ယာဉ်မတော်တဆမှုကြောင့် သရုပ်ဆောင် သာထက်ဉာဏ်ဇော်၏ မိခင်နှင့်ညီ ကွယ်လွန်

 MRTV-4 ရုပ်သံဇာတ် လမ်းတွဲ 9 Series တွင် ပါဝင်သရုပ်ဆောင်သူ သာထက်ဉာဏ် ဇော်သည် နှစ်ဆန်းတစ်ရက်နေ့ နံနက်က  နေပြည်တော် ဥတ္တရ သီရိမြို့နယ်    ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ၎င်းသည် အန္တရာယ်ကင်းခဲ့သော်လည်း မိခင်နှင့် ညီတို့ နေရာတွင်သေဆုံးခဲ့သည်။

‘‘ချစ်ရသော မေမေနှင့် တစ် ဦးတည်းသော သားငယ်လေး ခဏလေးခွဲမယ်နော်။ မျက်စိရှေ့ ကြီးမှာဆိုတော့ ပြောမပြတတ် အောင် ခံစားရတယ်။ မေမေနှင့် သားငယ်လေး အက်ဆီးဒင့်ဖြစ်ပြီး လို့ မေမေနှင့် သားငယ်လေးကို သားရှာတွေ့တွေ့ချင်း သရဏဂုံ တွေကို နားနားမှာ ကပ်ပြီးအသေ အချာရွတ်ဖတ်ပေးတာ မေမေနှင့် ညီလေး ကြားမယ်လို့ သားထင်ပါ တယ်’’ဟု အစချီလျက် သရုပ်ဆောင် သာထက်ဉာဏ်ဇော်က ၎င်းအသုံးပြုသည့် ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားထားသည်။

မန္တလေးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော Surf အမျိုးအစား(ခဲပြာရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏လက်ယာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ငါးဦးအနက် အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး  သေဆုံးပြီး ကျား တစ်ဦး၊ မ တစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) တို့ကို  ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။