iPhone 8နှင့် iPhone 8 Plusတို့၏ အနီရောင် မူကွဲဗားရှင်းကို Apple မိတ်ဆက်

Appleသည် iPhone 8နှင့် iPhone 8 Plus စမတ်ဖုန်းများအတွက် အနီရောင် မူကွဲဗားရှင်းကို မိတ်ဆက် ပြသလိုက်သည်။

အဆိုပါ ဖုန်းများ ထုတ်လုပ်မှုသည် အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးနှင့် ပရဟိတ လှုပ်ရှားမှုအဖွဲ့ REDတို့ကြား ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ REDသည် အာဖရိက နိုင်ငံများတွင် HIVနှင့် AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

iPhone 8နှင့် iPhone 8 Plusတို့၏ RED မူကွဲ ဗားရှင်းများတွင် တောက်ပသည့် အနီရောင် အလျူမီနီယမ်သား ကိုယ်ထည်ကို အသုံးပြုထားသည်။ အဆိုပါ ဖုန်းများအတွက် သိုလှောင်မှု စွမ်းရည်ကို 64GBနှင့် 256GBဟု နှစ်မျိုးခွဲခြား ထုတ်လုပ်ထားသည်။

Appleသည် REDနှင့် ပူးပေါင်း၍ စမတ်ဖုန်းများ ထုတ်လုပ်သည်မှာ နှစ်နှစ်ဆက်တိုက် ဒုတိယအကြိမ် ဖြစ်လာသည်။ ယမန်နှစ်ကလည်း iPhone 7နှင့် iPhone 7 Plusအတွက် RED ဗားရှင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

REDနှင့် ပူးပေါင်းဖန်တီးသည့် ပရောဂျက်မှ ရရှိလာသော အကျိုးအမြတ် ငွေကြေးများကို Appleက ခွဲဝေ လှူဒါန်းမည် ဖြစ်သည်။ Appleသည် လက်ရှိအချိန်ထိ REDထံသို့ ဒေါ်လာ သန်းပေါင်း ၁၆၀ ကျော် ပေးအပ် လှူဒါန်းထားသည်။

iPhone 8နှင့် iPhone 8 Plusတို့၏ RED ဗားရှင်းသစ်များကို အမေရိကန်၊ ကနေဒါ၊ ဂျာမနီတို့ အပါအဝင် သတ်မှတ်ထားသည့် နိုင်ငံအချို့၌ ဧပြီ ၁၀ ရက်မှ စတင်၍ အွန်လိုင်းမှ မှာယူရန် ခွင့်ပြုပေးသွားမည် ဖြစ်သည်။

Appleသည် ကုမ္ပဏီ၏ ဈေးအကြီးဆုံး စမတ်ဖုန်းဖြစ်သည့် iPhone Xကိုမူ RED ဗားရှင်းဖြင့် ထုတ်လုပ်ရောင်းချခြင်း မရှိချေ။ ယင်းအစား အနီရောင် သားရေသား ဖုန်းကာဗာကို ၉၉ ဒေါ်လာဖြင့် Appleက ရောင်းချပေးလျက် ရှိသည်။

Ref: CNN