ကဘူးလ်တွင် အသေခံ ဗုံးခွဲမှု ဖြစ်ပွားပြီး အနည်းဆုံး ၃၁ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ ဘာသာရေး ဝတ်ပြုရာ နေရာတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ကဘူးလ်ရှိ လူနည်းစု ရှီးဟိုက် မွတ်ဆလင်များ ဝတ်ပြုရာ ကာတီဆာခီတွင် မတ် ၂၁ ရက်က ဗုံးကွဲခဲ့ခြင်း ဖြစ်သည်။ ရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ကျင်းပပြီး လူစည်ကားနေချိန်၌ အသေခံ ဗုံးသမားက စနက်တံဖြုတ် ဖောက်ခွဲခဲ့ခြင်းဟု မျက်မြင်များက ဆိုသည်။

သေဆုံးသူများထဲတွင် ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေသည့် ရှီးဟိုက် မွတ်ဆလင် လူငယ်လူရွယ် အများအပြား ပါဝင်ခဲ့သည်။ သေဆုံးသူ ၃၁ ဦးအပြင် ဆေးရုံတက် ကုသမှု ခံယူနေရသည့် ဒဏ်ရာရသူ ၆၅ ဦးအနက် အခြေအနေ ဆိုးရွား ပြင်းထန်သူများလည်း ပါရှိနေရာ အသေအပျောက်ဦးရေ မြင့်တက်လာဖွယ် ရှိနေသည်။

အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က အဆိုပါ ဗုံးခွဲမှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အိုင်အက်စ်တို့သည် ယခင်ကလည်း အာဖဂန်ရှိ ရှီးဟိုက် မွတ်ဆလင် အသိုက်အဝန်းကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ကြေညာချက်၌ အသေခံ ဗုံးသမား တစ်ဦးသည် ထိုနေရာသို့ ခြေလျင် လျှောက်လာပြီး ဖောက်ခွဲခဲ့ခြင်းဟု ဖော်ပြထားသည်။ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် လူစည်ကားရာ ကဘူးလ်တက္ကသိုလ်နှင့်လည်း နီးကပ်စွာ တည်ရှိနေသည်။

ကာတီဆာခီတွင် ယခင်ကလည်း ဆိုးရွားသည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ယင်းနေရာ၌ စစ်သွေးကြွများ ဝင်ရောက်ပစ်ခတ်ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့သည်။ ၂၀၁၁ ကမူ ဗုံးပေါက်မှုတစ်ခု ဖြစ်ပွားပြီး လူ ၅၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Ref: EPA