အိန္ဒိယတွင် ကျောင်းကားကို ရထားတိုက်မှုကြောင့် ကလေး ၁၃ ဦးထက်မနည်း သေဆုံး

အိန္ဒိယတွင် ကျောင်းကားတစ်စီးကို ရထားတိုက်မှုကြောင့် ကျောင်းသူကျောင်းသား ကလေးငယ် ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယ မြောက်ပိုင်းရှိ ယူတာပရာဒက်ရှ် ပြည်နယ်တွင် စာသင်ကျောင်းသို့ သွားနေသော ကျောင်းကားသည် ရထားလမ်းကူး နေရာကို ဖြတ်သန်းစဉ် အရှိန်ဖြင့် ခုတ်မောင်းလာသော ရထားက ဝင်တိုက်သွားခြင်း ဖြစ်သည်။ ဧပြီ ၂၆ ရက်က အခင်းဖြစ်ပွားချိန်တွင် အဆိုပါ နေရာ၌ ရထားလမ်းဖြတ်ကို စောင့်ကြည့်သည့် ဝန်ထမ်း ရှိမနေချေ။

ကနဦး သတင်းများအရ ကလေး ၁၃ ဦး အနည်းဆုံး သေဆုံးပြီး ၅ ဦးမှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရထားကြောင်း သိရသည်။ ရထားတိုက်မိသည့် အရှိန်မှာ ပြင်းထန်လွန်းပြီး ကျောင်းကားသည် မီတာပေါင်း အတော်များများထိ လွင့်စင်သွားခဲ့သည်။ ထိုဖြစ်ရပ်တွင် ကလေး ၁၀ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဟု ဒေသခံ အုပ်ချုပ်ရေး အရာရှိ အာကီလက်ရှ် ကူမာဆင်းက AFPသို့ ပြောကြားခဲ့သည်။ ကားပေါ်တွင် ပါလာသည့် ကလေးအားလုံးသည် အသက် ၁၀ နှစ်အောက် အရွယ်သာ ရှိကြသေးသည်။

“ကလေး ၃ ယောက်ကတော့ အခြေအနေ ကောင်းပါတယ်။ ၅ ယောက်ကတော့ ဆေးရုံမှာ အသည်းအသန် ဖြစ်နေတုန်းပဲ”ဟု ၎င်းက ဖွင့်ဟခဲ့သည်။ ပြည်တွင်း သတင်းဌာနများက ဒေသခံများ အနေဖြင့် မတော်တဆမှု အပြီးတွင် ကလေးငယ်များကို အဆောတလျင် ကယ်ဆယ်နိုင်ရန် အားထုတ်နေသည့် ပုံရိပ်များကို ပြသခဲ့သည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် လမ်းပေါ်မှ မတော်တဆမှုများကြောင့် အသေအပျောက် အများဆုံး နိုင်ငံများအနက် တစ်ခုအပါအဝင်အဖြစ် ရပ်တည်နေသည်။ နှစ်စဉ် အိန္ဒိယတွင် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း တစ်သိန်းကျော် သေဆုံးလေ့ ရှိကြောင်းလည်း သိရသည်။

Ref: AFP