ချင်းပြည်နယ်တွင် အောက်ချင်းငှက်အတွေ့ရနည်းလာ၍ မြို့နယ်သုံးခု၌ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေ

ချင်းပြည်နယ်တွင် နေထိုင် ကျက်စားသော အောက်ချင်းငှက်များ ရှားပါးလာခြင်းကြောင့် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်တို့တွင် ထိန်းသိမ်းမှုများပြု လုပ်နေကြောင်း မင်းတပ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်
လွှတ်တော် ကိုယ်စားလှယ် ဦး တိတ်ထန်းက ပြောသည်။


ချင်းပြည်နယ်ရှိ တောင်ထိပ် များပေါ်တွင် ယခင်က အောက် ချင်းငှက်များအုပ်စုဖွဲ့ကျက်စား နေထိုင်သော်လည်း ယခုနောက် ပိုင်းတွင် အောက်ချင်းငှက်ကောင် ရေ သိသိသာသာလျော့နည်းလာ ရာ အုပ်စုဖွဲ့ပျံသန်းနေထိုင်ကျက် စားမှုလည်း ရှားပါးလာကြောင်း ၎င်းက ဆိုသည်။

‘‘အရင်က အောက်ချင်းငှက် တစ်အုပ်ဆို အကောင် ၂၀၊ ၃၀ ပါတယ်။ အခုဆို တစ်အုပ်စုဆို ခြောက်ကောင်လောက်ပဲတွေ့ရ တယ်။ တော်တော်ရှားသွားပြီ’’ဟု ဦးတိတ်ထန်းက ပြောသည်။

သားငှက်ထိန်းသိမ်းရေးအ ဖွဲ့က ပြီးခဲ့သည့် ၂၀၁၇ က အောက်ချင်းငှက်နှင့် ပတ်သက်ပြီး လေ့လာခဲ့ရာ အောက်ချင်းငှက်များ ယခင်ထက်ပိုမိုသိသာစွာ ရှားပါးနေကြောင်း ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောသည်။

‘‘အောက်ချင်းငှက်တွေရှား လာတာက သူတို့နေထိုင်တဲ့တော တွေ ပြုန်းကုန်တာရယ်၊ အောက် ချင်းငှက်တွေကို သတ်စားကြတာ။သူတို့အမြီးကအမွေးကို ရိုးရာပွဲ တော်တွေမှာ ခေါင်းမှာ အလှဆင် ဖို့အတွက် သတ်ကြတာကြောင့် ရှားလာတာ’’ဟု ဦးသက်ဇော်နိုင် က ပြောသည်။

ချင်းပြည်နယ်ရှိ အောက်ချင်းငှက်များနှင့် တောင်ဇလပ်ပန်းများ ကို ထိန်းသိမ်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား ထားသလို ချင်းပြည်နယ်ရေးရာ ကော်မတီကလည်း အောက်ချင်း ငှက်များနေထိုင်ကျက်စားရာ မင်း တပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များနှင့် တောင်ဇလပ်ပန်း များ ပွင့်ဖူးရာ မင်းတပ်၊ ကန်ပက် လက်မြို့တို့ကို ထိန်းသိမ်းရန် နေရာများအဖြစ် သတ်မှတ်ကာ ၂၀၁၇ နှစ်လယ်ကစ၍ ထိန်းသိမ်းဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၇ နှစ်လယ်ကစ၍ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် ရှားပါးတိရစ္ဆာန် များကို ဖမ်းဆီးသတ်ဖြတ်ခြင်းမပြု ရန် တားမြစ်ထားပြီး ဖမ်းဆီးသတ် ဖြတ်ပါက ထိရောက်စွာအရေးယူ ရန် မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများကို အကြောင်းကြားထား ကြောင်း ဦးတိတ်ထန်းက ဆို သည်။

သားငှက်ထိန်းသိမ်းရေးအ ဖွဲ့က ပြီးခဲ့သည့်နှစ်အတွင်းက ချင်းပြည်နယ်နေရာအချို့တွင် အောက်ချင်းငှက်ကို သတ်ဖြတ်ပါက ဥပဒေအရထိရောက်စွာအရေးယူမည်ဟု ဆိုင်းဘုတ်များစိုက်ထူကာ အောက်ချင်းငှက်ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်းဦးသက်ဇော်နိုင်က ပြောသည်။

‘‘အဲဒီလိုမှ ပြန်မထိန်းသိမ်း ရင် ချင်းပြည်နယ်အမှတ်သင်္ကေ တဖြစ်တဲ့ အောက်ချင်းငှက်တွေ ပျောက်ကွယ်သွားတော့မှာ’’ဟု ၎င်းက ပြောသည်။

အောက်ချင်းငှက်များသည် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များတွင်ပါဝင်ပြီး အောက်ချင်းငှက်များကို ဖမ်းဆီးသတ်ဖြတ်ပါက သယံဇာတများ စီမံအုပ်ချုပ်ထိန်းသိမ်းရေး တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ၁၉၉၄ နှင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးနည်းဥပဒေ ၂၀၁၂ ဖြင့် အရေးယူခံရမည် ဖြစ်သည်။

Top News