လှိုင်သာယာအမှိုက်ပုံမီး သုံးရက်ခန့်ဆက်လက်လောင်ကျွမ်းနိုင်

မီးခိုးနှင့်ညှော်နံ့များ မြို့နယ်နှစ်ခုသို့ပျံ့နှံ့နေပြီး ကျန်းမာရေးထိခိုက်မည်ကို ပြည်သူများစိုးရိမ်
အမှိုက်ပုံမီးလောင်ရာမှ ထွက်ပေါ်လာသော ညှော်နံကို ရန်ကုန်မြို့နေ ပြည်သူအများစု ခံစားနေရသည်(ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)

ရန်ကုန်မြို့ရှိ မြို့နယ် ခုနစ်ခုထက်မနည်းကို အညှော်နံ့ များဖြင့် ဒုက္ခပေးနေသည့်လှိုင်သာ ယာအမှိုက်ပုံမီးကို နောက်သုံး ရက်ကြာမှ ငြှိမ်းသတ်နိုင်မည်ဖြစ် ကြောင်း တာဝန်ရှိသူများကပြော ကြားထားပြီး ပြည်သူလူထုစိုးရိမ်စိတ်မြင့်တက်နေသည်။

ထိန်ပင်သုသာန်အနီးရှိ ဧက ၃၀၀ ကျယ်ဝန်းသောအမှိုက်ပုံကြီး မှာ ဧပြီ ၂၁ ရက်တွင် မီးစတင် လောင်ကျွမ်းခဲ့သည်။ အဆိုပါ အ မှိုက်ပုံကြီးမှာ ရန်ကုန်မြောက်ပိုင်း နှင့် အနောက်ပိုင်းခရိုင်မြို့နယ် များမှ စုပေါင်းအမှိုက်စွန့်ပစ်သည့် ကန်ဖြစ်ပြီး ရန်ကုန်မြို့တွင်အကြီး ဆုံးအမှိုက်ပုံကြီးဖြစ်သည်။


နေအပူရှိန်ကြောင့် အမှိုက်ပုံ အတွင်းရှိ အမှိုက်များလှိုက်စား ကာမီးစတင်လောင်ကျွမ်းခြင်းဖြစ် ပြီး အမှိုက်ပုံသုံးပုံတစ်ပုံခန့်ကို လောင်ကျွမ်းနေကြောင်း လှိုင်သာယာမြို့နယ်မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူးဦးရန်နိုင်စိုးက ပြောသည်။

ကနဦးမီးလောင်စဉ်က မီး သတ်ကားလေးစီးဖြင့် ငြှိမ်းသတ် ခဲ့သော်လည်း အမှိုက်များလေ တိုက်၍ လွင့်စဉ်ပြီးဘေးရှိအမှိုက် များကိုပါ ထပ်မံလောင်ကျွမ်းနေ သည်။ လက်ရှိတွင် ခရိုင်လေးခုမှ မီးသတ်ကား ၁၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၁၀ဦးဖြင့် မီးငြှိမ်းသတ်နေသည်။

 အမှိုက်ပုံလောင်ကျွမ်းမှု ကြောင့် ထွက်လာသောမီးခိုးငွေ့ များနှင့် ညစ်ညမ်းသောလေထု သည် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းခရိုင်သုံးခုရှိ မြို့ နယ်ခုနစ်ခုထက်မနည်းသို့ ပျံ့နှံ့ခဲ့ သည်။ အမှိုက်ပုံနှင့်လေလမ်း ကြောင်းသင့်သည့်မြို့နယ်များ တွင် ညှော်နံ့များဖြစ်ပေါ်နေကြောင်း မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။ စုံစမ်းမေးမြန်းမှုများအရ အဆိုးရွားဆုံးအနေဖြင့် လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ညှော်နံ့များဆိုးရွားစွာ ပျံ့နှံ့ခဲ့ပြီး တောင်ဥက္ကလာပ၊ မရမ်းကုန်းအင်းစိန်နှင့် မြောက်ဒဂုံ၊ ရန်ကင်းမြို့နယ်တို့အထိ ညှော်နံ့ပျံ့နှံ့ခဲ့သည်။

ယခုဖြစ်စဉ်သည် ရာသီဥတု ပူပြင်းချိန်တွင် အမှိုက်ပုံမှထွက် သော မီသိန်းဓာတ်ငွေ့နှင့် အောက်ဆီဂျင်တို့ ဓာတ်ပြုပြီး လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဒု တိယဌာနမှူးဒေါက်တာအောင် မြင့်မော်က ပြောသည်။ ထို့အ ပြင် မီးငြှိမ်းသတ်ရန်အမှိုက် လောင်စာများကုန်သည်အထိ စောင့်ရမည်ဖြစ်ပြီး သို့မဟုတ်ပါ က မိုးရွာမှငြှိမ်းနိုင်မည်ဖြစ်ကာ သုံးရက်ခန့် မီးဆက်လက်လောင် ကျွမ်းနေနိုင်သေးကြောင်း ၎င်းက ပြောသည်။

 လက်ရှိတွင် ဘေးပတ်ဝန်း ကျင်သို့ မီးကူးစက်လောင်ကျွမ်း ခြင်းမရှိစေရန် ထိန်းချုပ်နိုင်သော် လည်း အပြီးသတ်ငြှိမ်းသတ်နိုင် ရန် နှစ်ရက်ကျော်၊သုံးရက်ကြာဦး မည်ဖြစ်ကြောင်း ဦးရန်နိုင်စိုးက ပြောသည်။

‘‘မီးလောင်တာ ဧကတော် တော်များတော့ ခွဲပြီးငြှိမ်းရတာ ပေါ့။ မီးအနီးထိကားက မတိုးနိုင် ဘူး။ မီးရှိတဲ့နေရာကိုရေရောက်ဖို့ ဆိုရင် ပိုက်ကအများကြီးဆက်ရ တယ်။ နှစ်ခု၊သုံးခုဆက်လို့မရ ဘူး။ အခု ၂၀၊ ၃၀ လောက်ဆက် ရတယ်။ ငြှိမ်းသတ်ဖို့ခက်တဲ့အခြေ အနေဖြစ်နေတာ’’ ဟု ၎င်းကပြော သည်။

 အမှိုက်ပုံတွင် အပြင်မှ လောင်စာများ လောင်ကျွမ်းနေပြီး အမှိုက်များကို လှိုက်လောင်ခြင်း လည်းရှိပြီး အောက်ခြေမှမြေဆွေး များကိုပါ မီးလောင်နေကြောင်း မီးငြှိမ်းသတ်နေသည့် မီးသတ်ရဲ ဘော်တစ်ဦးကပြောသည်။ ထု ထည်ကြီးမားသောကြောင့် အ တွင်းထိရေရောက်နိုင်ရန် ခက်ခဲ ကြောင်း အဆိုပါမီးသတ်ရဲဘော် က ပြောသည်။

မြေပြင်တွင် မီးငြှိမ်းသတ် နေသည့် ရဲဘော်များသည်မီးခိုးမွှန် ပြီး ညှော်နံ့များကြောင့် မူးဝေခြင်း၊ အသက်ရှူကျပ်ခြင်းများဖြစ်၍ အောက်ဆီဂျင်ပေးရခြင်း၊ အနား ယူစေခြင်းများပြုလုပ်ရကြောင်း လှိုင်သာယာမြို့နယ်ကြက်ခြေနီ မှူးကိုထွန်းဝေက ပြောသည်။

ထို့အပြင် မီးခိုးညှော်နံ့များ ဆိုးရွားစွာပျံ့နှံ့နေသော အမှိုက်ပုံ အနီးဆုံးရှိ ကန်လှ၊ကျုံစု၊(၂၀)ရပ် ကွက်၊ (၁၈) ရပ်ကွက်နှင့်အလယ် ရွာသစ်တို့တွင် ကျန်းမာရေးဝန် ထမ်းများနှင့် ကြက်ခြေနီများအ ရန်သင့်ချထားကြောင်း ကိုထွန်း ဝေက ပြောသည်။ အမှိုက်ပုံမီး ကြောင့် ဒေသခံအချို့မီးခိုးမွှန် ခြင်း၊ ရင်ကျပ်ခြင်းစသည်တို့ဖြစ် ပွားပြီး လှိုင်သာယာဆေးရုံကြီးသို့ လူနာအချို့ရောက်ရှိလာကြောင်း ၎င်းကပြောသည်။

အမှိုက်ပုံ မီးလောင်မှု ကြောင့် မီးခိုးများနှင့် ညှော်နံ့သည် မြောက်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့ပိုင်းရှိမြို့နယ်တို့တွင် ဆိုး ရွားစွာဖြစ်ပွားခဲ့သည်။ သို့သော် မြို့နယ်များတွင် ထိန်ပင်အမှိုက်ပုံ မီးလောင်သည့် အကြောင်းရင်း ကို မသိဘဲအများပြည်သူကြား စိုးရိမ်စိတ်များရှိခဲ့သည်။

 မြောက်ဥက္ကလာပမြို့နယ် တွင် ဧပြီ ၂၁ ရက်ညက ညှော်နံ့ များ ပြင်းထန်စွာဖြစ်ပွားခဲ့သော ကြောင့် အကြောင်းရင်းသိရှိနိုင် ရန် မြို့နယ်ရဲတပ်ဖွဲ့နှင့် အုပ်ချုပ် ရေးတာဝန်ရှိသူများ မြို့နယ်အ တွင်းလှည့်လည်ရှာဖွေခဲ့သည်။ နောက်တစ်နေ့နံနက်တွင် မီးခိုး များသည် မြူများအုံ့ဆိုင်းသကဲ့သို့ ဖြစ်လာပြီး ညှော်နံ့များလည်းပို ပြင်းထန်လာသည်ဟု မြောက် ဥက္ကလာပမြို့နယ်(ဋ)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသူရထွန်းက ပြောသည်။

‘‘တစ်မြို့နယ်လုံးမှာ ဖြစ် တာ၊ မီးခိုးတွေက ညှော်နံ့တအား ပြင်းပြီး အောင့်သက်သက်ဖြစ် တော့ အသက်ကြီးတဲ့လူတွေ၊ ကလေးတွေအတွက် တော်တော် အန္တရာယ်များပါတယ်’’ ဟု ၎င်း ကပြောသည်။

 အင်းစိန်မြို့နယ်တွင်လည်း ဧပြီ ၂၂ ရက်တစ်နေ့လုံး ထိုသို့ပျံ့နှံ့ခဲ့ပြီး ရပ်ကွက်အတွင်း စိုးရိမ်မှုများရှိခဲ့ကြောင်း အင်းစိန်တောင်သူကုန်းရပ်ကွက်နေ ကိုဇော်လင်းဝေကပြောသည်။ ‘‘တစ်နေ့လုံး ပလတ်စတစ်မှိုင်း တိုက်သလိုကို ညှော်နေတာ။ လူတွေက ဘယ်လိုမှမခံနိုင်ဘူး။ တစ်ရပ်ကွက်လုံး ခေါင်းတွေမူးပြီး အပြင်တောင် မထွက်နိုင်ဘူး။ အခုငြှိမ်းလို့မရတော့ဆက်ပြီး အနံ့ ထွက်နေမယ်ဆိုရင် တော်တော်ကိုမခံနိုင်တော့ဘူး။ ရောဂါအခံရှိ တဲ့လူတွေအတွက် စိုးရိမ်ဖို့ ကောင်းပါတယ်’’ ဟု ၎င်းကပြောသည်။

တောင်ဥက္ကလာပ (၁၅) ရပ် ကွက်မြင်သာ(၄)လမ်းမှ ဘဏ်ဝန် ထမ်းကိုသက်ကိုဦးက ‘‘ဖြစ်တဲ့နေ့ ကလည်း ရပ်ကွက်ထဲညှော်နံ့တွေ ထပြီး ဘာဖြစ်မှန်းမသိတော့ ထိတ်ထိတ်လန့်လန့်နဲ့။အခုလည်း ငြှိမ်းဖို့ခက်တယ်ဆိုတော့ ဒီရက် ပိုင်းတော်တော်ဒုက္ခများမှာ သေ ချာပါတယ်။ ရောဂါအခံရှိတဲ့လူ တွေနဲ့ ကလေးတွေကိုပြုစုဖို့၊ ရှောင်သင့်ရင် ရှောင်ခိုင်းထားဖို့ လုပ်သင့်ပါတယ်’’ ဟု ပြောသည်။

ရန်ကုန်မြို့ မြို့နယ်အများ အပြားကို ဒုက္ခပေးနေသည့် မီးခိုး ငွေ့များကို သက်ဆိုင်ရာတာဝန်ရှိ သူများက အရေးကြီးသတင်းအ ဖြစ်ကြေညာပြီး ပြည်သူကိုအသိ ပေးသင့်ကြောင်း ဦးသူရထွန်း ကပြောသည်။ ‘‘ဒါ သက်ဆိုင်ရာ က ပြည်သူလူထုသိအောင်လိုက် ပြောပြသင့်တယ်။ အသိပေးသင့် တယ်။ တချို့အကြောင်းရင်း မသိတဲ့လူက မသိသေးဘူး။ ပြီး တော့အသက်ရှူလမ်းကြောင်း အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ကြို ပြီးကာကွယ်ဖို့နှိုးဆော်သင့်တယ်’’ ဟု ၎င်းကပြောသည်။

လှိုင်သာယာရှိ အမှိုက်ကန် ကို ၂၀၀၁ တွင်စတင်တည် ဆောက်ခဲ့ပြီး တည်ဆောက်စဉ်က အမှိုက် ၁၆ ကန် (စတုရန်း ဧရိယာ ၁၅၀ ဧက) ဖြင့် စတင်ခဲ့ သည်။ နောက်ပိုင်းတွင် ဧရိယာ ထပ်မံတိုးချဲ့ပြီး စတုရန်းဧရိယာ ဧက ၃၀၀ အထိ ဖြစ်လာသည်။ အဆိုပါအမှိုက်ကန်သည် ယခင် ကလည်း အသေးစားမီးလောင် ကျွမ်းမှု မကြာခဏဖြစ်ပွားခဲ့သည်။