လောင်ကျွမ်းသွားသော အိပ်မက်များ

ကားမီးလောင်ကျွမ်းမှုတွင် သေဆုံးသွားသူ မဇင်မာမိုး၏မိခင် ဒေါ်ခင်စန်းတင်နှ​​င့် ဆွေမျိုးသားချင်းများကို တွေ့ရစဉ် (ဓာတ်ပုံ - ညီညီဇော်)

ဧပြီလဆန်းရက်၏ နွေဦးအပူရှိန်သည် တငွေ့ငွေ့ဖြင့် နေ့ခင်းရောက်လေ လှိုက်တက်လာလေ ဖြစ်သည်။ အထက်မြန်မာပြည် ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့ နယ်အတွင်းရှိ ကျေးရွာလေးများ သည် နွေဦးရက်များ၏ အပူရှိန် ဒဏ်ကို စတင်ထိတွေ့ခံစားလာရ သည်။ နဂိုကမှ ခြောက်သွေ့လွန်းလှသည့် ဒေသများ နွေရောက်လာပြီဆိုတော့ ပို၍ပင် ပူပေဦးတော့ မည်။ သို့သော် သည်တစ်နှစ်နွေ ဦးမှာဖြင့် ပြင်ပလောက အပူထက်ကြီးမားလှသော လောကဓံဆိုး အပူဒဏ်က ပျော်ဘွယ်မြို့နယ်ရှိ မိသားစုသုံးစုထံ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာလေသည်။ တစ်နည်းအားဖြင့် ထိုမိသားစုသုံးစုရှိ အမျိုးသမီးငယ်သုံးဦးနှင့် ပတ် သက်ပြီး ကြမ္မာဆိုးက မဖိတ်ခေါ်ဘဲ ရောက်လာခြင်းပင်ဖြစ်သည်။

ပထမမိသားစုမှာ အသက် (၂၀)အရွယ် မဇင်မာမိုး၏မိသားစုဖြစ်သည်။ ဇင်မာမိုးသည် ရမည်း သင်းခရိုင် ပျော်ဘွယ်မြို့နယ် ရွှေညောင်ဖူးကျေးရွာသူ ဖြစ်သည်။ မောင်နှမခုနစ်ဦး ရှိသည့်အနက် စတုတ္ထမြောက်သမီးဖြစ်ပြီး သူ့အထက် အစ်ကို၊ အစ်မများ အိမ်ထောင်ကျပြီးနောက် မိသားစုတာဝန်ကို ပိုယူလာရသူဖြစ်သည်။ဖခင်ဖြစ်သူက လက်သမားဖြစ်ပြီး မိခင်နှင့်သူက ရှိသည့်ယာကလေး အနည်းငယ်မှာ တောင်သူလုပ်ကြ သည်။

ဇင်မာမိုးသည် အသက်(၂၀) အရွယ်သာ ဆိုသော်လည်း လူ ကောင်ကထွားသည်။ ယောက်ျား သားများနှင့် တန်းတူ အလုပ်လုပ် နိုင်သည်။ မိုးမလင်းမီ နံနက် သုံး၊ လေးနာရီလောက်ကတည်း က အိပ်ရာထကာ တစ်အိမ်လုံးစား ဖို့ သူထချက်ပြုတ်သည်။ နေထွက်ခါနီးဆိုလျှင် ထမင်း၊ ဟင်း ကျက်ပြီဖြစ်ပြီး နွားတစ်ရှဉ်းနှင့်အတူ ယာထဲဆင်းသည်။ ကိုယ့်ယာခင်း ကို ကိုယ်တိုင်ထွန်သည်။ ကိုယ် တိုင်စိုက်သည်။ ကိုယ်တိုင်ရိတ် သည်။

သို့သော် ဇင်မာမိုးတို့ ပျော် ဘွယ်နယ်သည် ကုန်းတွင်းပိုင်းမို့ မကြာခဏ မိုးခေါင်၍ စိုက်ပျိုးရေးအဆင်မပြေ။ မိုးဦးမကောင်းလျှင် လည်း ရှုံးသည်။ မိုးနှောင်းစွေမိုး ရွာတော့လည်း သီးနှံတွေ ပျက်သည်။ ပဲတီစိမ်း၊ ငရုတ် အပါအ ၀င် ထွက်လာသည့် သီးနှံဈေး ကောင်းမရတာမျိုး ကြုံရသည်။လူငှားခလည်း ဈေးကြီးပြန်သေး သည်။ သည်ကြားထဲ နေကြာကို ကြွက်က ဖျက်ဆီးပြန်သည်။ မိန်းမသားတန်မဲ့ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရပြီး ရလဒ်တွေ မကောင်းခဲ့၍ တောင်သူလုပ်ငန်းကို မဇင်မာမိုး စိတ်ကုန်စပြုလာသည်။ ‘တောင်သူလုပ်တာ ကြွေးထူတာပဲ အဖတ်တင်တယ်’ ဆိုသည့်စကားက ဇင်မာမိုး လက်သုံးစကား။


မဇင်မာမိုးတို့၏နေအိမ် (ဓာတ်ပုံ-ညီညီင်္ဇော်)

ထို့ကြောင့် အိမ်တာဝန်ထမ်း နေရသူတစ်ဦးအနေဖြင့် ဇင်မာမိုး စဉ်းစားလာရပြီ။ ဒီအတိုင်း ဆက်သွားလို့ ဘယ်လိုမှမရတော့။ သူ့ အောက်က အငယ်လေးတွေ၊ ကျောင်းသားလေးတွေ။ မောင်အ ကြီးဆုံးလေးဆို လာမည့်နှစ် ၁၀ တန်း တက်ရတော့မည်။ သူလေး အတွက် ကျူရှင်စရိတ်တွေလို လာတော့မည်။ မိသားစုဦးရေနှင့် မမျှ သေးငယ်စုတ်ချာလှသောအိမ်ကလေးမှသည် ရွာထဲက တချို့တွေလို နံကပ်တိုက်လေးဖြင့် မိသားစုတွေ  တပျော်တပါး နေထိုင်ချင်သည်။ ထိုဆန္ဒ ထိုရည်မှန်းချက်များဖြင့် မဇင်မာမိုးတစ်ယောက်ဆုံးဖြတ်သည်။ တောင်သူအလုပ်ကို စွန့်ခွာလိုက်ဖို့။

သူတို့ရွာအပါအ၀င် ပျော်ဘွယ်နယ်ရှိ ကျေးရွာအတော်များများတွင် ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်သူတွေရှိသည်။ ဒီမှာထက်စာလျှင် ၀င်ငွေက အစစအရာရာ သာလွန်၍ စွန့်စွန့်စားစား သွားရောက်ကာ အလုပ်လုပ်ကိုင်ကြ သည်။ အဆင်ပြေ၍ ထန်းလက်မိုး ထန်လက်ကာအိမ်မှသည် တိုက်တွေဖြစ်ကုန်သဖြင့် ဇင်မာမိုးအားကျသည်။ သူ့မိသားစုကိုလည်း အဲသလိုဖြစ်အောင် ဖန်တီးပေးချင်လှသည်။ ထို့ကြောင့် ပျော်ဘွယ်နယ်က အလုပ်သမားပို့ပေး နေသည့် အစ်ကိုတစ်ယောက် အကူအညီဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် စီစဉ်ပါတော့သည်။

ဇင်မာမိုးက သူ့အကြံအစည် အားလုံးစီစဉ်ပြီးပြီဆိုမှ မိသားစုကို အသိပေးသည်။ မိသားစုကတော့ တစ်ခါမှ နယ်ဝေးအလုပ်သွားလုပ်ဖူးသူမဟုတ်၍ နိုင်ငံရပ်ခြားအထိ အလုပ်သွားလုပ်မည်ဆိုတော့ စိတ်ပူကြသည်။ ရွာထဲက လူကြီးအချို့က တားကြသည်။ သို့သော် ဇင်မာမိုး နားမထောင်တော့။အားလုံး စီစဉ်ပြီးပြီဖြစ်ကြောင်းသာ ပြောပြသည်။ မိဘနှစ်ပါးက တော့ ဇင်မာမိုးသွားဖို့ ကျပ် ၁၄သိန်းလောက် အတိုးနှင့် ချေးငှားပေးခဲ့သည်။ ဇင်မာမိုးကတော့ထိုင်းကို အလုပ်သွားလုပ်ရတော့ မည်ဆို၍ တက်ကြွနေသည်။ မသွားမီရက်အတွင်းက ထိုင်းနိုင်ငံတွင် ၀တ်ရမည့် ည၀တ်အင်္ကျီလေး ကိုပင် အစမ်းဝတ်ကြည့်ကာ ကြည်ကြည်နူးနူးဖြင့် ဓာတ်ပုံရိုက်ခဲ့သေးသည်။ ထိုင်းရောက်လျှင် အလုပ်ကြိုးစားကာ ငွေစုမည်၊ ပြီးလျှင် မိသားစုဆီပို့ကာ အငယ်လေး ကျူရှင်စရိတ်တွေ၊ အိမ်ပြင်ဖို့တွေ သူထောက်ပံ့နိုင်တော့မည် စသည့် သူ့ရည်မှန်းချက် တစ်ပုံတစ်ပင်ဖြင့် ပျော်နေခဲ့သည်။ မိသားစုနှင့် ခွဲရတော့မည်ဖြစ်သော်လည်း ဇင်မာမိုး မျက်ရည်တစ်စက်မကျ။ မျက်နှာတစ်ချက်မပျက်။

ဒုတိယ မိသားစုကတော့ ပျော်ဘွယ်နယ် အစွန်အဖျားရှိ ဖောင်းတောကျေးရွာမှ (၂၄)နှစ်အရွယ် မအိဖြူဖြစ်သည်။ အိဖြူကတော့ အိမ်ထောင်သည်။ အိဖြူ အမျိုးသားက ဖောင်းတောရွာဇာတိဖြစ် ပြီး အိဖြူတို့က လွန်ခဲ့သော ငါးနှစ်ကျော်က အိမ်ထောင်ကျသည်။ အိဖြူအမျိုးသားသည် ရွာမှာပင် တောင်သူလုပ်ငန်းလုပ်ပြီး အိဖြူကတော့ အိမ်မှာစက်ချုပ်သည်။ ဖောင်းတောသည်လည်း ရွှေ ညောင်ဖူးရွာကဲ့သို့ပင် ပျော်ဘွယ် နယ်အတွင်းမို့ တောင်သူလုပ်ငန်း က အဆင်မပြေ။ အိဖြူကလည်း စက်ချုပ်သည်သာဆိုတာ ကိုယ့်ရွာကိုယ့်မိတ်ဖြစ်၍ ၀င်ငွေက ပြောပအောင်မရ။ ဖောင်းတောရွာက သာ၍ဆိုးသည်က လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းပင်ဖြစ် သည်။ ပျော်ဘွယ်မြို့ပေါ်သို့ပင် အချိန်အကြာကြီးပေးကာ နာရီအတန်ကြာအောင် သွားရသည်။


မဇင်မာမိုး

ထို့ကြောင့် ဖောင်းတောရွာသည် လူကြီးနှင့် ကလေးကလွဲလို့အရွယ်ကောင်းအားလုံး ရွာမှာမရှိတော့။ ၀င်ငွေရလမ်းသာသည့် ထိုင်းတို့၊ မလေးရှားတို့ အသွားများသည်။ အိဖြူတို့ လင်မယားလည်း ရွာမှာနေရတာ ဘယ်လိုမှ အဆင်မပြေ၍ လွန်ခဲ့သော နှစ်နှစ်ကျော်က ထိုင်းသို့သွားရောက် အလုပ်လုပ်ခဲ့သည်။ ကြက်သားစက်ရုံမှာ လင်ရော၊ မယားပါ အလုပ်ဝင်ခဲ့သည်။ သည်မှာထက်စာလျှင် အဆင်ပြေသည်။ နှစ်နှစ်လောက်လုပ်ပြီး တခြားဝင်ငွေကောင်းသည့် အလုပ်ပြောင်းရန်အတွက် မြန်မာပြည်ခဏ ပြန်ခဲ့ကြသည်။ သို့သော် လက်ချည်းသက်သက်တော့ မဟုတ်။ နှစ်ယောက်စလုံး အလုပ်လုပ်ကာ ခြစ်ကုတ်စုထားသည့် ငွေ အနည်းငယ်ဖြင့်ဖြစ်သည်။

ရွာရောက်တော့ သူတို့ကိုယ် ပိုင် ၀ိုင်းကလေးပေါ်တွင် တိုက်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် အုတ်ခွေထားခဲ့သည်။ ထိုင်းသို့ပြန်သွားကာ လင်မယားနှစ်ယောက် နောက်ထပ်နှစ်နှစ်လောက် အလုပ်လုပ်ပြီးပြီဆိုလျှင် တိုက်က လေးလည်း ဆောက်နိုင်မည်ဟု စိတ်ကူးထားသည်။ ထို့အပြင် ငွေအရင်းအနှီးကလေးပါ ရအောင်စုကာ ရွာမှာတင် လုပ်ငန်းကလေး တစ်ခုလုပ်ပြီး ပြန်အခြေချရန် ရည်မှန်းထားသည်။ နောက်ပြီး အိဖြူတို့လင်မယား ရည်ရွယ်ထား တာတစ်ခု ရှိသေးသည်။ အိမ်ထောင်သက် ငါးနှစ်သာရှိသော် လည်း သားသမီး မယူကြသေး။ လင်ရော၊ မယားရော တိုင်းတစ်ပါးမှာ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်နေ၍ မယူသေးခြင်းဖြစ်သည်။ သည်တစ်ခေါက်လောက် သွားအလုပ်လုပ်ပြီးလျှင်တော့ ရွာမှာတင် ပြန်အခြေချ လုပ်ငန်းလေးတစ်ခုလုပ်ကာ သားသမီးယူရန် လင်မယားနှစ်ယောက် တိုင်ပင်ထား သည်။

နောက်ဆုံး တတိယမိသားစု ကတော့ ဖောင်းတောရွာကပင် ဖြစ်သည်။ သူကတော့ (၂၃)နှစ်ခန့်ရှိ မငြိမ်းငြိမ်းဌေး ဖြစ်သည်။ ငြိမ်းငြိမ်းဌေးသည်လည်း ရွှေညောင်ဖူးရွာက ဇင်မာမိုးလို မောင်နှမခုနစ်ဦးရှိပြီး အလတ်မဖြစ်သည်။ ငြိမ်းငြိမ်းဌေးကတော့ ဖခင်မရှိတော့။ အထက်က အစ်ကိုတွေ၊ အစ်မတွေလည်း အိမ်ထောင်တွေ ကျကုန်သဖြင့် မိခင်မုဆိုးမကြီးနှင့် ငြိမ်းငြိမ်းဌေးတို့ကသာ မိသားစုကို ဦးဆောင်နေရသည်။

 ငြိမ်းငြိမ်းဌေးလည်း သူ့ အောက်က ညီမလေးနှင့်အတူ အိဖြူတို့ လင်မယားကဲ့သို့ ထိုင်းနိုင်ငံ ကြက်သားစက်ရုံတွင် အတူတကွ အလုပ်သွား ရောက်လုပ်ကိုင်ခဲ့ပြီး တခြားအလုပ်ပြောင်းရန် ရွာသို့ ခေတ္တပြန်ရောက်လာခဲ့သည်။ ငြိမ်းငြိမ်းဌေးက သူ့အောက်က မောင်ညီမများကို ညှာတာသလို မိခင်မုဆိုးမကြီးကိုလည်း သနားလှသည်။ အမေ မသေမီလေး အိမ်ကြီးအိမ်ကောင်းဖြင့် ထားလိုစိတ် ငြိမ်းငြိမ်းဌေးမှာရှိသည်။ ထို့ကြောင့် ငြိမ်းငြိမ်းဌေးတို့ ညီအစ်မနှစ်ယောက် ထိုင်းကြက်သားစက် ရုံသို့ နှစ်နှစ်ခန့် သွားရောက်အလုပ်လုပ်ခဲ့သည်။

ညီအစ်မနှစ်ယောက် လုပ်ခစုဆောင်းငွေလေးများဖြင့် မိဘပိုင်မြေပေါ်မှာ နံကပ်တိုက်ကလေးဆောက်ရန် ရည်ရွယ်ခဲ့သည်။ ရည်ရွယ်သည့်အတိုင်းလည်း တိုင်ထောင်အုတ်ပတ်ကာ စတင်လုပ်နိုင်ခဲ့သည်။ အပြီးမသတ်နိုင်သေး။ ထို့ကြောင့် ငြိမ်းငြိမ်းဌေးတို့ ညီအစ်မနှစ်ယောက် ထိုင်းသို့ ပြန် သွားကာ အလုပ်လုပ်ရန် စီစဉ်ရသည်။ တကယ်တမ်း ငြိမ်းငြိမ်းဌေးတို့တစ်တွေ ထိုင်းကို ပြန်မသွားချင်တော့။ ရွာမှာတင် အရောင်းအ၀ယ်ကလေး တစ်ခုခုလုပ်ကာ နေချင်လှပြီဖြစ်သည်။ သို့သော် သူတို့ရည်မှန်းချက်တွေ မပြည့်ဝသေး၍ ထိုင်းကိုပြန်သွားရန် စီစဉ်ရသည်။ မူဆယ်တွင်နေ သည့် အိမ်ထောင်သည်အစ်ကိုကြီးကတော့ မူဆယ်လာအလုပ်လုပ်ရန်ခေါ်သည်။ သို့သော် မူဆယ်မှာ  တိုက်ပွဲတွေကြောင့် မကြာခဏ မငြိမ်မသက်ဖြစ်နေ၍ ငြိမ်းငြိမ်း ဌေးတို့ လန့်သည်။ ထို့ကြောင့် အစ်ကိုဆီမသွားဘဲ ထိုင်းသာပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။

ထိုကဲ့သို့ ရည်မှန်းချက်တွေ ကိုယ်စီဖြင့် ထိုအမျိုးသမီး သုံးယောက်သည် ထိုင်းနိုင်ငံသို့ ပြန်သွားခဲ့သည်။ သူတို့အပါအ၀င် ပျော်ဘွယ်နယ်က လူအယောက်၂၀ ကျော် သွားရောက်ခဲ့သည်။ မတ်လ ၂၆ ရက်က ပျော်ဘွယ်ကနေ ရန်ကုန်သို့သွားခဲ့ပြီး ရန်ကုန်မှတစ်ဆင့် မြ၀တီသို့ကူးသည်။


မအိဖြူတို့၏ စတင်တည်ဆောက်နေသော တိုက်အုတ်ခံကို တွေ့ရစဉ် (ဓာတ်ပုံ-ညီညီဇော်)

ရွှေညောင်ဖူးရွာသူ ဇင်မာမိုးက ပထမဆုံးအခေါက် ဖြစ်သော်လည်း စိတ်ထဲတွင် ကြောက်လန့်စိတ်လည်းမဖြစ်။ သူ့စိတ်ကူးအိပ်မက်တွေ အကောင်အထည် ပေါ်လာတော့မည်ဆိုတာကိုသာ တွေးရင်းကြည်နူးနေခဲ့သည်။ သူ့ဖေ့စ်ဘွတ်ခ် အကောင့်ကနေတစ်ဆင့် သူ့ဖခင်နှင့် မိခင်ထံ ဆက်သွယ်ခဲ့သည်။ မြ၀တီရောက်တော့ ကုမ္ပဏီကပေးသည့် ၀န်ထမ်းဝတ်စုံစပို့ရှပ်ကလေးကို ၀တ်ကာ ဓာတ်ပုံရိုက်ပို့ပေးခဲ့သေးသည်။ မိသားစုထံတင်မကသေး။ ရွာထဲက သူ့သူငယ်ချင်းတွေဆီကိုလည်း ဗိုက်ဘာကနေတစ်ဆင့် ဓာတ်ပုံပို့ပေး ခဲ့သည်။ သူမကြာခင် သွားရတော့ မည့် အကြောင်းကိုလည်း ပြော သည်။

သူတို့သွားပြီး လေးရက်ခန့် အကြာ မတ်လ ၃၀ ရက် နံနက်တွင်သတင်းဆိုးတစ်ခုက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် ရောက်လာ ခဲ့သည်။ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် လာရောက်သည့် မြန်မာအလုပ်သမား ၂၀ ဦး ကားမီးလောင်၍ သေဆုံးဆိုသည့် သတင်း။ ပျော်ဘွယ်နယ်က ထိုင်းသို့အလုပ်လုပ် ရန် ပါသွားသည့် ကျေးရွာတွေမှာ ထိုသတင်းကြောင့် အားလုံးယောက်ယက်ခတ် ကုန်ကြသည်။ တက်လာသည့် သတင်းတွေလိုက်ဖတ်ရင်း ကိုယ့်သားသမီးတွေပါ သွားသည့် ယာဉ်ဖြစ်နေ၍ အပူမီးတဟုန်းဟုန်း ထတောက်ကုန်သည်။ ဦးဆောင်စီစဉ်ပေးသူက ဖောင်းတောရွာကမို့ ဖောင်းတောကိုလည်း ပြေးကြသည်။

မိသားစုဝင်များက ရန်ကုန်ကကုမ္ပဏီကို လှမ်းချိတ်ရင်း တစ်နေကုန် တက်နေသည့် သတင်းများကို စောင့်ဖတ်နေရသည်။ ကားက နှစ်စီးခွဲသွားပြီး တစ်စီးက မီးလောင်ခဲ့သည်ဟုလည်း ကြားရသည်။ သေသူ ၂၀ ကျော်ဆို၍ ကိုယ့်သား၊ သမီးတွေ၊ ကိုယ့်တူ၊ တူမတွေ၊ ကိုယ့်မြေးတွေ ဖြစ်နေမလား ရင်တွေပူရသည်။ မွန်းလွဲပိုင်းမှာတော့ အမည်စာရင်းတွေ တက်လာသည်။ ထိုစာရင်းတွေ အရ ပျော်ဘွယ်မြို့နယ်က အမျိုးသမီးသုံးယောက် ပါနေခဲ့သည်။ ထိုအမျိုးသမီး သုံးယောက်ကဇင်မာမိုး၊ အိဖြူနှင့် ငြိမ်းငြိမ်းဌေးတို့ပင်ဖြစ်သည်။

ညနေတွင် မိသားစုဝင်အားလုံး သူတို့သမီးသုံးယောက် ကားမီးလောင်သေဆုံးသည့်အထဲ ပါသွားသည်မှာ သေချာပြီဟု လက်ခံခဲ့ရသည်။ ‘‘ဇင်မာမိုး ခုလိုဖြစ်တာ သူ့မိသားစုအတွက် လက်တစ်ဖက်ပြုတ်တာ မဟုတ်ဘူး။ ခေါင်းပါပြတ်သွားတာ။ သူကအိမ်ထောင်ဦးစီး တစ်ယောက်လို လုပ်ကိုင်နေတာ’’ဟု ဇင်မာမိုး၏ ဆွေမျိုး အဘဦးဝင်းမောင်၏ စကားဖြစ်သည်။

အိဖြူအဘွားကတော့ အိမ်မှာ သည်အကြောင်းမပြောဖို့ မျက်ရည်လည်ရွှဲဖြင့် တားရှာသည်။ အဘယ့်ကြောင့်ဆိုသော် အိဖြူချစ်လှသော ဘိုးအေကြီးမှာ အိပ်ရာဖျာကပ် ကျန်းမာရေးမကောင်းချိန်ဖြစ်၍ ထိုသတင်းဆိုးကို ပေးမသိရဲ။ နှမသတင်း ကြားကြားချင်း မူ ဆယ်ကနေ ဆိုင်ကယ်ဖြင့် အပြေးဆင်းလာသည့် အစ်ကိုကြီး ကိုနန်းကြိုင်က သူ့နှမလေး ငြိမ်းငြိမ်းဌေး၏ ဗိုက်ဘာနံပါတ်ဆီ ‘‘ညီမလေး ဘယ်နားမှာလဲ။ စိုးလေးနား သွားနေလေ။ ဟေး ... ဟိုင်း hi hi hi’ဟူသည့် မက်ဆေ့ခ်ျတွေ တရစပ်ပို့နေဆဲ။ ဖုန်းတွေလည်း ခေါ်ခဲ့သည်။ ‘လူနဲ့ ဖုန်းနဲ့ ဝေးနေလို့လား။ ဖုန်းက အဝေးကျသွားသလားဆိုပြီး ခေါ်ကြည့်နေတာ။ မကိုင်ဘူး’။ ကိုနန်းကြိုင် မျက်ရည်တွေ ၀ဲလာခဲ့သည်။


မအိဖြူ

ဇင်မာမိုးတို့တစ်တွေ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် Star Pioneer ကုမ္ပဏီလီမိတက်က ပို့ဆောင်ခဲ့ပြီး နှစ်နိုင်ငံသဘောတူ စာချုပ် (MoU) ဖြင့် သွားရောက်ခြင်းဖြစ်သည်။ ပျော်ဘွယ်သူသုံးဦး အပါအ၀င် မြန်မာလုပ်သား ၄၇ ဦး လိုက်ပါလာခဲ့ပြီး မတ်လ ၃၀ ရက် နံနက်ပိုင်း မဲဆောက်မှ ဘန်ကောက်သို့အကူး မဲဆောက်အလွန် တောင်ပေါ်လမ်းအဆင်းတွင် ကားမီးလောင်ခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် ဇင်မာမိုး၊ အိဖြူ၊ ငြိမ်းငြိမ်းဌေးတို့ အပါအ၀င် မြန်မာအလုပ်သမား ၂၀ ဦး သေဆုံးခဲ့ရသည်။ အိဖြူအမျိုးသားကမူ အိဖြူနှင့် ကားချင်းမတူသဖြင့် ကံကြမ္မာဆိုးမှ လွတ်မြောက်ခဲ့ရ သည်။ ၎င်းအပါအ၀င် မသေဘဲကျန်ရစ်သူများမှာ ဒဏ်ရာရသူ သုံးဦးသည် လတ်တလောတွင် ဆေးကုသမှု ခံယူနေပြီး အများစုသည် ထိုင်းတွင်ပင် အလုပ်ဝင်ရန် ဆက် လက်နေထိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ နိုဝင်ဘာတုန်းကလည်း မဲဆောက်မှ မြန်မာလုပ် သား ၁၃ ဦး တင်ဆောင်လာသည့်ယာဉ်က ကုန်တင်ယာဉ်နှင့် ၀င်တိုက်မိ၍ မီးလောင်ပြီး မြန်မာလုပ်သား ၁၃ ဦးစလုံးနှင့် ထိုင်းယာဉ်မောင်းတို့ သေဆုံးခဲ့ရသည်။

ယင်းဖြစ်စဉ်ကို ထိုင်းအာ ဏာပိုင်များက စစ်ဆေးနေပြီး အခင်းဖြစ်စဉ်က ထွက်ပြေးသွား သော ယာဉ်မောင်းကို ဖမ်းမိထားသည်။ ယာဉ်သည် တစ်စုံတစ်ခု ဖြင့် တိုက်မိခြင်းမရှိသလို တိမ်းမှောက်ခြင်းလည်းမရှိဘဲ ယာဉ်နောက်ပိုင်းမှတစ်ဆင့် မီးစတင်လောင်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ က မှတ်ချက်ပြုထားသည်။

သေဆုံးသူများအတွက် နာ ရေးကိစ္စနှင့် ခံစားခွင့်များရရှိရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဆောင်ရွက်ပေးမည်ဟု ပြောကြား ထားပြီး မြန်မာအစိုးရကလည်း သေဆုံး မြန်မာလုပ်သားတစ်ဦး လျှင် ကျပ်သုံးသိန်းနှင့် ဒဏ်ရာရ သူတစ်ဦးလျှင် ကျပ်တစ်သိန်းစီ ထောက်ပံ့ထားသည်။


မငြိမ်းငြိမ်းဌေး

ယခုတစ်ကြိမ် ကားမီးလောင် မှုတွင် ပျော်ဘွယ်မြို့နယ်မှ သုံးဦး ပါဝင်ပြီး ကျောက်တံခါးမြို့နယ် မှ ခြောက်ဦး၊ နတ်မောက်မြို့၊ အောင်လံမြို့နှင့် မြို့သစ်မြို့တို့မှ နှစ်ဦးစီ၊ မော်လမြိုင်၊ လယ်ဝေး၊ ပဲခူး၊ သနပ္ပင်၊ အရာတော်တို့မှတစ်ဦးစီ၊ စုစုပေါင်း မြန်မာလုပ်သား ၂၀ ဦး မီးလောင်သေဆုံးခဲ့ သည်။ ထို ၂၀ ဦးတွင် ကျောက် တံခါးမှ  အမျိုးသားနှစ်ဦးကလွဲ၍ ကျန် ၁၈ ဦးသည် မြန်မာအမျိုးသမီး များဖြစ်သည်။ ပျော်ဘွယ်သူသုံး ဦးကဲ့သို့ သေဆုံးသူတွေအားလုံး အိပ်မက်တွေ ကိုယ်စီရှိကြလိမ့် မည်။ ထိုအိပ်မက်များ ရင်ဝယ်ပိုက် ရင်း ထိုင်းနိုင်ငံသို့ ရောက်လာခြင်း ဖြစ်သည်။ ယခုတော့ သူတို့အိပ် မက်တွေအားလုံး သူတို့နှင့်အတူ လောင်ကျွမ်း ပျက်စီးခဲ့ရပြီဖြစ် သည်။

ဇင်မာမိုး၏မိခင် (၄၆)နှစ်အရွယ် ဒေါ်ခင်စန်းတင်တစ် ယောက် ဘာစကားမှမပြောနိုင်။ အပူမီးများလောင်ကျွမ်းကာ ငိုဆဲ၊ ရှိုက်ဆဲ။

ငြိမ်းငြိမ်းဌေး၏ မိခင်ကြီးကတော့ သူ့သမီး ရုတ်တရက်ကြီးဆုံးရှုံးသွားသည်ကို ဘယ်လိုမှမယုံနိုင်။ မျက်စိရှေ့တွင်မမြင်ရ၍ လက်မခံနိုင်။ ထို့ကြောင့် သမီးရုပ် အလောင်းရှိရာ ထိုင်းနိုင်ငံသို့ လိုက်သွားနေပြီဖြစ်သည်။ ‘‘အမေကတော့ သူ့သမီး မသေသေးဘူး၊ရှာဦးမယ်လို့ ပြောသွားတယ်’’ဟု သားဖြစ်သူ ကိုနန်းကြိုင်က ဆို့နင့်စွာဆိုလေသည်။       ။


မငြိမ်းငြိမ်းဌေးတို့၏ ဆောက်လက်စ နံကပ်တိုက်ကို တွေ့ရစဉ် (ဓာတ်ပုံ - ညီညီဇော်)