အပျော်တွေနဲ့ သင်္ကြန်

နွေရယ်၊ ပိတောက်ရယ်၊ သင်္ကြန် ရယ်ဆိုတာ အမြဲဒွန်တွဲနေတတ် ကြတဲ့ သဘာဝပါပဲ။ ဒီမနက်နွေ ပိတောက်ကိုမြင်လိုက်ရတော့ နွေ မနက်ခင်းရဲ့အလှက ပိုပြီးတောက် ပြောင် အရောင်ထွက်နေကြသလို လိုပေါ့။ ပိတောက်ပန်းကလေး တွေလည်း ချိန်ခါမီ ပွင့်လာကြပြီး နှစ်သစ်သင်္ကြန်ကို ကြိုဆိုကြတာ နဲ့ တူပါရဲ့။ ဒီလိုဆိုတော့လည်း နွေရယ်၊ ပိတောက်ရယ်၊ သင်္ကြန် ရယ် ဆိုတာတစ်သားတည်း ဖြစ် သွားကြပြီပေါ့။

ပိတောက်ပန်းရဲ့ သဘာဝ ကိုက နွေနေပူပူမှာ မိုးကလေးတစ် ပြိုက်၊ နှစ်ပြိုက်လောက် ရွာချ လိုက်တာနဲ့ ပိတောက်ဖူးကလေး တွေက ပင်လုံးကျွတ်ပွင့်ကုန်ကြ တာ။ မိုးရေစက်တွေနဲ့ မထိတွေ့ ရမချင်း သူကပွင့်ကိုမပွင့်တာပါ။ အဲသလို ပိတောက်ဆိုတာ သစ္စာ ကြီးတဲ့ ပန်းမျိုးပါ။ ဒါပေမဲ့ အစဉ် အလာကြီးတဲ့ ပန်းပိတောက်က အစဉ်အလာတွေပျက်ပြီး သူ့အ ချိန်နဲ့သူ မပွင့်လာကြတာ အချိန် အခါမရွေးပွင့်နေကြတာ ကာလ တော်တော်ကြာပြီလေ။ နွေဆို တိုင်း၊ သင်္ကြန်ဆိုတိုင်းလည်း၊ သင်္ကြန်မိုးတွေ ရွာတိုင်းလည်း ပွင့် ချင်မှ ပွင့်တော့တာ။ သင်္ကြန်သာ ပြီးသွားတယ်၊ နွေကာလသာကုန် သွားကြတယ်၊ ပိတောက်ကိုမမြင် လိုက်ရတဲ့ နှစ်တွေဆိုတာလည်း ရှိ ခဲ့ကြတယ်။

ခုတော့ ပိတောက်ပန်းက လေးတွေက နှစ်သစ်ကိုကြိုလေ ပြီ။ သင်္ကြန်ကို ကြိုလိုက်ကြပြီဆို တော့ ဒီနှစ်သင်္ကြန်က မင်္ဂလာရှိတဲ့ သင်္ကြန်၊ ပြီးပြည့်စုံတဲ့ သင်္ကြန်ဖြစ် လာပြီပေါ့။

သင်္ကြန်လို့ဆိုလိုက်ရင် လူ တိုင်းလိုလို ပျော်ရွှင်ခြင်းနဲ့အတူ ခံစားကြရတဲ့ ခံစားမှုက လွတ် လပ်ခြင်းပါ။ တစ်နှစ်တာပတ်လုံး ပင်ပန်းခဲ့ကြသမျှ အတိုးချအနား ယူကြရလို့ စိတ်လွတ်ကိုယ်လွတ် ရှိရတဲ့ ကာလတွေမို့ ပျော်ကြတာ ပေါ့။ ဒီကာလလေးတွေကို တန် ဖိုးထားပြီး တယုတယနဲ့ တရိုတ သေနဲ့၊ မြတ်မြတ်နိုးနိုး ပျော်တတ် ကြဖို့၊ အဓိပ္ပာယ်ရှိရှိ၊ လှလှပပပျော်တတ်ကြဖို့လည်း လိုသေး တာနော်။

သင်္ကြန်ကာလတွေမှာ လူ တိုင်းလိုလို ပျော်ရဖို့ အလုပ်ရှုပ် နေရတဲ့ သူတွေလည်း ရှိကြပါ သေးတယ်။ ဘေးကင်းကင်းနဲ့ ပျော်ရဖို့၊ ထိခိုက်ဒဏ်ရာရသူတွေ ကို ဆေးကုပေးဖို့၊ မူးယစ်ရမ်းကား  နှောင့်ယှက်မယ့်သူတွေကို ထိန်း သိမ်းဖို့စတဲ့ မမြင်ရနိုင်သေးတဲ့ အန္တရာယ်တွေအတွက် ကြိုတင် ပြင်ဆင်မှုတွေလည်း လုပ်နေကြ ရပြီ။ ရဲဌာနတွေ၊ ဆေးရုံတွေမှာ ပြင်ဆင်နေကြပြီ။ ဆေးရုံမှာထိ ခိုက်ဒဏ်ရာရမယ့်သူတွေအတွက် ကုသပေးဖို့ ပြင်ဆင်ထားသလို ရဲစခန်းတွေမှာလည်း အချုပ်ခန်း တွေ လွတ်နေအောင် ရှင်းလင်း ထားတယ်ဆိုတော့ ပျော်ရွှင်ခြင်း တစ်ခုအတွက် ပြင်ဆင်နေကြရ တာက ဆန့်ကျင်ဘက်ကြီး ဖြစ်နေ တော့တာပေါ့။

သင်္ကြန်ရဲ့ အဓိပ္ပာယ်က နှစ်ဟောင်းကနေ နှစ်သစ်ကိုကူး ပြောင်းတဲ့ အဓိပ္ပာယ်။ နှစ်ဟောင်း က အညစ်အကြေးတွေကို အတာ ရေနဲ့ ဆေးကြောကြပြီး နှစ်သစ်ကို သစ်သစ်လွင်လွင်နဲ့ စိတ်သစ်၊ လူ သစ်နဲ့ ခရီးသစ်တွေစတင်မယ်ဆို တဲ့ သဘော။ နှစ်တစ်နှစ်အကူးအ ပြောင်းမှာ ကုသိုလ်ယူကြ၊ မင်္ဂ လာယူကြတဲ့အချိန်အခါလေးမှာ ဘာအညစ်အကြေးမှ မပါ၊ ဘာ အနိဋ္ဌာရုံမှ မပါ၊ ဘာအကုသိုလ် တရားမှ မပါဘဲ အတာရေနဲ့အတူ ငြိမ်းအေးနေကြရမှာလေ။ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် မင်္ဂလာယူနေကြရမှာလေ။

ခုတော့ မိုင်းတွေရှာရ၊ မသ မာသူတွေ နှောင့်ယှက်မှာစိုးရ၊ မူး ယစ်ရမ်းကားမှာ ကြောက်ရတဲ့အ ဖြစ်က သင်္ကြန်ကိုရုပ်ဆိုးစေတာ ပေါ့။  သင်္ကြန်လို့ဆိုလိုက်ရင် ပျော် ဖို့အတွက် တွဲပါလာတတ်တာက အရက်၊ ဘီယာပေါ့။ သင်္ကြန်မှာ ပျော်ဖို့၊ ကဲဖို့က အရက်၊ ဘီယာ လေးနဲ့မှ ပိုမြူးကြွကြတဲ့သဘော ပေါ့။ ပျော်ပျော်ပါးပါး အရက်၊ ဘီယာသောက်ကြတာ ကိစ္စမရှိ ပေမယ့် အလွန်အကျွံတွေ ဖြစ် လာရင်တော့ အန္တရာယ်တွေကို လက်ယပ် ခေါ်နေကြသလိုဖြစ် တော့မှာ။ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ မူးယစ်ဆေးတွေ၊ စိတ်ကြွဆေး တွေနဲ့ သင်္ကြန်ကို အရုပ်ဆိုးအ ကျည်းတန်စေတော့မှာပါ။

သင်္ကြန်ပွဲတော်က အရက်၊ ဘီယာပွဲတော်ဖြစ်နေကြတာက တော့ စိတ်မကောင်းစရာပါပဲ။ လွန်လွန်ကြူးကြူးသောက်စားမူး ယစ်မှုတွေကြောင့်၊ သရုပ်ပျက်မှု တွေကြောင့် သင်္ကြန်ကို ရင်မခုန်၊ မခံစားတတ်၊ မပျော်တတ်တော့ တဲ့သူတွေလည်း တစ်နှစ်နဲ့တစ် နှစ် ပိုလို့များနေကြတာလည်း ၀န် ခံရမှာပါ။ သင်္ကြန်ကို ဖီလင်မလာ ဘဲ အိမ်တွင်းပုန်းပြီး စာဖတ်မယ် ဆိုတဲ့သူတွေ၊ ဘုန်းကြီးကျောင်း မှာ သီလယူ၊ ဥပုသ်စောင့်မယ်ဆို တဲ့ သူတွေ၊ တရားရိပ်သာတွေမှာ စခန်းဝင်မယ့်သူတွေလည်း ပိုပြီး များလာကြပါတယ်။ တချို့ကျ တော့လည်း ‘သင်္ကြန်ဆို ဖီလင် မလာဘူး။ မျက်စိနောက်၊ နား နောက်တယ်။ နိုင်ငံခြားလစ်တယ်’ လို့ ပစ်ပစ်ခါခါ ဆိုသူတွေလည်း ရှိကြပြန်ရဲ့။

အဲသလို သင်္ကြန်မှာ ပျော်တဲ့ သူတွေ၊ မပျော်တဲ့သူတွေ၊ ရင်ခုန် တဲ့သူတွေ၊ ရင်မခုန်တဲ့သူတွေနဲ့ သင်္ကြန် ကာလလေးကတော့ မကြာခင် ရောက်လာပါတော့ မယ်။ တကယ်တော့ တစ်နှစ်မှာ တစ်ခါသာ ပွင့်တဲ့ပိတောက်လို တစ်နှစ်မှာတစ်ခါသာ ကျရောက် တဲ့ သင်္ကြန်ကာလလေးကို လူ တိုင်းလိုလိုက မြတ်မြတ်နိုးနိုးနဲ့ ခံ စားတတ်ကြရမှာနော်။ အဲဒီကာ လ၊ အဲဒီတန်ဖိုးလေးကို အကျိုးရှိ ရှိ ရယူသွားကြရမှာပေါ့။

သင်္ကြန်နဲ့ပတ်သက်ပြီး တစ် ယောက်နဲ့တစ်ယောက် ရင်ခုန်သံ ချင်းဘယ်တူနိုင်ကြပါ့မလဲလေ။ ကျွန်မကတော့ သင်္ကြန်ရောက် တိုင်းမှာ ပြုံးပျော်ကြည်နူးနေကြ တဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ မျက်နှာတွေကိုကြည့်ပြီး ပီတိဖြစ် ရမြဲပါပဲ။ လမ်းပေါ်မှာ၊ ကားပေါ် မှာ၊ မဏ္ဍပ်တွေမှာ ကြီးကြီး၊ ငယ် ငယ် မရွေး၊ ပျော်လို့၊ ရွှင်လို့၊ မြူး လို့ ကနေကြတာ၊ စိတ်လွတ်ကိုယ် လွတ် ပျော်နေကြတာ  ကြည့်ပြီး ပျော်ကြပါစေ၊ မြူးကြပါစေ၊ ဘ၀ အမောတွေ ပြေကြပါစေ၊ တစ်နှစ် တာပတ်လုံး သူတို့ပန်းခဲ့ကြသမျှ၊ နွမ်းခဲ့ကြသမျှ အတိုးချပျော်ကြ ပါစေ၊ အလှတရားတွေနဲ့ အဓိပ္ပာယ်ပြည့်ဝနေတဲ့ သင်္ကြန်မှာ အဓိပ္ပာယ်ရှိရှိ၊ မင်္ဂလာရှိရှိ၊ လှလှ ပပ ပျော်ရွှင်နိုင်ကြပါစေ၊ အပြုံး တွေ၊ အပျော်တွေနဲ့ ကြည်နူးနေ ကြတဲ့ သူတို့ရဲ့ ဘ၀လေးတွေ ငြိမ်းချမ်းကြပါစေလို့ ... သင်္ကြန်ရောက်တိုင်း မုဒိတာပွားနေမိ တော့တာပါပဲ....။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)