သင်္ကြန်အိမ်ပြန်ချိန်အတွက် ပူပန်နေသူများ

နေရပ်ပြန်မည့်သူများမှာ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်နီးလျှင် အဝေးပြေးကားခများ ဈေးတက်ပြီး အ၀ယ်ခက်သည့်ပြသနာကို အစိုးရိမ်ကြဆုံးဖြစ်သည် (ဓာတ်ပုံ - စိုင်းဇော်)

အောင်မင်္ဂလာအဝေးပြေး ဝင်းအတွင်းရှိ ‘အေးချစ်မြိုင်’ ကားဂိတ် လက်မှတ်အရောင်း ကောင်တာတွင် အသက် (၃၀) အရွယ် အမျိုးသမီးတစ်ဦးက လက်မှတ်ဝယ်ယူရန် လာရောက် စုံစမ်းသည့် ခရီးသည်သုံးဦး၏ မေး မြန်းမှုကို ဖြေကြားနေသည်။

လာရောက်စုံစမ်းသူများ ပြန် သွားပြီးနောက် လက်မှတ်ဗောက် ချာစာအုပ်ကို ရေးမှတ်ပြီး နောက် ထပ်လာရောက်မည့် ခရီးသည် များကို စောင့်မျှော်နေသည်။

‘‘ခါတိုင်းနှစ်တွေဆိုရင် ဒီ လိုအချိန်မှာ ရှုပ်ယှက်ခတ်နေတာ လေ။ ဒီနှစ်တော့မြင်တဲ့အတိုင်း ပဲ’’ ဟု ရန်ကုန်မှ မကွေးသို့ပြေး ဆွဲနေသည့် အဆိုပါယာဉ်လိုင်း တာဝန်ခံ ဦးမွှေးက မြန်မာနှစ်သစ် ကူး သင်္ကြန်ပိတ်ရက်မတိုင်မီ နှစ် ပတ်ခန့်အလို မတ်လ ၃၀ ရက်က လက်မှတ်အရောင်းကောင်တာကို ညွှန်ပြရင်းပြောသည်။

သင်္ကြန်ပိတ်ရက်သည် အစဉ် အဆက်ခရီးသွား အများဆုံးကာ လအဖြစ် ရပ်တည်ခဲ့ပြီး အဝေး ပြေးကားလက်မှတ် ခက်ခဲသည့် ကာလအဖြစ် နာမည်ကြီးသည်။

သို့သော် ယခုနှစ်သင်္ကြန်ပိတ် ရက်အတွင်း ခရီးသွားမှုသည် ဧပြီ ၁ ရက်အထိ ယခင်နှစ်များလောက် လှုပ်ခတ်မှုမရှိသေးဟု ယာဉ်လိုင်း တာဝန်ခံအချို့က ဆိုသည်။

သင်္ကြန်တွင် ခရီးသွားများ လေ့ရှိသဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲ နေသည့် ဘတ်စ်ကားလေးစီးအ ပြင် နောက်ထပ် ငါးစီးကိုပါ အ ဆင်သင့်ထားပြီး ဖြစ်သော်လည်း မတ်လကုန်အထိ ပုံမှန်ပြေးဆွဲ သည့် ကားများအတွက်ပင် လက် မှတ်ရောင်းမကုန်သေးဟု ဦးမွှေး ကဆိုသည်။

‘‘ဝယ်တော့ဝယ်ကြတယ်။ အရင်နှစ်လောက်တော့ မဟုတ် ဘူး။ ကျွန်တော်တို့က ၁၀ ရက်နေ့ အထိပဲဆွဲမှာဆိုတော့လေ။ ခရီး သည်အများစုက ၁၁ ရက် ၁၂ ရက်နေ့တွေအတွက် လက်မှတ် ကို စုံစမ်းကြတာများတယ်’’ ဟု ရန်ကုန်မှ တောင်ကြီး၊ လားရှိုးသို့ ပြေးဆွဲနေသည့် ရွှေလွန်းပျံယာဉ် လိုင်းမှ တာဝန်ရှိသူတစ်ဦးက လက်ရှိ လက်မှတ်ရောင်းချမှုအ ခြေအနေကို ရှင်းပြသည်။

အစိုးရက သင်္ကြန်ပိတ်ရက်  ကို ယခင်နှစ် (၂၀၁၇) ကစ၍ ငါး ရက်သာ သတ်မှတ်ခဲ့သော်လည်း အလုပ်ရှင်၊ အလုပ်သမားများ ညှိ နှိုင်းသဘောတူညီမှုအရ ယင်းနှစ် တွင် ၁၀ ရက်အထိ ပိတ်ခဲ့သည်။

ထို့ကြောင့် ယခင်နှစ်က နား လည်မှုဖြင့် ၁၀ ရက်ပြည့် ခံစား ခွင့်ရရှိခဲ့ပြီး နောင်နှစ်များတွင် ပိတ်ရက်ငါးရက်သာ ရှိတော့မည် ဖြစ်၍ ၂၀၁၇ သင်္ကြန်ပိတ်ရက် ကာလ၌ ခရီးသွားလာမှု စံချိန် တင်များပြားခဲ့သည်။

သို့သော် ယခင်နှစ်သင်္ကြန် ပိတ်ရက်ပြီးနောက် သီတင်းကျွတ်၊ တန်ဆောင်မုန်းနှင့် ဒီဇင်ဘာနှစ် ကူးတို့တွင် ပိတ်ရက်ရှည်များရှိခဲ့ ပြီး ခရီးသွားအများစုသည် ယင်း ရက် များ၌ ကြိုတင်ခရီးထွက်ထားခဲ့ ၍ ယခုနှစ်သင်္ကြန်ပိတ်ရက်တွင် ယခင်နှစ်များထက် ခရီးသွားမှု လျော့နည်းမည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။


သင်္ကြန်ရုံးပိတ်ရက်ကာလတွင် နယ်ပြန်ရန် ခရီးသည်တင် ဘတ်စ်ကားပေါ်သို့တက်ရန် ပြင်ဆင်နေသူများကို အောင်မင်္ဂလာအဝေးပြေးဂိတ်၌ တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

‘‘ကျွန်တော်ဆိုရင်လည်း သီ တင်းကျွတ်က အိမ်ပြန်ထားတော့ သင်္ကြန်မှာ မပြန်ဖြစ်တော့ဘူး။ နယ်က သူငယ်ချင်းတချို့လည်းမ ပြန်ဖြစ်ဘူးပြောတယ်’’ ဟု မုံရွာ မြို့မှ ရန်ကုန်သို့ အလုပ်လာ ရောက်လုပ်ကိုင်သည့် ကိုစည်သူ ကပြောသည်။

သို့သော် ပထမဆုံးသင်္ကြန် ပိတ်ရက် အပြောင်းအလဲစတင် ကျင့်သုံးသည့်နှစ်ဖြစ်၍ ခရီးသွား လာမှုအခြေအနေကို ယာဉ်လိုင်း အချို့က အတိအကျခန့်မှန်းနိုင် ခြင်းမရှိသေးပေ။

ထို့ကြောင့် မယုတ်မလွန်အ နေဖြင့် အဝေးပြေးယာဉ်လိုင်းများ က အရန်ကားများထားရှိကာ ကြို တင်လက်မှတ်ဝယ်ယူမှုအပေါ် မူ တည်၍ အခြေအနေကို စောင့် ကြည့်နေသည်။

‘‘သေချာသလောက်ကတော့ ဒီနှစ်သင်္ကြန် ခရီးသွားဖို့အတွက် လက်မှတ်က ခက်ခဲမှုမရှိနိုင်ပါဘူး’’ ဟု မန္တလာမင်းယာဉ်လိုင်းမှ လက် မှတ် အရောင်းဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တွင် အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့ရှိ ယာဉ်လိုင်း ၃၈၀ ခန့်က သက်ဆိုင်ရာ မြို့များသို့ ပုံမှန်ပြေးဆွဲပေးနေသည့် ကားစီးရေ ၄,၁၀၀ကျော်ရှိသည်။

သင်္ကြန်ရုံးပိတ်ရက်တွင် ခရီး သွားများလေ့ရှိသဖြင့် ယခင်နှစ် များ၌ ယာဉ်လိုင်းများက အဝေး ပြေးကားစီးရေ ၁,၀၀၀ ခန့် ထပ် တိုးပြေးဆွဲပေးလေ့ရှိပြီး ယခုနှစ်၌ လည်း ခရီးသည်ရရှိမှုအပေါ် မူတည်၍ ထပ်တိုးပြေးဆွဲပေးရန် ပြင်ဆင်ထားရှိကြောင်း ယာဉ် လိုင်းတာဝန်ခံများက ဆိုသည်။

သို့သော် သင်္ကြန်ပိတ်ရက် မတိုင်မီ အဝေးပြေးကားဖြင့် ခရီး သွားမည့်သူများအတွက်မူ နှစ် စဉ်ကြုံနေကျဖြစ်သည့် ကားလက် မှတ်ဝယ်ယူရခက်ခဲခြင်း၊ လက် မှတ်ခ ဈေးနှုန်းကြီးမြင့်ခြင်းစသည့် ပြဿနာများ ဆက်လက်ဖြစ်ပေါ် နေမည်ကို စိုးရိမ်နေသည်။

‘‘နယ်ကတော့ပြန်ဖြစ်မှာပါ။ လက်မှတ်က အချိန်မရလို့ကြိုမ ဖြတ်ထားရသေးဘူး။ သင်္ကြန်ပိတ် ရက်တိုင်း လက်မှတ်ဝယ်ရခက် တော့ ဒီနှစ်လည်း လွယ်မယ်မထင် ပါဘူး’’ ဟု ရေနံချောင်းမြို့သို့ ပြန် မည့် ကုမ္ပဏီဝန်ထမ်း ကိုမျိုးမင်း ထွန်းက ပြောသည်။

ယခင်နှစ်များက သင်္ကြန်ပိတ် ရက်တွင် အဝေးပြေးကားလက် မှတ်ဈေးနှုန်းများ မူရင်းဈေးနှုန်း ထက်နှစ်ဆကျော်မြင့်တက်လေ့ရှိ ခဲ့ပြီး ယင်းဖြစ်စဉ်သည်အစိုးရ အဆက်ဆက်မဖြေရှင်းနိုင်သည့် ပြဿနာများစွာထဲမှ တစ်ခုဖြစ်သည်။

အဝေးပြေးယာဉ်လိုင်းများ ကမူသင်္ကြန်ပိတ်ရက်၌ထပ်တိုး ပြေးဆွဲရသည့်ကားများ အပြန်ခရီး သည်မရသဖြင့် ကားခပိုကောက် ရကြောင်း အကြောင်းပြသည်။

ထိုသို့ကားခတိုးမြှင့်တောင်း ယူခွင့်ပေးရန် ယခင်နှစ်က အဝေး ပြေးယာဉ်လိုင်းများက အစိုးရထံ တရားဝင်တင်ပြတောင်းခံခဲ့သော် လည်း တိုင်းဒေသကြီးအစိုးရက ပယ်ချခဲ့သည်။

‘‘အစိုးရကသာ လက်မှတ်ခ ဈေးမတင်ဖို့ ပြောပေမယ့် သင်္ကြန် ကပ်လို့သွားပြီး လက်မှတ်ဖြတ်ရင် ပုံမှန်ဈေးနဲ့ရတယ်ဆိုတာ ရှားပါ တယ်’’ ဟု နှစ်စဉ်မွေးရပ်မြေမော် လမြိုင်သို့ ပြန်လေ့ရှိသည့်ရန်ကုန် တွင် ကုမ္ပဏီဝန်ထမ်းလုပ်ကိုင်သူ မခင်ဝေသက်ကပြောသည်။

ယခုနှစ်သင်္ကြန်ပိတ်ရက်အ တွင်း အဝေးပြေးဘတ်စ်ကားလက် မှတ်ဝယ်ယူမှုလျော့နည်းနေခြင်း တွင် ခရီးသွားလာမှုနည်းခြင်း ကြောင့်အပြင် လုံးချင်းကားအငှား ဈေးကွက်တွင်ကျယ်လာခြင်း ကြောင့်ဖြစ်နိုင်သည်ဟု အဝေး ပြေးယာဉ်လိုင်းတာဝန်ခံအချို့ က ယူဆသည်။

ခရီးသည် ၁၀ ဦးမှ ၁၅ ဦး အထိဆံ့သည့် လုံးချင်းကားအချို့ ကြားကားအဖြစ် ခရီးသည်စု ဆောင်း၍ ပို့ဆောင်သည့်ဈေး ကွက် ယခုနှစ်အတွင်းအသုံးပြုသူ ပိုများလာသည်ဟု ၎င်းတို့ကပြော သည်။

ခရီးသွားအချို့က အဝေး ပြေးကားလက်မှတ် ၀ယ်ယူရန် ခက်ခဲမည်ကို စိုးရိမ်ကာ မိမိအစီ အစဉ်ဖြင့် ကားစင်းလုံးငှား၍ နေ ရပ်ပြန်ရန် စီစဉ်နေမှုများရှိကြောင်း ကိုမွှေးကဆိုသည်။

‘‘မကွေးကအသိနဲ့တွေ့တော့ သူတို့လက်မှတ်မဖြတ်တော့ဘူး။ ကားစုငှားထားပြီးပြီပြောတယ်။ အဲဒီလိုစင်းလုံးကားတွေ ၀င်လာ တဲ့အတွက် အဝေးပြေးယာဉ်လိုင်း တွေအနေနဲ့ ၀န်တောင်ပိုပေါ့သေး တယ်လို့မြင်တယ်’’ ဟု ၎င်းကမှတ် ချက်ပြုသည်။

စင်းလုံးအငှားလိုက်သည့် ကားဈေးနှုန်းသည် တစ်ရက်လျှင် ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းခွဲအထိဈေးပေါက်နေသည်။

သင်္ကြန်မတိုင်မီ တစ်လခန့် အလိုကပင် နေရပ်ပြန်ရန် ဒေသ တူသူများက ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်များမှတစ်ဆင့် ကားစပ်ငှား ရန် လူစုဆောင်းဖိတ်ခေါ်သည့် ရေးသားချက်များ ခပ်စိပ်စိပ်တွေ့ မြင်ရသည်။

ယခုကဲ့သို့ ခရီးသွားများသည့် ကာလတွင် ယခင်ကထက်ကား အငှားလိုက်ရလေ့ရှိသည်ဆိုသော် လည်း ပြင်ပ၌ သတင်းထွက် ပေါ်နေသကဲ့သို့ မတွင်ကျယ်သေး ကြောင်း ကားစင်းလုံးငှားဝန် ဆောင်မှုလုပ်ငန်းရှင်အချို့က ဆို သည်။

‘‘လက်ရှိအနေအထားအရ စုံ စမ်းမေးမြန်းတာတွေက ပိုများ တယ်။ သိသိသာသာအော်ဒါရ တယ်လို့တော့ မရှိဘူး’’ ဟု အိမ့် ခေတ်သစ်ကားစင်းလုံးငှားလုပ် ငန်းရှင်ကိုလတ်က ပြောသည်။

တောင်းအေ့စ်မှန်လုံယာဉ် သုံးစီးဖြင့် တစ်နိုင်တစ်ပိုင်အငှား ၀န်ဆောင်မှုပေးနေသည့် ယာဉ် ပိုင်ရှင်ဦးဝင်းမြင့်က သင်္ကြန်ပိတ် ရက်ငါးရက်အတွင်း အော်ဒါအ ပြည့်ရရှိပြီးဖြစ်သည်ဟု ဆိုသည်။

ယခုနှစ်တွင် ယခင်နှစ်များ ထက် သင်္ကြန်ပိတ်ရက်နည်းသဖြင့် ခရီးသွားလာမှုအခြေအနေကို ခန့် မှန်း၍ရသော်လည်း ခရီးသွားများ အခက်အခဲမရှိစေရန် လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ကြိုတင် ပြင်ဆင်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) အဝေးပြေးတာ ၀န်ခံဦးဘမြင့်က ဆိုသည်။

အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် ယာဉ်စီးခပိုမိုတောင်း ယူခြင်းမပြုလုပ်ရန် ယာဉ်လိုင်း တာဝန်ခံများကို နှစ်ကြိမ်ခေါ်ယူ တွေ့ဆုံ သတိပေးပြောကြားခြင်း၊ ကြားကားများနှင့်လက်မှတ်မှောင် ခိုရောင်းချသူများကို လှည့်လည် စစ်ဆေးဖမ်းဆီးနေသည်ဟု ၎င်း က ပြောသည်။

အဝေးပြေး ကားလက်မှတ် များ ဈေးနှုန်းတိုးမြှင့်တောင်းခံပါ က မ၀ယ်ယူဘဲ YRTA (အဝေးပြေး) ရုံးတွင် လာရောက်တိုင်ကြားရန် ဦးဘမြင့်က တိုက်တွန်းသည်။

‘‘ခရီးသည်တွေအဆင်ပြေဖို့ အတွက် ဖေဖော်ဝါရီလကတည်း က ကြိုပြီးလုပ်နေတာရှိတယ်။ သင်္ကြန်ပိတ်ရက်မှာ ယာဉ်တွေ သွားလာရလွယ်အောင်နဲ့ လုံခြုံမှု ရှိဖို့အတွက်ကို ယာဉ်ထိန်းရဲနဲ့နယ် မြေရဲ အင်အားပိုချပေးဖို့လည်း တောင်းထားတယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် ခရီးသွားလာသူ များ၍ ယာဉ်လိုင်းများတွင် ကား မလုံလောက်ပါက အစားထိုးထည့် သွင်းပြေးဆွဲနိုင်ရန် အများပိုင် ဘတ်စ်ကားကုမ္ပဏီအချို့နှင့် ချိတ်ဆက်၍ YBS ဘတ်စ်ကားများကို ကြိုတင်ပြင်ဆင်ထားသည်ဟု ဦးဘမြင့်ကဆိုသည်။

အဝေးပြေးကားလက်မှတ် ဈေးနှုန်းများ တိုးမြှင့်တောင်းယူ ခြင်းမပြုရန် YRTA ကယာဉ်လိုင်း တာဝန်ခံများကို ခေါ်ယူသတိပေး သည့်အပြင် စားသုံးသူရေးရာဦးစီး ဌာနကလည်း အဝေးပြေးကားစီး သူများ နစ်နာဆုံးရှုံးမှုကြုံတွေ့ပါက ဆက်သွယ်တိုင်ကြားနိုင် ကြောင်း ကြေညာချက်ထုတ်ပြန် ထားသည်။

ထို့ကြောင့် ယခုနှစ်တွင် သင်္ကြန်ပိတ်ရက်အဝေးပြေးကား လက်မှတ်ဝယ်ရာ၌ ကြုံတွေ့နိုင် မည့်အခက်အခဲများအတွက်သက် ဆိုင်ရာဌာနများ၏ ကြိုတင်ပြင် ဆင်မှုသည် ယခင်နှစ်များကထက် တိုးတက်မှုပို၍ တွေ့မြင်လာရ ကြောင်း ခရီးသွားအချို့ကမှတ် ချက်ပြုသည်။

သို့သော် မတ်လကုန်ပိုင်းအထိ သင်္ကြန်ပိတ်ရက်ခရီးသွားရန် ပြင်ဆင်မှုအားနည်းနေသေးသ ဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာနှင့် ယာဉ်လိုင်းများ၏ ပြင်ဆင်ထားရှိ မှုများသည် ခရီးသွားများအတွက် မည်မျှအကျိုးပြုနိုင်မည်ကို လာ မည့်ရက်ပိုင်းအတွင်း အဖြေပေါ် မည်ဖြစ်သည်။

အေးချစ်မြိုင်ယာဉ်လိုင်းတာဝန်ခံဦးမွှေးက သင်္ကြန်ပိတ်ရက်အတွက် ယာဉ်အစီးရေတိုးချဲ့ပြေး ဆွဲရန်မလိုအပ်ပါက ပို၍ကောင်း ကြောင်း ၎င်း၏ဆန္ဒကိုဖွင့်ဟသည်။

‘‘သင်္ကြန်မှာကားပိုဆွဲရင် အ မြတ်ပိုရတယ်လို့ မြင်နေကြတာ။ တကယ်က အလုပ်ပိုများတာပဲ အ ဖတ်တင်တယ်။ အသွားပဲလူရပြီး အပြန်က ခါလီပြန်ဆင်းရတာ လေ’’ ဟု ဦးမွှေးကဆိုသည်။