စေတနာပက်ဖျန်း၍ လန်းစေသူ

လူနာများအား လိုက်လံစမ်းသပ်ပေးနေသော အောင်လံဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်ကို တွေ့ရစဉ် (ဓာတ်ပုံ - လင်းသက်နိုင်)

မျက်နှာကြက်တွင် တပ်ဆင်ထားသော ပန်ကာတို့သည် တ၀ှီးဝှီး မြည်ကာလည်နေသော် လည်း ပေ ၂၀၀ ရှည်သော အဆောင်အတွင်း အပူခိုးငွေ့များ ပျံ့လွင့်နေသည်။ အဆောင်ထဲရှိ ခုတင်များတွင် ပက်လက်အိပ်ကာ လက်တွင် ဆေးထိုးပိုက်တန်းလန်းနှင့် လူအချို့ရှိနေသလို၊ ဘေးတစောင်းလှဲအိပ်နေသူများ ရှိနေ သည်။ ခုတင်နံဘေးတွင် မတ်တတ်ရပ်နေသူအချို့က ယပ်တောင်ကိုယ်စီခတ်ကာ အပူဒဏ်ကို အန်တုနေသည်။ ခုတင်ဘေးရပ်နေသူတို့သည် သာမန်ခပ်လတ်လတ်အ၀တ်အစားများသာ ၀တ်ဆင်ထားပြီး တောသူတောင်သားများဖြစ်ပုံရသည်။ တစ်ဆောင်လုံးတွင်ကား တိတ်ဆိတ်နေ၏။

 ထိုအချိန်တွင် လူတစ်ယောက် သွားရရုံမျှသာရှိသည့် ခုတင်တန်းများအကြားတွင် ဂျူတီကုတ်အဖြူရောင် ၀တ်ဆင်ထားသည့် အသားဖြူဖြူ အရပ်ပုပု ပိန်ပိန်ပါးပါးနှင့် ဆရာဝန်တစ်ယောက်ဦးဆောင်လာသည့် အဖွဲ့ထံသို့ တစ်ဆောင်လုံးရှိ လူများ၏ မျက်လုံးများ ရောက်ရှိသွားသည်။

ဆရာဝန်နှင့်အဖွဲ့ကို ကြည့် သည့် ၎င်းတို့၏ မျက်ဝန်းများသည် ယုံကြည်အားကိုးမှု၊ လေးစားမှုတို့ ဖြင့် လင်းလက်နေသည်။

ဂျူတီကုတ်အဖြူရောင်ဝတ် ဆင်ထားသည့် ဆရာဝန်က သူ၏ လက်တွင်ကိုင်ထားသည့် နားကြပ် ကလေးဖြင့် ခုတင်ပေါ်တွင် လှဲနေ သော လူနာကို နေရာအနှံ့စမ်းသပ် ကြည့်သည်။ ထိုသို့စမ်းသပ်ကြည့်နေရင်း လူနာကို မေးခွန်းအချို့ မေးသည်။ ပက်လက်လှဲနေသော လူနာထံမှ ပြန်ဖြေသံကို ခေါင်းကလေးငုံ့ကာ နားထောင်ပြီး ခေါင်းကို တစ်ချက်တစ်ချက်ညိတ်ပြသည်။

ထို့နောက် နံဘေးတွင် ချထားသည့် မှတ်တမ်းစာအုပ်ကို ယူ ကြည့်ကာ နောက်မှပါလာသည့် အနီရောင်ဝတ်ဆရာမကို စကား အချို့ပြောသည်။ ရေးမှတ်နေ သည်ကို စိတ်မချသည့် အလား တစ်ချက်တစ်ချက် စောင်းငဲ့ကာ ကြည့်သည်။

နဖူးထက်ဆီမှ တွဲလဲကျနေ သော ချွေးစက်တို့ကိုကား သူမ သုတ်အား။ တစ်ဖက်ခုတင်ဆီမှ သူ့ကိုကြည့်နေသော လူနာတစ် ဦးထံ ကူးသွားသည်။

 အောင်လံဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်က ဆေးရုံရှိ လူနာများကို လိုက်လံကြည့်ရှုနေ စဉ် လူနာများနှင့် လူနာစောင့်များ က လေးစားအားကျစွာကြည့်ရှုနေ သည့် မြင်ကွင်းမျိုးက အောင်လံမြို့သူ၊ မြို့သားများအတွက် အဆန်းမဟုတ်တော့။ မြို့သူမြို့သားများသာမက အနီးအနားမြို့နယ်များမှ လူနာများပါ အောင်လံ ဆေးရုံသို့ လာရောက်ကုသရသည့် အကြောင်းရင်းများတွင် ဒေါက် တာမျိုးလွင်က ထိပ်ဆုံးကပါသည်။

လူနာများကို စိတ်ရှည်စွာ ကြည့်ရှုပေးခြင်း၊ လူနာရှင်များသိ လိုသည်ကို စိတ်ရှည်လက်ရှည်ဖြေ ကြားခြင်းနှင့် နွမ်းပါးလူနာများအား တတ်နိုင်သရွေ့ ပြန်လည်ထောက် ပံ့ပေးခြင်းစသည်တို့သည် ဒေါက်တာမျိုးလွင်၏ ထူးခြားချက်များ ဖြစ်သည်။

‘‘ဆရာကြီးက လူနာကြည့်ရင်အရမ်းစေတနာပါတယ်။ အကြာ ကြီးကြည့်သလို အားပေးစကား လည်း ပြောတယ်။ ဆရာကြီးကို မြင်ရရင်ပဲ သူ့အပြုံးကြောင့် ရောဂါတစ်ဝက် သက်သာရတယ်’’ဟု အသည်းရောင်ရောဂါဖြင့် အောင်လံဆေးရုံကြီးသို့ တက်ရောက်ကုသနေသူ ကိုအောင်ဇော်မင်းက ဆေးရုံအုပ်ကြီးအကြောင်း ပြော သည်။

ထို့ကြောင့် အောင်လံခုတင် ၅၀ ဆေးရုံကြီးသို့ အနီးအနားမြို့နယ်များဖြစ်သည့် ဆင်ပေါင်ဝဲ၊ ကံမ၊ မင်းလှတို့အပြင် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးရှိရာ သရက်မြို့မှ လူနာအချို့ လာရောက်ကု သသည်။

 အောင်လံဆေးရုံကြီးတွင် တက်ရောက်ကုသသူ အလွန်များပြားလာခြင်းသည် ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်ကြောင့်ဟု လူနာရှင်များနှင့် ဒေသခံများက တညီတညွတ်တည်းဆိုသည်။

လူနာများအပေါ် စေတနာ ထား၍ ဂရုတစိုက်ကုသမှုကြောင့် ဂုဏ်သတင်းမွှေးသော ဒေါက်တာ မျိုးလွင်သည် နတ်မောက်မြို့သား တစ်ဦးဖြစ်သည်။ အသက် (၄၅)နှစ်အရွယ် အသားဖြူဖြူ၊ ပိန်ပိန်ပါးပါးနှင့် အပြုံးကို အမြဲဆင်မြန်း ထားလေ့ရှိသည်။ ၎င်းသည် အောင်လံဆေးရုံသို့ ၂၀၁၅ ဇွန်လတွင် စတင်ပြောင်းရွှေ့လာသည်။


လူနာများအား လိုက်လံစမ်းသပ်ပေးနေသော ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင် (ဓာတ်ပုံ - လင်းသက်နိုင်)

အောင်လံခုတင် ၅၀ ဆေးရုံ ကြီးသို့ ၂၀၁၃ က တစ်နေ့လျှင် လူနာ ၂၀ ခန့်သာ တက်ရောက်ကုသခဲ့ရာမှ ဒေါက်တာမျိုးလွင်ရောက်လာပြီး ၂၀၁၅ နောက်ပိုင်းနေ့စဉ်ဆေးရုံတက်ရောက်ကုသသူ ၁၀၀ ကျော် ဖြစ်လာသည်။

 အောင်လံပြည်သူ့ဆေးရုံ ကြီး မှတ်တမ်းများအရ ၂၀၁၅ တွင် လူနာ ၅,၀၀၀ ခန့်သာ ဆေးကုသမှုခံယူခဲ့ရာမှ ၂၀၁၆ တွင် ၉,၁၄၁ ဦးနှင့် ၂၀၁၇ တွင် ၉,၃၅၈ ဦးအထိရှိလာသည်။

ကလေးခွဲစိတ် မွေးဖွားမှုသည်လည်း ၂၀၁၄ တွင် သုံးဦးသာ ဆေးရုံတွင် ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ ရာမှ ၂၀၁၅ တွင် ၂၁၇ ဦး၊ ၂၀၁၆ တွင် ၆၅၁ ဦးနှင့် ၂၀၁၇ တွင် ၈၆၄ ဦးရှိခဲ့သည်။

 အောင်လံဆေးရုံသို့ ဒေါက်တာမျိုးလွင် ရောက်ရှိလာပြီးနောက်ပိုင်း ဆေးလာကုသူ များပြားသည့်အပြင် လူနာဆောင် များ၊ နားနေဆောင်များ၊ ရေကန်၊ ရေလောင်းအိမ်သာများစွာ တည် ဆောက်လှူဒါန်းသည့် အလှူရှင် များ ပေါ်ပေါက်လာကြောင်း အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောသည်။

လူနာများပြားသဖြင့် ဆေးဝါးပြတ်လပ်မှုများရှိခဲ့ပြီး ယင်းအခက်အခဲအတွက် ဆေးဝါးအလှူရှင်များစွာ ထွက်ပေါ်ခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ဒေါက်တာမျိုးလွင် မပြောင်းရွှေ့စေရေး ၂၀၁၇ အောက်တိုဘာ ၂၄ ရက်တွင် အောင်လံဒေသခံများက စုပေါင်းလက်မှတ်ရေးထိုးကာ ပြည်ထောင်စုဝန်ကြီးထံ အသနားခံစာတင်ခဲ့ သည်။

‘‘စေတနာကောင်းတဲ့ ဆရာ ကြီးကြောင့် အောင်လံသားတွေ ကျန်းမာရေးကိစ္စမှာ တော်တော် လေးကို အဆင်ပြေကြရတယ် လေ။ ဒါ့ကြောင့် ဆရာကြီးကို မပြောင်းရွှေ့စေချင်လို့ အသနားခံ စာတင်ကြတာပါ’’ဟု လက်မှတ်ရေးထိုးတင်ပြခဲ့သူ ဦးသန်းထွန်းဦးကပြောသည်။

ဒေါက်တာမျိုးလွင်၏ တက် လမ်းကို ပိတ်ပင်လိုသည့်စိတ်ဖြင့် လက်မှတ်ရေးထိုးတောင်းဆိုခြင်း မဟုတ်ဘဲ အောင်လံဆေးရုံကြီး ကို အဆင့်မြှင့်ပေးစေလိုခြင်းနှင့် စေတနာရှင်ဆရာကြီးအား နိုင်ငံ တော်က အသိအမှတ်ပြုစေလို သော စိတ်ဖြင့် အသနားခံစာတင် ပြရကြောင်း လက်မှတ်ရေးထိုးခဲ့ သူတစ်ဦးကဆိုသည်။

ဒေါက်တာမျိုးလွင်သည် ကုသမှု ကောင်းသတင်းသာမက မြို့နယ်ကျန်းမာရေးဦးစီးမှူး တာ ၀န်ပါ ပူးတွဲယူထားသူဖြစ်သဖြင့် ကျေးရွာများသို့ ကျန်းမာရေးကွင်း ဆင်းစောင့်ရှောက်မှု ပေးရာတွင် လမ်းပန်းခက်ခဲသော နေရာများအထိ ကွင်းဆင်းကုသပေးသည်။

‘‘ကျွန်တော်တို့ရွာဆို ရိုးမအခြေကပ်နေပြီ။ ပွင့်လင်းရာသီ တောင် လမ်းမပေါက်တဲ့ရွာပါ။ ဒါ ကို ဆရာကြီးက ရောက်အောင် လာပြီး ကုသပေးတာ၊ မြို့နယ် ဆရာဝန်ကြီးရွာကိုလာတာ ကျွန် တော့်တစ်သက် ဒီဆရာကြီးတစ် ယောက်ပဲ တွေ့ဖူးသေးတယ်’’ဟု အောင်လံမြို့နယ် နီပဒေါင်ခုတ် ချောင်းကျေးရွာနေ အသက် (၆၀) အရွယ် ရပ်မိရပ်ဖတစ်ဦးက ပြော သည်။

ထို့ကြောင့် ၂၀၁၇ အတွင်း မကွေးတိုင်းမြို့နယ်များတွင် အ ကောင်းဆုံး ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုဆုကို အောင်လံမြို့နယ် ကျန်းမာရေး ဌာနက ရရှိခဲ့သည်။

 အောင်လံဆေးရုံကြီးတွင် လက်ရှိဆေးရုံအုပ်ကြီးအပါအ၀င် ဆရာဝန်သုံးဦးနှင့် သူနာပြု၊ စုစု ပေါင်း ၁၈ ဦးသာရှိပြီး မြို့နယ်အ ဆင့်ဖွဲ့စည်းပုံ၏ ၇၀ ရာခိုင်နှုန်းသာ ရှိကြောင်း ၀န်ထမ်းတစ်ဦးက ဆို သည်။

များပြားသော လူနာများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခွဲ စိတ်လူနာများအတွက် ဆရာဝန် နှင့် သူနာပြုများသည် နားရက်မရှိ အလှည့်ကျဖြင့် လုပ်ကိုင်နေသည်။ ‘‘တစ်ခါတလေတော့ လူနာတွေနဲ့ စိတ်အခန့်မသင့်တာမျိုး ဖြစ်တာရှိပါတယ်။ တီအမ်အို (ဒေါက်တာ မျိုးလွင်)က ကောင်းတယ်လေ။ ဆရာနဲ့ တာဝန်ထမ်းဆောင်ရတာအတွေ့အကြုံတွေအများကြီးရပါတယ်’’ဟု အောင်လံဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း ဆေးရုံအုပ်ကြီးအပေါ် မှတ်ချက်ပြုသည်။

ဆေးရုံအုပ်ကြီးသည် လူနာ များအပေါ် စေတနာထားရုံမက မြို့နယ်ကျန်းမာရေးဝန်ထမ်းများ နှင့် မိသားစုများအား နှစ်စဉ်ဘုရားဖူးပို့ဆောင်ပေးကြောင်း အဆိုပါဝန်ထမ်းက ပြောပြသည်။

ဆေးရုံအုပ်ကြီးသည် အောင် လံမြို့နယ်သို့ မြို့နယ်ကျန်းမာရေး ဦးစီးမှူးအဖြစ် ရောက်ရှိလာမှ နာမည်ကြီးလာသူ မဟုတ်ပေ။ ဆရာဝန်ဖြစ်စ ကျန်းမာရေးဌာန တွင် စတင်တာဝန်ထမ်းဆောင်စဉ် ကတည်းက တာဝန်ကျရာ အရပ်ဒေသတိုင်း၌ နာမည်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့သူဖြစ်သည်။

 တိုက်နယ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မြို့ သစ်မြို့နယ် ၀ါးကြီးအိုင်ကျေးရွာ နှင့် ကချင်ပြည်နယ် ဖားကန့်မြို့ နယ်လုံးခင်းကျေးရွာတို့ကလည်း ဒေါက်တာမျိုးလွင်ကို အမှတ်တရရှိနေဆဲဖြစ်သည်။

ဝါးကြီးအိုင်တိုက်နယ်ဆေး ရုံတွင် ခွဲစိတ်ခန်းကလေးတစ်ခု ပထမဆုံးဖြစ်မြောက်လာအောင် စွမ်းဆောင်ခဲ့သူသည် ဒေါက်တာ မျိုးလွင်ဖြစ်ပြီး လျှပ်စစ်မီးမရှိသည့် ကြားမှ အင်ဂျင်မီးသီးကလေးကို လက်ဖြင့်ကိုင်ကာ ခွဲစိတ်ကုသပေး ခဲ့သော စေတနာဆရာဝန်တစ်ဦးဖြစ်ကြောင်း ၀ါးကြီးအိုင်ကျေးရွာဒေသခံများကဆိုသည်။

‘‘ဆရာက လုံးခင်းမှာ ကျတုန်းက ပရဟိတအသင်းလေးတွေဖြစ် လာအောင် ဦးဆောင်ပေးခဲ့သူ ပဲ။ ကုသမှုသာမက ဆက်ဆံရေး ကောင်းလွန်းလို့ ဆရာ့ကို ခုထိ သတိတရရှိနေဆဲပါ။ အောင်လံ သားတွေ လက်မှတ်ထိုးပြီး ဆရာ့ ကို တောင်းလို့ရစတမ်းဆိုရင် လုံး ခင်းသားတွေ တစ်နယ်လုံးလက် မှတ်ထိုးတင်ပြီး တောင်းဆိုမယ်’’ ဟု လုံးခင်းနယ်ဒေသခံ ကိုဝေလင်းက ပြောပြသည်။

လုံးခင်းဒေသ ကျောက်တူး သမားများအတွက် ကျောက် အောင်သူများ၏ မတည်ထည့်ဝင် ငွေဖြင့် ကျန်းမာရေးစောင့်ရှောက် မှုပေးသော ပရဟိတအစီအစဉ်ကို ဒေါက်တာမျိုးလွင်က ဦးဆောင် အကောင်အထည်ဖော်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ဆေးဝါးမလုံလောက်မှုကြားမှ လူနာများအား ဂရုတစိုက်ကုသပေး ခဲ့မှုကိုလည်း အမှတ်တရရှိနေကြောင်း လုံးခင်းဒေသခံများက ဆိုသည်။

ထို့အပြင် မြို့နယ်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် နတ်မောက်မြို့နှင့် ကြို့ပင်ကောက်မြို့ ဒေသခံများကလည်း ဒေါက်တာမျိုးလွင်အား ချီးကျူးစကားဆိုသည်။

‘‘ဆရာက ကုသတဲ့အပိုင်းမှာ စေတနာအရမ်းပါသလို ၀န်ထမ်း တွေအပေါ်လည်း ကောင်းတယ်။ အလုပ်အရမ်းလုပ်နိုင်တဲ့ ဆရာပါ’’ ဟု ကြို့ပင်ကောက်မြို့ ပြည်သူ့ ဆေးရုံကြီးမှ သူနာပြုဆရာမတစ်ဦးက မှတ်ချက်ပြုသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဧပြီလအောင်လံဆေးရုံကြီး တိုးချဲ့ဆောင်များ ဆောက်လုပ်နေမှုကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို လာရောက်ကြည့်ရှုစဉ် ‘‘ဆရာ့ရဲ့ ကောင်းသတင်းတွေကြားပါတယ်။ ဆရာ့ကြိုးစားမှုကို လေးစားပါတယ်ဆရာ။ ၀မ်းသာပါတယ်’’ဟု ချီးကျူးခဲ့သည်။

ဆေးရုံအုပ်ကြီးနှင့်ပတ်သက် ၍ ဒေသခံများ သတိတရပြောဆို သည့်အရာတစ်ခုမှာ ဒေသခံများ အပေါ် အလေးထားမှုဖြစ်သည်။ ၂၀၁၇ ဇူလိုင်က အောင်လံဆေးရုံကြီး၏ ရေလောင်းအိမ်သာ၊ မိလ္လာကန်များကို စုပ်ထုတ်ရာတွင် ဆေးရုံပတ်ဝန်းကျင်နေထိုင်သူများ အနံ့အသက်ဆိုးများကြောင့် စိတ်ဒုက္ခရောက်ရှိရမှုအတွက် ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်က စာရေးသားပေးပို့တောင်းပန်ခဲ့သည်။

‘‘တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ ဌာနဆိုင်ရာတွေက တောင်းပန်စာဆိုတာရဖူးပါတယ်။ ဘာပဲပြောပြော ကျေနပ်သလို ပီတိဖြစ်မိတာအမှန်ပဲ။ ပတ်ဝန်းကျင် ကို လေးစားစိတ်ရှိတဲ့ ဆရာကြီးကို လည်း လေးစားမိတယ်။ ကုသမှု ကောင်းမွန်ရုံတင်မကဘဲ စိတ်နေ စိတ်ထား အလွန်ကောင်းမွန်မှုကို လေးစားမိတယ်’’ဟု ဆေးရုံကြီးအ နီး နေထိုင်သူ ကိုချိုက သူ၏ခံစားချက်ကို ပြောပြသည်။

အနံ့အသက် ဆိုးရွားမှုဒဏ် ကို သုံးရက်ခန့်ခံခဲ့ရသော်လည်း ဆရာကြီး၏ မေတ္တာရပ်ခံမှုကြောင့် စိတ်ခံစားချက်မရှိဘဲ အေးချမ်း စွာဖြတ်ကျော်နိုင်ခဲ့သည်ဟု ဆေးရုံကြီးအနီး ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးကဆိုသည်။

ဒေါက်တာ မျိုးလွင်ကမူ လူနာတစ်ဦး သူ့ထံလာလျှင် အားကိုး၍ လာသည်ဟု မှတ်ယူကာ တတ်စွမ်းသရွေ့ကြိုးစားကုသပေးကြောင်း ပြောသည်။

‘‘အခြေအနေစိုးရိမ်ရတဲ့ လူနာဆိုရင်လည်း မိသားစုကို အတတ်နိုင်ဆုံး သဘောပေါက် အောင်ပြောပြပြီး အခြေအနေကို ဆုံးဖြတ်ခိုင်းတယ်’’ဟု ၎င်းက ဆို သည်။

ထို့ပြင် ရောက်ရာနေရာဒေသတိုင်းတွင် နာမည်ကောင်းတစ်ခု ပိုင်ဆိုင်ခြင်းသည် ၀န်ထမ်းများနှင့် ဒေသခံပရဟိတသမားများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ဖြစ်ကြောင်း ဒေါက်တာမျိုးလွင်က ပြောသည်။

‘‘ဆပ်ပြာကောင်းလို့ ခေါင်း ပေါင်းဖြူတယ်ဆိုတဲ့ စကားပုံလိုပါ ပဲဗျာ။ ၀န်ထမ်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့်လည်း ဒီ လောက်အတိုင်းအတာအောင်မြင် တာပါ။ ဒီလိုပဲ နယ်ခံမြို့မိမြို့ဖတွေပရဟိတသမားတွေကလည်း ပူး ပေါင်းဆောင်ရွက်တော့ ပိုအဆင် ပြေအောင်မြင်တဲ့သဘောပါပဲ’’ဟု ဒေါက်တာမျိုးလွင်က ဆိုလေ သည်။

Top News