ဘင်္ဂါလီအရေးကို ပိုမိုဆိုးရွားအောင် ဖေ့စ်ဘွတ်ခ်သုံးပြီး သွေးထိုးမှုများရှိဟု ဇူကာဘက်ဝန်ခံ

Stephen Lam/reuters

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီပြဿနာ၌ အခြေနေများ ပိုမိုဆိုးရွားအောင် Facebookအသုံးပြု၍ သွေးထိုးမှုများ ရှိခဲ့ ကြောင်း Facebook ထူထောင်သူ မာ့ခ်ဇူကာဘက်က ပြောကြား သည်။

မြန်မာနိုင်ငံမှ လူမျိုးရေး အမုန်းတရား ဖြန့်ဝေမှုများသည် Facebook ၏ အတွင်းစည်း၌ အလေးအနက် အာရုံစိုက်ရသည့် ပြဿနာတစ်ခု အသွင်ဆောင်လာ ကြောင်း ကုမ္ပဏီ၏ အမှုဆောင် ချုပ်နှင့် ဥက္ကဋ္ဌ ဇူကာဘက်က ဧပြီ ၂ ရက် Vox သတင်းဌာနနှင့် အင်တာဗျူးတွင် ဝန်ခံခဲ့သည်။

နိုင်ငံတကာတွင် Facebookအသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက် ပေါက်ကြားမှုများ နှင့်ဆက်စပ်၍ ကုမ္ပဏီ၏ ကိုင် တွယ်ဖြေရှင်းမှုများအကြောင်း Vox နှင့် အင်တာဗျူး ပြုလုပ်စဉ် မြန်မာ့အရေးနှင့်ပတ်သက်သည့် သဘောထားအမြင်ကိုလည်း ဇူကာဘက်က ထည့်သွင်းပြောဆို ခြင်းဖြစ်သည်။

(Reuters)

‘‘ကုမ္ပဏီရဲ့ အတွင်းပိုင်းမှာ လည်း မြန်မာ့အရေးအပေါ် အာရုံစိုက်မှုတွေ တော်တော်မြင့်မြင့် မားမားရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်’’ဟု ဇူကာဘက်က ဆိုသည်။ Facebook နှင့် Mes-senger ကဲ့သို့ App များကို အသုံး ချပြီး မြန်မာနိုင်ငံတွင် ဘင်္ဂါလီ ပြဿနာကို ပိုမိုရှုပ်ထွေး အရှိန်မြင့်အောင် သွေးထိုးမှုများ ရှိခဲ့ ကြောင်း ၎င်းကမှတ်ချက်ပေးသည်။

‘‘ကျွန်တော် မှတ်မိသေး တယ်။ စနေနေ့ တစ်ရက် မနက် ပိုင်းမှာ ကုမ္ပဏီကတစ်ယောက် ဖုန်းဆက်လာတယ်။ လူတချို့ကသွေးဆူစေမယ့် သတင်းစကား တွေ ဖြန့်ဝေဖို့ ကြိုးစားနေတဲ့အ ကြောင်း လှမ်းအသိပေးတာပါ။ Facebook Messenger မှာ ဒီကိစ္စတွေ တကယ်ရှိနေတယ်။ ဥပမာပြောပါမယ်။ မွတ်စလင် တွေဘက်ကို သတင်းလှမ်းပေး တဲ့အခါ ‘ဗုဒ္ဓဘာသာဝင်တွေက ပြဿနာရှာဖို့ လူစုနေပြီ။ ရရာ လက်နက်ကိုင်ထားကြတော့’ ဆို တာမျိုးတွေ ရေးထားတယ်။ ဗုဒ္ဓ ဘာသာဝင်တွေဘက်ကိုလည်းအဲဒီလို ပုံစံတူသတင်းစကားတွေ လှမ်းပို့တာမျိုးပေါ့။ နှစ်ဖက်စလုံးမှာ ဒါမျိုးတွေ ရှိနေပါတယ်’’ဟု ဇူကာဘက်က ပြောကြားခဲ့သည်။

၎င်းက ‘‘ကျွန်တော်တို့ ရင် ဆိုင်နေရတဲ့ ပြဿနာက အဲဒီလိုပုံစံမျိုးပါပဲ။ လူတချို့ဟာ တကယ့်အန္တရာယ်ကြီးကို အရှိန်မြှင့်ပေးဖို့ အတွက် Facebook ကို ကြားခံကိရိယာတစ်ခုအနေနဲ့ သုံးနေကြတာပါ’’ဟုလည်း ထောက်ပြခဲ့ သည်။ ထိုအချိန်က Facebook သည် ကောလာဟလဖြန့်ဝေမှုများ ပျံ့နှံ့မှုမရှိအောင် ဟန့်တားနိုင်ခဲ့ ကြောင်း ဇူကာဘက်က အတည် ပြုခဲ့သည်။ ‘‘ဒါပေမဲ့ ဒါက ပေါ့ပေါ့လေး သဘောထားလို့မရပါဘူး။ ကျွန်တော်တို့ အများကြီး အာရုံစိုက်ဖို့လိုတဲ့ကိစ္စမျိုး ဖြစ်ပါတယ်’’ ဟု အသက် (၃၃)နှစ်ရှိ အမေရိ ကန် စွန့်ဦးနည်းပညာလုပ်ငန်း ရှင်က ဝန်ခံခဲ့သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အကြမ်းဖက်သမား များ၏ ဆူပူတိုက်ခိုက်မှုကို တပ် မတော်က စစ်ဆင်ရေးများဖြင့် တုံ့ပြန်ဖြိုခွင်းခဲ့ရာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမျိုးနွယ်စု အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်း ရှောင်ရွှေ့ပြောင်းခဲ့ရသည်။ ယင်းဖြစ်ရပ်များနှင့် ဆက်စပ်၍ ကုလ သမဂ္ဂက မြန်မာနိုင်ငံတွင် စနစ် တကျ လူမျိုးရေးရှင်းလင်းမှုများ ရှိနေကြောင်း စွပ်စွဲခဲ့သလို Facebook သည် အမုန်းစကား ဖြန့်ဝေမှုများ၏ အဓိက ရင်းမြစ် တစ်ခုဟုလည်း ဝေဖန်ခဲ့သည်။

ဇူကာဘက်နှင့် တွေ့ဆုံခဲ့သည့် Vox မှ အင်တာဗျူး အစီ အစဉ်မှူး အက်ဇ်ရာကလိန်းက ‘‘မနှစ်က Facebook နဲ့ပတ်သက် လို့ ဖတ်မိသမျှ သတင်းတွေထဲမှာ အဆိုးဆုံးတစ်ခုက မြန်မာနိုင်ငံမှာ Facebook ဟာ ဘင်္ဂါလီဆန့်ကျင် ရေး ဝါဒဖြန့်မှုတွေနဲ့ပတ်သက်လို့ ပင်မ အရင်းအမြစ်တစ်ခု ဖြစ်နေတယ်ဆိုတဲ့ ကိစ္စပါ။ တစ်နည်းအားဖြင့် လူမျိုးရေးရှင်းလင်းမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုလို ရပ်တည် လာတယ်ဆိုတာမျိုးပါပဲ’’ဟု မှတ် ချက်ပေးခဲ့သည်။

ဇူကာဘက်က Facebook သည် မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ အရေးကိစ္စများနှင့် လျော် ကန်ကိုက်ညီစွာ ကိုင်တွယ်နိုင်ရန် ပိုမို၍ နိုင်ငံတကာ စံနှုန်းမီ ပြောင်းလဲမှုများ လိုအပ်ကြောင်း ဝန်ခံခဲ့ သည်။ သို့သော် မြန်မာသည် ကုမ္ပဏီအတွက် အလွန်အရေးပါ သည့် ဈေးကွက်တစ်ခုမဟုတ်ဟု ၎င်းက အတိအလင်း ပြောကြားခဲ့ သည်။

‘‘ကျွန်တော်တို့ဟာ ပိုပြီး နိုင်ငံတကာဆန်တဲ့ ကုမ္ပဏီတစ်ခုတော့ ဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကမ္ဘာအနှံ့မှာ ရုံးခွဲတွေ ဖွင့်ထားပြီးပြီ။ ဒီတော့ တော်တော် လေး နိုင်ငံတကာဆန်ပြီးသားအ ဆင့်မှာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဌာနချုပ်ဟာ ကယ်လီ ဖိုးနီးယားမှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက လူ့အသိုက်အဝန်း အသီးသီးရဲ့ ကွဲပြားတဲ့ အစိတ်အပိုင်းတွေကို ကျွန်တော်တို့ ပိုပြီး အာရုံစိုက် နိုင်အောင် သေချာလုပ်ဆောင် သွားပါမယ်’’ဟု ဇူကာဘက်က အာမခံခဲ့သည်။

Facebook သည် အသုံးပြု သူများ၏ အချက်အလက်ပိုင်း ပေါက်ကြားမှုများအတွက်လည်း နိုင်ငံတကာတွင် မျက်နှာပျက်စရာ အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရ သည်။ နိုင်ငံရေး အကြံပေးဝန် ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် Cambridge Analytica က Facebook ၏ အားနည်းချက်များ ကို အသုံးချကာ အသုံးပြုသူ သန်းပေါင်းများစွာ၏ ကိုယ်ရေး အချက် အလက်များကို ရယူခဲ့ခြင်းနှင့်ပတ်သက်၍ ဇူကာဘက်၏ တုံ့ပြန် ဆောင်ရွက်မှုအပေါ် ဝေဖန်မေး ခွန်းထုတ်မှု အများအပြားထွက် ပေါ်နေသည်။ ဇူကာဘက်က ၎င်းအနေဖြင့် ယင်းကိစ္စအတွက် လိုအပ်လာလျှင် အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖြေရှင်း ရန် အစဉ်လမ်းဖွင့်ထားမည်ဟု ကတိပြုခဲ့သည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက် ၍မူ Facebook သည် မတ်လ လယ်ကတည်းက ကုလသမဂ္ဂ၏ပြင်းထန်သော စွပ်စွဲဝေဖန်မှုများ နှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ၎င်းတို့၏ ပလက်ဖောင်းပေါ်တွင် အမုန်းစကား ဖြန့်ဝေမှုများအ တွက် နေရာမရှိနိုင်ဟု Facebook က ကြွေးကြော်ထားသည့်တိုင် လက်တွေ့နှင့် အလွန်ကင်းကွာ နေကြောင်း ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေအတည်ပြုရေး မစ်ရှင်မှ တာဝန်ရှိသူများက ပြော ကြားခဲ့သည်။

အဆိုပါ မစ်ရှင်၏ အကြီး အကဲ မာဇူကီ ဒါရူစ်မန်က ‘‘အမုန်းစကား ဖြန့်ဝေမှုတွေဟာ Face-book ရဲ့ အစိတ်အပိုင်းတစ်ခု အမှန်တကယ်ပဲ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ Facebook ရဲ့ အ နေအထားက စိုးရိမ်စရာပါ။ အဲဒီမှာ လူမှုကွန်ရက် မီဒီယာသုံးတယ်ဆိုတာက Facebook တစ်ခု တည်းကို ရည်ညွှန်းသလောက် ဖြစ်နေပါတယ်’’ဟု မှတ်ချက်ပေး ခဲ့ဖူးသည်။

ကုလသမဂ္ဂ၏ မြန်မာ့လူ့ အခွင့်အရေးဆိုင်ရာ အထူးကိုယ် စားလှယ်တစ်ဦးဖြစ်ခဲ့သည့် ရန် ဟီးလီကလည်း ‘‘အစွန်းရောက် အမျိုးသားရေးဝါဒီတွေက Face-book ကနေတစ်ဆင့် ဆူပူမှုတွေ ကိုလှုံ့ဆော်ပြီး ဘင်္ဂါလီတွေ၊ လူ နည်းစု တိုင်းရင်းသားတွေနဲ့ပတ် သက်လို့ အမုန်းတရားဖြန့်ဝေမှု တွေ အများကြီး လုပ်ဆောင်နေပါ တယ်။ Facebook ဟာ သားရဲ ကောင်ကြီးတစ်ကောင်အသွင်မျိုး ပြောင်းလဲလာတာ စိုးရိမ်စရာပါ။ ဒါဟာ Facebook ကို ထူထောင်တဲ့ မူလရည်မှန်းချက်တော့ မဟုတ်နိုင်ပါဘူး’’ဟု ထိုစဉ်က ဝေဖန်ခဲ့ သည်။

ဇူကာဘက် ပူးပေါင်းဖန်တီး ထားသည့် Facebook ဝက်ဘ်ဆိုက်ကို ၂၀၀၄ နှစ်ဆန်းပိုင်းက စတင်လည်ပတ်ခဲ့သည်။ ယခုအခါ Facebook သည် လူဦးရေ ၂ ဒသမ ၂ ဘီလီယံမျှ ပုံမှန်အသုံးပြုနေသည့် ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်မီဒီယာကြီးအဖြစ်လည်း ရပ်တည်နေသည်။

—Ref: Guardian, Vox, Reuters