပ်ရွာလူထုက ယုံကြည် ၍ ရွေးချယ်တာဝန်ပေးထားသူ လည်း ဖြစ်ပြန်ဆိုတော့ သူ့ပခုံးပေါ်ရောက်လာသည့် ကျေးရွာတာဝန်များကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိ သမျှ ထမ်းဆောင်သည်။ အပြောအဆို မခံရအောင် ကြိုးစားသည်။ သူတင်လား။ မဟုတ်သေး။ ယခုဇာတ်လမ်း၏ အဓိက ဇာတ်ဆောင်ဖြစ်လာမည့် သူ၏လက်စွဲတော် ထိုင်းနိုင်ငံထုတ် ဟွန်ဒါ WAVE100 အမျိုးအစား ဆိုင်ကယ်လေး လည်း သူနှင့်အတူ ရပ်ရွာတာဝန် ထမ်းဆောင်ရသည်။

ဦးဆွေဝင်းတို့ တော်ခရမ်းအုပ်စုတွင် ပန်းတော၊ တော်ခရမ်း၊ အညာစု၊ ပြည်တော်အေး၊ ပန်းဆွဲ၊ဆင်အိုင် ကျေးရွာခြောက်ရွာပါဝင်ပြီး တစ်ရွာနှင့်တစ်ရွာ တစ်မိုင် ကျော် နှစ်မိုင်ခန့်ဝေးသည်။ တော်ခရမ်းအုပ်စုဝင် ကျေးရွာများက တိုက်ကြီးမြို့မှ ဥက္ကံ-ပြည်လမ်း အတိုင်းလာ၊ အဖျောက်-ဥတိုလမ်းရောက်လျှင် ၁၂ မိုင်ခန့် ၀င်လျှင် ရောက်သည်။ တော်ခရမ်းကတော့ လမ်းဘေးတင်ရှိပြီး အခြားရွာတွေက အတွင်းထဲ နှစ်မိုင်ခန့် ၀င်ရသေးသည်။ လမ်းရယ်လို့ မည်မည်ရရမရှိ။ မိုးအခါဆို အတော်ဆိုးသည်။ ယခုမှ ရပ်ရွာလူ ထုတွေ စုပေါင်းအားဖြင့် ပြင်တုန်း ဆင်တုန်း ဖြစ်သည်။

 တော်ခရမ်းအုပ်စုကျေးရွာဝင်တွေ တိုက်ကြီးဘက်သွားမည် ဆိုလျှင် အဖျောက်ကားများဖြင့် လိုက်၍ရသည်။ သို့သော် ကားကအထွက်ကျဲသည်။ ထို့ကြောင့် လမ်းပန်းဆယ်သွယ်ရေး အဆင်မပြေ သဖြင့် သူတို့နယ်ကလူများ ဆိုင်ကယ်ကိုသာ အားကိုးရသည်။ သူတို့ရွာနှင့် တိုက်ကြီးမြို့ပေါ် ဆိုင်ကယ်ဖြင့် တစ်နာရီခန့် မောင်းရသည်။ ဦးဆွေဝင်းသည် အများနည်းတူ ဆိုင်ကယ်ကို အားထားနေရသူ တစ်ဦးဖြစ်သည်။ ဦးဆွေဝင်းတွင် ၂၀၁၅  ဆယ်လပိုင်းက ၀ယ်ထားသည့် တစ်ပတ်ရစ် ထိုင်းဘီးလေးတစ်စီးရှိသည်။ တစ်ပတ်ရစ်ကို ရှစ်သိန်းကျော်၊ ကိုးသိန်းခန့်ကျသည်။ ဦးဆွေဝင်းက အုပ်ချုပ်ရေးမှူးမဖြစ်မီ တောင်သူလုပ်သဖြင့် စပါးပေါ်ချိန် ငွေကလေးရွှင်တုန်း သူ့ရှိသည့် တရုတ်ဘီးလေး ရောင်းထုတ်ကာ ထိုင်းဘီးလေး ၀ယ်ခဲ့ သည်။

အုပ်ချုပ်ရေးမှူး ဖြစ်တော့ လည်း သူ့လက်စွဲတော် ဟွန်ဒါဘီး လေးက စီးတော်မြင်းလေးသဖွယ် သူနှင့်အတူ တောက်လျှောက်ရှိခဲ့သည်။ သူတာဝန်ယူရသည့် ရွာတွေက အနည်းငယ်လှမ်းတာ ကြောင့် ဆိုင်ကယ်လေးဖြင့် သွားလာရသည်။ ညဥ့်နက်သန်းခေါင်လူရိုက်လို့၊ ဆိုင်ကယ်တိုက်မှုဖြစ် လို့ စသည့်အရေးပေါ် ကိစ္စရပ်များ တွင် သူ့ဆိုင်ကယ်လေးဖြင့်သာ အ ပြေးအလွှား သွားရ၊ ကူရသည်။ ပြီးတော့ သူတို့ အုပ်ချုပ်ရေးမှူး တွေက တစ်လ နှစ်ကြိမ်ခန့် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးတွင် အစည်းအဝေးသွားတက်ရသည်။

ဦးဆွေဝင်းက ထိုင်းဘီးလေး ကို သူ့ချွေးနှဲစာဖြင့် ၀ယ်ထားရသောကြောင့်  သေသေသပ်သပ် ထားသည်။ မကြာခဏ ရေဆေးသည်။ Kit တိုက်သည်။ ဆိုင်ကယ်တစ်ခုခုဖြစ်လျှင် ပေမစီး။ ၀ပ်ရှော့ မှာ ချက်ချင်းသွားပြုပြင်သည်။ သို့သော် သူ့ထိုင်းဘီးလေးက အတော်လေးတော့ သန္ဓေကောင်းသည်။ သူ့လက်ထဲ ၂ နှစ်ခွဲခန့်ရှိပြီဖြစ်သော်လည်း အင်ဂျင်မကိုင်ရသေး။ ချိန်းစပေါ့ကပ်သာ တစ်ခါပဲလဲရသေးသည်။ စီး၍လည်း အတော်ကောင်းသည်။ ထို့ကြောင့်ဦးဆွေဝင်းက သူ့ဆိုင်ကယ်လေးကို အတော်လေးဂရုစိုက်သည်။ သွားပြီလာပြီဆိုလျှင် ပျောက်မည်စိုး၍ မြင်သာသည့်နေရာတွင် ရပ်သည်။ မမြင်ရနိုင်ဘူးဆိုလျှင် ယာဉ်အပ်ခံသည့် နေရာတွင် သေချာသွားအပ်သည်။ အိမ်မှာဆိုလျှင်လည်း သွားစရာမရှိသေးလျှင် နေ၀င်သည်နှင့် အိမ်ထဲသွင်းထား သည်။ ထိုသို့နေလာခဲ့စဉ် တစ်ရက် ဦးဆွေဝင်းနှင့် သူ့ဆိုင်ကယ်လေးရေစက်ကုန်ဖို့ ဖြစ်လာသည်။ ထိုနေ့က ၂၀၁၈ ဧပြီ ၃၀ ရက် တနင်္လာနေ့။


ဦးဆွေဝင်းက ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားများ ပြသနေစဉ် (ဓာတ်ပုံ - ညီညီဇော်)

ထိုနေ့က အစည်းအဝေးရှိ သဖြင့် ဦးဆွေဝင်း သူ့ဆိုင်ကယ်လေးဖြင့် တိုက်ကြီးမြို့ပေါ်တက် သည်။ နံနက် ၉ နာရီခန့် ထွက်ခဲ့ပြီး ၁၀ နာရီခန့် တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ရောက်သည်။ ဆိုင်ကယ်ကို အစည်းအဝေးခန်းမအနီးထိ မောင်းဝင်လာခဲ့ပြီး အများနည်းတူ စီတန်းရပ်ထားသည့် ဆိုင်ကယ်များကြားထဲ လွတ်သည့်နေရာ အတွင်းထဲထိ ထိုးခဲ့သည်။ ဇက်သော့တော့မခတ်ခဲ့။ ဇက်သော့ ဘာကြောင့် မခတ်သလဲဆိုတော့ အကယ်၍ အရေးကြီးပုဂ္ဂိုလ်များလာ၍သော်လည်းကောင်း၊ အခြားအကြောင်း အမျိုးမျိုးကြောင့် ခန်းမအနီးရပ်ထားသည့် ဆိုင်ကယ်များ ရွှေ့ရမည်ဆိုလျှင် ရွှေ့၍လွယ်အောင်ဖြစ်သည်။ သူတင်မက အခြားဆိုင်ကယ်များလည်း သည်အတိုင်းရပ်ထားလေ့ရှိသည်။ တိုက်ကြီးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး၉၅ ဦးရှိပြီး စာရေးများပါ အစည်းအဝေးလာတက်ရသဖြင့် ဆိုင်ကယ်များက ရာချီသည်။ တစ်ကြိမ်မျှလည်း မပျောက်ဖူး။ ပြီးတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၀င်းအတွင်းဖြစ်နေ၍ လုံခြုံရေးအ တွက်လည်း မစဉ်းစားမိ။ ဘေးတွင်လည်း ရဲစခန်းက ကပ်လျက်ဆို တော့ စိတ်ချလက်ချထားခဲ့သည်။ ခန်းမထဲရောက်တော့ သူထိုင်သည့်နေရာက ဆိုင်ကယ်ကို လှမ်းမမြင်နိုင်။

အစည်းအဝေးက နှစ်နာရီခန့် ကြာသည်။ လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ ပြောတာတွေ နားထောင်ရသည်။ အစည်းအဝေး ပြီးတော့ နေ့ခင်း ၁၂ နာရီခန့်ရှိပြီ။ ဗိုက်လည်းဆာပြီဖြစ်၍ ဆိုင်ကယ်ရပ်နားရာဆီ ပြန်ထွက်တော့ သူ့စီးတော်ယာဉ် ဆိုင်ကယ်လေး ရပ်ထားသည့်နေရာတွင် မရှိတော့။ နေရာများရွှေ့ထားသလား ရှာကြည့်သည်။ မတွေ့။  ဦးဆွေဝင်းပူထူသွားသည်။ အခြားအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရုံးဝင်းထဲ ပတ်ရှာသည်။ မတွေ့ပြန်။ ဆိုင်ကယ်များ မှားစီးသွားသလား ဆိုင်ကယ်တွေ ကုန်အောင်စောင့်သည်။ သို့သော် ဘယ်သူမှ မှားစီးမသွား၊ လာသည့် လူနှင့် ဆိုင်ကယ်အရေအတွက် ကွက်တိ။ သေချာပြီ။ ဦးဆွေဝင်း ဆိုင်ကယ် အခိုးခံရပါလေပြီ။ ဦးဆွေဝင်း ဆိုင်ကယ်ပျောက်ဆုံးကြောင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဒုဦးစီးမှူးထံ သတင်းပို့သည်။ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားဖို့ပြောတာနှင့် ဘေးကပ်လျက်က ရဲစခန်းထဲဝင်ပြီး တိုင်ရသည်။ ရဲစခန်းက ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း အုံနာဘုတ်တို့ ဘာတို့တောင်း၍ ရွာကို လှမ်းမှာရသည်။ ရဲစခန်းက အမှုဖွင့်ပေးသည်။ အမှုဖွင့်ပေးသော်လည်း ဦးဆွေဝင်းတစ်ယောက် မကျေနပ်သေး။ ဘယ်နေရာများ ငါ့ဆိုင်ကယ် ဖြုတ်နေမလဲ၊ တွန်းများသွားနေမလဲ မြို့ထဲပတ်ကာ လိုက်ရှာကြည့်သည်။ သို့သော် သူ့စီးတော်ယာဉ်ဆိုင်ကယ်လေး အစအနပင် ရှာမရတော့။ ပျောက်ခြင်းမလှ ပျောက်ခဲ့လေပြီ။

ဆိုင်ကယ်ပျောက်ပြီး သုံးလေးရက်ခန့်အထိ ဦးဆွေဝင်း ထမင်းစားလို့မရ။ ညဘက်ဆိုလည်း သည်ဆိုင်ကယ်အကြောင်း ပဲ တွေးသည်။ ဦးဆွေဝင်း အတော်လေး ခံရခက်နေသည်။ သူကိုယ်တိုင်က အရက်ဆိုင်တို့၊ ကေတီဗီတို့သွားလို့ ပေါ့ဆပြီး ပျောက်တယ်ဆိုခံသာပါသေးသည်။ ယခုဟာက တာဝန်ချိန်ကြီး။ ပြီးတော့ ပျောက်သည့်နေရာက တကယ့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းကြီးထဲ။ ဘေးတွင်လည်း ရဲစခန်းက ကပ်လျက်။ ပျောက်သည့်ဆိုင် ကယ်က အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူတစ်ဦး၏ ဆိုင်ကယ်။ တွေးမိတိုင်း ဒေါသတွေ အလိပ်လိုက်ထွက်သည်။ နားရွက်တံတွေး ဆွတ်သလို ခံစားရသည်။ တောင်သူလုပ်ငန်း ချွေးနှဲစာဖြင့် ၀ယ် ထားသည့် သည်ဆိုင်ကယ်လေး ကိုမှ လုပ်ရက်လေခြင်းဟု စုတ်တသပ်သပ် ဖြစ်ရသည်။ သို့သော် သူကိုယ်သူ သည်လိုဖြေသည်။ ‘‘ငါညံ့လို့ ခံရတာမဟုတ်ဘူး’’ဟု။တကယ့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ယခုလိုအဖြစ်မျိုး ကြုံရတော့ အခြားနေရာမျိုးဆို မတွေးဝံ့တော့။ တရားဥပဒေစိုးမိုးရေးအပေါ် သူ စိတ်ပျက်ရ သည်။

ဆိုင်ကယ်မရှိတော့ သွားဖို့လာဖို့ အတော်လေး ဒုက္ခရောက် သည်။ သူ့ကျေးရွာအုပ်စုထဲက ရာအိမ်မှူးတွေကတော့ လိုလျှင် သူတို့ဆိုင်ကယ် ယူစီးဖို့ပြောသည်။ သို့သော် သူတို့တွင်လည်း သူတို့ တာဝန်နှင့် ဆိုင်ကယ်သုံးနေရတာ၊ အဆင်မပြေ။ ခင်မင်ရင်းနှီးနေ သည့် အုပ်ချုပ်ရေးမှူးများက သူတို့တတ်နိုင်သလောက် ကူညီပါမည်ဟု ပြောဆိုအားပေးသည်။ ယခုအချိန်ထိ ဆိုင်ကယ်ပြန်မ၀ယ် နိုင်သေး။ အကယ်၍ ၀ယ်မည်ဆိုလျှင် ထိုင်းဘီးကိုသာ ပြန်ဝယ်မည်ဟု သူတေးထားသည်။ ထိုထိုင်းဘီးဖြင့် ရပ်ရွာအလုပ်များ လုပ်ဦးမည်ဖြစ်သည်။ သို့သော် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ အစည်းအဝေး သွားတက်သည့်အခါ သူ့ဆိုင်ကယ်ကို ယခင်ကဲ့သို့ ခန်းမနှင့်ခပ်လှမ်းလှမ်း၌ ထားတော့မည်မဟုတ်။ ခန်းမနှင့် အနီးဆုံးအပေါက်ဝအထိ သွားထိုးရပ်မည်ဟု သူ စဉ်းစားထားသည်။ ဦးဆွေဝင်း ပျဉ်ဖိုးနားလည်သွားပြီဖြစ်လေသည်။      ။

Top News