အသုံးပြုနေသော ကြိုးတံတား ၂၉ စင်းအတွက် မစိုးရိမ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနထုတ်ပြန်

ပြတ်ကျခဲ့သည့် မြောင်းမြကြိုးတံတား (ဓာတ်ပုံ − စိုင်းဇော်)

မြောင်းမြကြိုးတံတား ပြတ်ကျမှုကြောင့် အခြားကြိုးတံ တား ၂၉ စင်းကို အသေးစိတ်စစ် ဆေးမှုများ ချက်ချင်းဆောင်ရွက် နေပြီး မစိုးရိမ်ရန် ဆောက်လုပ် ရေးဝန်ကြီးဌာနက ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

မြောင်းမြကြိုးတံတား ပြတ် ကျမှုဖြစ်ပွားသော်လည်း လက်ရှိ အသုံးပြုနေသော အခြားကြိုးတံ တားများနှင့်ပတ်သက်၍ မစိုးရိမ် ရန်နှင့် နိုင်ငံတွင်းရှိ ကြိုးတံတား များ ရေရှည်တည်တံ့ခိုင်မြဲရေး အလေးပေးဆောင်ရွက်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထိုသို့ သတင်းထုတ်ပြန်ရန် သမ္မတရုံးက တိုက်ရိုက်ညွှန်ကြား ခဲ့ပြီး ဖြစ်စဉ်ကို စစ်ဆေးခိုင်းထား ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။

မြန်မာနိုင်ငံတွင် ပြတ်ကျခဲ့ သော မြောင်းမြကြိုးတံတားအပါ အဝင် ကြိုးတံတားအစင်း ၃၀ ရှိပြီး ကျန် ၂၉ စင်းကို ဂျပန်အင်ဂျင်နီ ယာများနှင့် တရုတ်အင်ဂျင်နီယာ များ ပူးပေါင်း၍ ကြံ့ခိုင်ရေးအခြေ အနေများစစ်ဆေးမည်ဟု ဝန်ကြီး ဌာနက ဆိုသည်။

ပြည်သူလူထု အနေဖြင့် အဆိုပါကြိုးတံတားများပေါ်တွင် သတ်မှတ်ခံနိုင်ဝန်ပိုထက် ပိုမိုတင်ဆောင်ကာ ဖြတ်သန်းခြင်းမပြုရန် နှင့် သတ်မှတ်အရှိန်နှုန်းအတိုင်း မောင်းနှင်ရန် ဝန်ကြီးဌာနက ပန် ကြားသည်။

‘‘အခု သူတို့လစဉ်စစ်ဆေး ပါတယ်ဆိုတဲ့ တံတားတောင် ပြိုကျတာ။ ကျန်တဲ့ ၂၉ စင်းရဲ့သံမဏိကြိုးတွေလည်း အခုလို ဆွေးနေရင် ဘယ်လိုလုပ်ကြမလဲ။ ဝန်ကြီးဌာနက တာဝန်ယူမှု၊ တာဝန်ခံမှုတော့ မြင်ချင်ပါတယ်’’ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ ကိုသက်မောင်ညွန့်က ပြောသည်။

တံတား  ပြတ်ကျမှုသည် ခေတ်စနစ်အလွဲများကြောင့်သာ ဖြစ်ပြီး တံတားကြံ့ခိုင်မှုအစား  အချိန်တိုတွင်း ပြီးစီးလိုမှုနှင့် အရေ အတွက်ကိုသာ ဦးစားပေးလိုသည့် အုပ်ချုပ်ရေးစနစ်ကြောင့်သာဖြစ် သည်ဟု Three Friends ဆောက် လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးကိုကို လေးက ပြောသည်။

ကြိုးတံတားကွန်ကရစ်ကြိုး ထိန်းခုံအတွင်းပိုင်း ကွန်ကရစ် ထဲ ထည့်မြှုပ်နှံထားသော သံမဏိ ကြိုးများ ဆွေးမြည့်ပြီး ကြိုးပြတ် ကာ တံတားပျက်စီးကြောင်းတံတားပြတ်ကျပြီး လေးရက်အကြာတွင် ထုတ်ပြန်သော သတင်း၌ ဖော်ပြထားသည်။  တံတားကို ၁၉၉၄ တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ၌ ဖွင့်လှစ်ခဲ့သည်။ တည်ဆောက်စဉ်ကပင် တန်ချိန် ၈,၅၀၀ အလေး ချိန်ရှိသော ကြိုးထိန်းခုံနိမ့်ကျ၍  ပြန်လည်ပြင်ဆင်ခဲ့သော တံတား ဖြစ်သည်။ ထိုကာလတွင် မြောင်း မြဘက်ကမ်းရှိ ကွန်ကရစ်ကြိုး ထိန်းခုံနိမ့်ကျမှုကြောင့် တာဝါ တိုင်သည် မြစ်၏ဆန့်ကျင်ဘက် ကို ၁၁ လက်မစောင်းရမည်ဖြစ် သည်။

သို့သော် ယင်းအစား မြစ် ဘက်ကို ၇ လက်မ စောင်းခဲ့သည်။ ထို့ကြောင့် ထိုတံတားကို နှစ်စဉ် စောင့်ကြည့်စစ်ဆေးခဲ့ရသည်။ တံတားသက်တမ်း ၂၀ ပြည့်သည့် ၂၀၁၆ က စတင်ပြီး လစဉ်စစ်ဆေး ခဲ့ရသည်ဟု ဆိုသည်။

‘‘တံတားက စဆောက်ကတည်းက လွဲနေတာ။ ဒါကိုမပယ် ဖျက်ဘဲ ဆက်သုံးခိုင်းတဲ့သူမှာ တာဝန်ရှိတယ်။ နောက်ပြီး ၀န်ကြီး ဌာနက လစဉ်စစ်ဆေးတယ်ဆိုတာကော ဘယ်လိုစစ်ဆေးတယ်ဆိုတာ ထုတ်ပြန်ပေးသင့်တယ်။ ဆောက်တဲ့အင်ဂျင်နီယာမှာရော၊ သုံးဖို့ခွင့်ပြုပေးတဲ့သူရော တာဝန်ခံမှုရှိစေချင်တယ်။ ဖြစ်နိုင်ရင် သူတို့တွေ ထွက်ပြီးတောင်းပန်သင့်တယ်’’ ဟု လမ်းတံတား ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာ ဦးမိုးသက်က ပြောသည်။

၁၉၈၈ က စတင်ပြီး စစ်အ စိုးရတာဝန်ယူခဲ့သည့် ကာလအ တွင်း ပေ ၁၈၀ အထက်ရှိ တံတား ၃၃၀ ကျော် ဆောက်လုပ်ခဲ့သည်။

မြောင်းမြတံတား ပြိုကျမှု ကြောင့် ယင်းနေရာတွင် တံတား အသစ်ကို သုံးနှစ်အစား တစ်နှစ် အတွင်း ပြီးစီးရေး တံတားအမျိုး အစားပြောင်းလဲဆောင်ရွက်မည် ဟု ဝန်ကြီးဌာနက ဆိုထားသည်။