မြစ်ဧရာရင်ခွင်တွင် ငါးမျိုးသုဉ်းလုချိန်

ဧရာဝတီမြစ်အတွင်း ငါးဖမ်းရန် မြစ်အတွင်း လှေလှော်သွားနေသော မိသားစုတစ်စု (ဓာတ်ပုံ − မိုးကျော်)

အညာနွေ အပူရှိန် ကြောင့် ဧရာဝတီ မြစ်၏ ရေလှိုင်းများ ပေါ်တွင် တံလျှပ်လှိုင်းများကိုပါ ထပ်၍ မြင်နေရသည်။ ထိုတံလျှပ်လှိုင်းတို့ထနေသည့် အပူရှိန် အောက် ဧရာဝတီမြစ်အလယ် သဲ သောင်ပြင်ဖြူလွလွပေါ်တွင် တဲ အိမ်ငယ် ငါးဆယ်ခန့်က အညာ နွေအပူကို အန်တုလျက် တည်ရှိ နေသည်။

ထို့အတူ ကလေးငယ်အချို့ကလည်း အပူရှိန်ကို အန်တုလျက် သဲသောင်ပြင်ပေါ်တွင် ဆော့ကစားနေကြသည်။ (၅) နှစ်ခန့်အရွယ်ရှိ ကလေးငယ်နှစ်ဦးကတော့ ရေအနည်းငယ်သာရှိသည့် ရေဇလုံအတွင်းမှ ပါးဟတ် ဟစိဟစိ ဖြစ်ကာ အသက်ထွက်လုဖြစ်နေ သည့် တစ်တောင်ခန့်ရှိ ငါးထွေ (ငထွေ) ငါးကို ဆော့ကစားနေ သည်။

ထိုငါးထွေက ကလေးငယ် နှစ်ဦး၏ ဖခင်တံငါသည် နံနက်ခင်းတစ်ပိုင်းလုံး ငါးဖမ်းထွက်ခဲ့ သမျှ ရရှိခဲ့သည့် တစ်ကောင်တည်း သော ငါးဖြစ်သည်။

ထိုနေရာလေးသည် နှစ် ပေါင်းများစွာ မိရိုးဖလာတံငါသည် လုပ်ငန်းတစ်ခုတည်းကိုသာ လုပ်ကိုင်ခဲ့သည့် မကွေးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်လယ် သဲ သောင်ပြင်ပေါ်မှ ခုနစ်အိမ်တန်း ကျေးရွာလေးဖြစ်သည်။

ခုနစ်အိမ်တန်းကျေးရွာတွင် တံငါသည်အိမ်ခြေငါးဆယ်ခန့်ရှိ ပြီး လူဦးရေ ၂၀၀ ကျော် နေထိုင်သည်။ မိရိုးဖလာတံငါသည် လုပ်ငန်းကိုသာ အားထားလုပ်ကိုင်ပြီး ထိုလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းသူများအတွက် ယခု နောက်ပိုင်းနှစ်များတွင် အသက် မွေးဝမ်းကျောင်း လုပ်ငန်းကို စွန့် ခွာစေမည့် အကြောင်းအရာတစ်ရပ်က ခြိမ်းခြောက်နေသည်။ ထို နေရာသည် ငါးသယံဇာတ ရှား ပါးလာမှုပင် ဖြစ်သည်။

‘‘နောက်သုံးနှစ်ဆို ငါးမျိုးသုဉ်းပြီ’’

နှစ် ၄၀ ကျော် တံငါသည်လုပ်ငန်းကို လုပ်ကိုင်ခဲ့သူ ဖြစ်သလို နှစ်စဉ်ဧရာဝတီမြစ်တွင် ငါးလုပ်ငန်းလုပ်ကိုင်ခွင့် လေလံရရှိခဲ့သည့် ဦးဆန်းဝင်းက ပြော ခြင်းဖြစ်သည်။


ငါးဖမ်းပိုက်ကို ပြန်လည်ပြင်ဆင်နေသော ဒေသခံတစ်ဦး (ဓာတ်ပုံ − မိုးကျော်)

ပြီးခဲ့သည့် နှစ် ၂၀ ကျော်အတွင်း ဧရာဝတီမြစ်ထဲရှိ ငါးများတ ဖြည်းဖြည်း လျော့ပါးလာခဲ့သည်ကို မိရိုးဖလာတံငါသည်လုပ်ငန်း လုပ်ကိုင်သည့် ရေလုပ်သားတို့ သတိထားမိသည်မှာ ကြာပြီဖြစ် သည်။ ယခုနှစ်မှာတော့ ရောင်း တန်းဝင်ငါးဖြစ်သည့် ငါးပတ်၊ ငါးကြောင်းငါးမျိုးကို မြင်တွေ့ရန် ပင်မလွယ်တော့ဟု တံငါသည်များကဆိုသည်။

‘‘ဝမ်းပူပိုက် (ပေ ၁၅၀ ကျော် အရှည်ရှိ) နဲ့ ဖမ်းတာ အရင်က ညတစ်ခါဆွဲရင် အချိန် ၃၀ ကျော် ရပေမယ့် ခု ၁၂ ပိဿာရဖို့တောင် မလွယ်တော့ဘူး’’ ဟု ဦးဆန်းဝင်း က ငါးရနည်းလာမှုကို ပြောသည်။

ယင်းသို့ ငါးများရှားပါးလာ ခြင်းကို တံငါသည်တွေတင် သတိထားမိသည်တော့ မဟုတ်ပါ။ မကွေးမြို့ရှိ ဈေးသည်နှင့်ဈေးဝယ်များကလည်း ဈေးများထဲတွင် သဘာဝမြစ်ငါးများ တွေ့မြင်ရနည်းလာသည်ကို သတိထားမိသည်။

မကွေးမြို့ရန်ပယ်ဈေးတွင် ငါးရောင်းသူ နှစ်ဆယ်ကျော်ခန့်ရှိ သော်လည်း အများစုက ရန်ကုန် ဘက်မှလာသည့် မွေးမြူရေး ရေခဲရိုက်ငါးများကိုသာ ရောင်းချရ ကြောင်း၊ ဧရာဝတီမြစ် ငါးရောင်းချသူတစ်ဦးစ နှစ်ဦးစရှိသော် လည်း နေ့တိုင်းမတွေ့ရကြောင်း ရန်ပယ်ဈေး၌ ကုန်စိမ်းရောင်းသူ ဒေါ်မြင့်မြင့်ဌေးက ပြောသည်။

လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများသည် မြစ်ငါးကိုသာ လတ်ဆတ်စွာ စားသုံးခဲ့ကြ ကြောင်း အသက် (၇၂) နှစ်ရှိ မကွေးဒေသခံ အဘွားဒေါ်လှကြည်က ဆိုသည်။

‘‘အမေတို့ ငယ်ငယ်ကဆို မြစ်ထဲမှာ လူတစ်ရပ်လောက်ရှိတဲ့ ငါးတန်ကြီးတွေတောင်မိတာ၊လှေပေါ်တင်လို့မရဘူး၊ လှေဘေးက နေ ကပ်ချည်ပြီးဆွဲလာရတာ’’ ဟု ဒေါ်လှကြည်က ပြောသည်။

သို့ဆိုလျှင် ဧရာဝတီမြစ်တွင်းမှ ငါးများရှားပါးလာသည့် အ ကြောင်းရင်းကို မိရိုးဖလာ တံငါသည်တို့ တွေးတောသုံးသပ်ရပြီ ဖြစ်သည်။

ငါးများ မျိုးသုဉ်းလုနီးပါး ပျောက်ကွယ်ရခြင်း၏ ဇာစ်မြစ်သည် ဥပဒေနှင့်မညီသည့် ငါးဖမ်း ဆီးခြင်းများကြောင့်ဟု တံငါသည်အများစုက တညီတညွတ်တည်း ထောက်ပြကြသည်။ ဥပဒေနှင့် မညီသည့် ငါးဖမ်းဆီးမှုများတွင် ဝိုင်ယာရှော့ခ်တိုက်ဖမ်းခြင်းသည် အဆိုးဆုံးဖြစ်ကြောင်း တံငါသည်များကဆိုသည်။


ဧရာဝတီမြစ်အတွင်း ရပ်ထားသည့် ငါးဖမ်းလှေအချို့ (ဓာတ်ပုံ − မိုးကျော်)

သို့သော်ဥပဒေချိုးဖောက်၍ ငါးဖမ်းနေသူများသည် မိရိုးဖလာ ငါးလုပ်ငန်း လုပ်ကိုင်နေသူများ မဟုတ်ဘဲ မည်သည့်နည်းနှင့်မဆို ငါးများများရဖို့သာ ရည်ရွယ်ဖမ်းဆီးနေသည့် စီးပွားရေးသမားများ သာဖြစ်သည်ဟု ခုနစ်အိမ်တန်း ကျေးရွာမှ တံငါသည်ဦးလှိုင်မင်းက သုံးသပ်သည်။

ဧရာဝတီမြစ်ကြောင်းတစ် လျှောက် ငါးဝိုင်ယာရှော့ခ်တိုက် ဖမ်းနေသူတို့က အုပ်စုလိုက်ဖြစ် ကြောင်း၊ ငါးဦးစီးဌာန ခွင့်ပြုလိုင်စင်ဖြင့် လေလံယူထားသူတို့၏ နယ်မြေ (အရပ်အခေါ် နယ်သူ ကြီး) ပိုင်နယ်မြေများတွင် ခိုးဝင်၍ ဖမ်းကြပြီး နယ်သူကြီးက သွား ရောက်တားမြစ်လျှင် အုပ်စုလိုက် ရန်စောင်ကာ ဝိုင်းရိုက်ကြကြောင်း ဦးလှိုင်မင်းကပြောသည်။

‘‘နိုင်ငံတော်ခွင့်မပြုတဲ့ လုပ်ငန်းကိုလည်း လုပ်သေးတယ်။ မိုက်ကြေးခွဲတဲ့ ပုံစံမျိုးလည်း လုပ် သေးတယ်’’ ဟု နယ်သူကြီးဦးဆန်းဝင်းက မကျေမနပ်နှင့်ပြောသည်။

ဝိုင်ယာရှော့ခ်တိုက်ကာ ငါးဖမ်းသည့်အုပ်စုများတွင် ဂျင်ဂလိ (လေးခွဖြင့်ပစ်ရသည့် သံစူးမြား) များပါသည်။ တုတ်၊ ဓားလက်နက်များပါသည်။ အသိပေးတိုင်ကြား လျှင်လည်း တာဝန်ရှိသူနှင့်ရဲတပ်သားသုံးဦးခန့်ဖြင့် သွားရောက် ဖမ်းဆီးရန် မလွယ်ကူကြောင်း တံငါသည်များကပြောသည်။

‘‘လာဖမ်းတဲ့သူတွေမှာ ရဲပစ်မိန့်မပါဘူးဗျ။ သေနတ်နဲ့ချိန်နေရုံနဲ့ ဟိုကမကြောက်ဘူး။ ၀ိုင်းလိုက်ရင် ထွက်ပြေးရတာပဲ’’ ဟု ဦးဆန်းဝင်းက ပြောသည်။

ဧရာဝတီမြစ်တွင် လျှပ်စစ်ဝိုင်ယာရှော့ခ်တိုက်၍ ငါးဖမ်းနေသည့်ပိုက်ကွန်များသည် အလံ ခုနစ်ဆယ်(ပေ ၂၀၀ကျော်)အ ရှည်ရှိပြီး ပိုက်ကွန်တွင်ဝိုင်ယာ ကြိုးများတပ်ဆင်ထားကာ ဘက်ထရီအိုးကြီးများဖြင့် ရှော့ခ်တိုက်၍ ဖမ်းဆီးကြောင်း၊ တစ်ခါတစ်ရံ ဒိုင် နမိုကို စက်လှေအင်ဂျင်ဖြင့်မောင်း၍ပင် ရှော့ခ်တိုက်ကြောင်း မိရိုးဖလာတံငါသည်များက ပြောသည်။

‘‘ရှော့ခ်တိုက်လိုက်ရင် ပိုက်ထဲမှာရှိတဲ့ ငါးနဲ့ရေနေသတ္တ၀ါအကုန်သေတယ်။ ပိုက်ထဲမမိတဲ့ အပြင်ပတ်ဝန်းကျင် ၁၀ ကိုက် ကျော်အတွင်း ငါးတွေပါ အကုန် သေတာပဲ။ ငါးဥချရင် ဥတွေပါ ကန်းကုန်တယ်’’ ဟု အသက်(၆၇) နှစ်အရွယ်ရှိတံငါသည်ဦးတင်က ပြောသည်။

ငါးရစ်၊ ငါးသန်ချိန်၊ ငါးဥချိန် မေလမှ ဇွန်လအထိ တံငါသည် များသည် ငါးဖမ်းခြင်းလုပ်ငန်းကို သုံးလနားရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန် ထားသည်။ ထိုအချိန်တွင် ငါးဖမ်းခွင့်လေလံရသူ (နယ်သူကြီး)တို့ နှင့် မိရိုးဖလာငါးဖမ်းသူတို့က ငါးမဖမ်းတော့ဘဲ စည်းကမ်းလိုက်နာကြသည်။ ၎င်းတို့ရှေ့ရေးအတွက် ငါးများ ပြန်လည်ပေါက်ဖွားလာရန် လိုအပ်သည်ကို တံငါသည် ဘိုးဘွားများလက်ထက်ကတိုင် သင် ကြားပေးပြီးဖြစ်သည်။

သို့သော် ၀ိုင်ယာရှော့ခ်ဖြင့် ငါးခိုးဖမ်းသူများက ဒေသခံတံငါသည်များ၊ နယ်သူကြီးများမရှိ တော့သဖြင့် လွတ်လပ်စွာရှော့ခ် တိုက်ဖမ်းခွင့်ရသလို ဖြစ်သွား သည်ဟု ဦးဆန်းဝင်းကဆိုသည်။

‘‘သုံးလနားပြီးလို့ ကျွန်တော်တို့ပြန်ဖမ်းပြီဆိုရင် ဒီဝိုင်ယာရှော့ခ်သမားတွေဘယ်လောက်လုပ်သွားသလဲဆို ကျွန်တော်တို့ပိုက်ဆွဲရင် ငါးအရှင်တစ်ကောင်မှ မပါဘူး။ အကုန်ငါးအသေတွေချည်းပဲ။ ပုပ် စော်တွေကို နံလို့’’ ဟု ၎င်းကဆို သည်။

ထိုသို့ရှော့ခ်တိုက်ငါးဖမ်း ခြင်းအပြင် ငါးသယံဇာတရှားပါး လာမှုနှင့် ပတ်သက်၍ အခြားအ ကြောင်းရင်းများလည်း ရှိနေသည်။


ဧရာဝတီမြစ်ကမ်းဘေးရှိ သဲသောင်ပြင်ပေါ်မှ တံငါသည်အချို့၏ အိမ်များ (ဓာတ်ပုံ − မိုးကျော်)

ဧရာဝတီအနောက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AWDO)တာဝန်ခံ ဦးသန့်ဇင်က ငါးများရှားပါးလာပြီး ပြုန်းတီးမှု ဖြစ်ပေါ်စေသောအ ကြောင်းရင်းများတွင် ဂေဟစနစ် ပျက်စီးမှု၊ မြစ်ချောင်းများအတွင်း စွန့်ပစ်ဓာတုပစ္စည်းများပျော်ဝင် နေမှုများလာခြင်းက အကြောင်း အရင်းတစ်ရပ်အဖြစ် ပါဝင်သည်ဟု ထောက်ပြသည်။

ချင်းတွင်းမြစ်ကြောင်း ဟုမ္မ လင်းဘက်တွင် ရွှေတူးဖော်ခြင်း၊ မိုင်းခွဲလုပ်ကွက်များ လုပ်ခြင်းမှ မြေစာနှင့် သန့်စင်ဓာတုပစ္စည်း များမြစ်ထဲသို့စီးဝင်သလို ဧရာဝတီ မြစ်တစ်လျှောက် ရေနံမြေများမှ စွန့်ပစ်ပစ္စည်းများလည်း မြစ်ထဲ၌ သာ စွန့်ပစ်သဖြင့် ရေညစ်ညမ်း ကာ ငါးမျိုးများပြုန်းတီးစေသည် ဟု ဆိုသည်။

ရေနံမြေများမှ စွန့်ပစ်ပစ္စည်း များမှာ အနည်းငယ်သာရှိသည်ဟု ပြောသော်လည်း နှစ်ပေါင်းများ စွာကြာရှည်ပြီဖြစ်သဖြင့် ရေ ညစ်ညမ်းသလို ရွှေတူးဖော်ခြင်း၊ ကြေးနီထုတ်လုပ်၍ ချောင်းများ တွင် အက်စစ်နှင့်ဓာတုပစ္စည်းများ မျောပါခြင်းစသည့်အဘက်ဘက် မှ အညစ်အကြေးနှင့် ဓာတုပစ္စည်း စီးဝင်မှုကမြစ်ကို ထိခိုက်စေပြီး ရေနေသတ္တ၀ါများ ပြုန်းတီးစေ သည်ဟု ဦးသန့်ဇင်က ထောက်ပြ ပြောဆိုသည်။

‘‘ဆင်ကိုအပ်နဲ့ ထိုးတာ လောက်တော့ မနာပါဘူးလို့ဆိုပေမယ့် အများကြီးအဘက်ဘက်က ၀ိုင်းထိုးကြရင် အဲဒီဆင်လည်း ဘယ်ခံနိုင်ပါ့မလဲ’’ ဟု ဦးသန့်ဇင် က မြစ်၊ချောင်းများပျက်စီးလာစေ ရန် အဘက်ဘက်မှ တိုက်ခိုက်နေ ပုံကို ဥပမာပေး၍ ပြောဆိုသည်။

မြစ်ချောင်းများကို ထိခိုက်လျှင် ရေနေသတ္တ၀ါများလည်း ထိခိုက်သေကျေစေမည်ဖြစ်ပြီး ရေနေသတ္တ၀ါများ ထိခိုက်သေ ကျေပျက်စီးပါက မြစ်၊ ချောင်းများ ပိုမိုညစ်ညမ်းလာကာ မြစ်၊ ချောင်းတိမ်ကောမှုများဖြစ်လာ ကြောင်း၊ ယင်းသည် ဂေဟစနစ် ပျက်စီးခြင်းဖြစ်ကြောင်း ဦးသန့်ဇင်က ဆိုသည်။

မြစ်အတွင်း စီးဝင်သည့် ချောင်းများတွင် ချောင်းအပြည့် ပိုက်တားဖမ်းခြင်း၊ ၀ိုင်ယာရှော့ခ် တိုက်ဖမ်းခြင်းများက ငါးမျိုးသုဉ်း စေသည့် အချက်တစ်ချက်အဖြစ် ဦးသန့်ဇင်က လက်ခံသည်။ ယင်း အကြောင်းအချက်များက ရေနေ သတ္တ၀ါတို့ပြုန်းတီးရန် တိုက်ခိုက် နေသည်ဟု ၎င်းကမြင်သည်။

အထက်ပါအချက်များအ ပြင် ကမ်းပါးပြိုခြင်း၊ မြစ်ကြောင်း ပြောင်းလဲခြင်းများသည် ငါးသယံဇာတရှားပါးခြင်းကို ဖြစ်ပေါ်စေ ကြောင်း ဦးသန့်ဇင်က ပြောသည်။

ငါးများသည် ကျောက် ဆောင်ဂလိုင်များ၊ ကမ်းပါးများ တွင် အမှီပြု၍ရှင်သန်သားပေါက် သဖြင့် ကမ်းပါးပြိုခြင်း၊ မြစ် ကြောင်းပြောင်းလဲလာခြင်းများ သည် ငါးတို့၏ သဘာဝတည်နေ ရာများပျက်စီးစေကာ ရှင်သန်မှု ကို ထိခိုက်စေကြောင်း ၎င်းကပြော သည်။

သို့ဖြစ်ရာ ငါးလုပ်ငန်းဦးစီး ဌာနနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများသည် လျော့ပါးသွား သည့် ငါးများအတွက် အစားထိုး နိုင်ရန် ငါးသားပေါက်များကို နှစ် စဉ် လွှတ်ပေးခြင်းများ ဆောင်ရွက် နေသည်။

ငါးဦးစီးဌာနက မကွေးတိုင်း အတွင်း လေးနေရာတွင် ငါးမြစ် ချင်းသားပေါက် ငါးသန်းကျော် လွှတ်ပေးနေပြီး ဧရာဝတီအ နောက် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AWDO) က ယမန်နှစ်က ပွင့်ဖြူ မြို့နယ်တွင် ငါးသားပေါက်တစ် သန်းလွှတ်ပေးခဲ့သည်ဟုဆိုသည်။

‘‘ငါးသားပေါက်တွေ လွှတ် ပေးပြီး ငါးမဖမ်းရသုံးလကိုကြပ် မတ်တယ်။ အသိပညာပေးတယ်။ သုံးလပြီးတော့ငါးတွေ သိသိသာ သာပြန်ပေါ်လာတာတွေ့ရတယ်။  ညီညီညာညာ ထိန်းသိမ်းမယ်ဆို ဖြစ်လာနိုင်သေးတာ တွေ့ရတယ်’’ ဟု ဦးသန့်ဇင်ကဆိုသည်။


ဧရာဝတီမြစ်ကမ်းတွင် ရပ်နားထားသည့် ငါးဖမ်းလှေငယ်များ (ဓာတ်ပုံ-မိုးကျော်)

ထိုသို့ ငါးသားပေါက်များ လွှတ်ပေးနေသလိုတစ်ဖက်တွင် ဥပဒေချိုးဖောက်၍ ငါးဖမ်းဆီးမှု များ အရေးယူ ဆောင်ရွက်နေသည်ဟု မကွေးတိုင်းငါးလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမောင်ချစ်က ပြောသည်။

၂၀၁၇ တွင် ငါးရစ်၊ ငါးသန် ကြီးကြပ်စစ်ဆေးမှုနှင့် ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းခြင်းအတွက် ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု ၁၇ မှုနှင့် တရားစွဲဆိုမှု ၁၆ မှု ရှိခဲ့သည်။  ၂၀၁၈တွင် ငါးရစ်၊ ငါးသန် ကာလအရေးယူဆောင်ရွက်မှုနှင့်  ဘက်ထရီရှော့ခ်တိုက် ဖမ်းဆီးမှု များအတွက် ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု ၁၉ မှုနှင့် တရားစွဲဆိုမှုနှစ်မှုရှိ သည်။

သို့သော်ရှော့ခ်တိုက် ငါးဖမ်း နေမှုကို တာဝန်ရှိသူများက စစ် ဆေးအရေးယူမှုကို လက်ရှိထက် ပိုမိုတိုးတက်စေလိုကြောင်း မိရိုးဖလာတံငါသည်များကဆိုသည်။

ဒေသတွင်း အုပ်စုဖွဲ့၍ ၀ိုင်ယာရှော့ခ်တိုက် ငါးခိုးဖမ်းနေသူများ၏ အမည်နှင့်နေရပ်လိပ်စာများကိုပါ ဒေသခံတံငါသည်များ နှင့် နယ်သူကြီးတို့ကသိကြသည်။ ထို့ကြောင့်သက်ဆိုင်သည့် ဌာန နှင့် ရဲစခန်းသို့အသိပေးတိုင်ကြား သော်လည်း ငါးလုပ်ငန်းဦးစီးဌာန၏ ၀န်ထမ်းအင်အားနည်းပါးမှုနှင့် ရဲတပ်သားသုံးဦးခန့်သာ ပေးနိုင် ခြင်းကြောင့် အုပ်စုဖွဲ့၍ ၀ိုင်ယာ ရှော့ခ်တိုက်ဖမ်းနေသူများကို အ ရေးယူရန်နှင့် ဖမ်းဆီးရန် အခက် အခဲများရှိနေသည်ဟု ဦးဆန်းဝင်း ကပြောသည်။

‘‘တကယ့်ပင်မ အုပ်စုကြီး တွေကို မဖမ်းနိုင်ဘူး တကယ်ဖမ်းမိတာက နည်းနည်းပါးပါးလုပ်စား တဲ့ကလေးတွေပဲဖမ်းမိတာ’’ ဟု ၎င်းက ဆိုသည်။

မကွေးဒေသခံအဘွားဒေါ်လှကြည်တို့ငယ်ရွယ်စဉ်က ဧရာဝတီမြစ်တွင် ငါးများပေါများသည်။ မြစ်လေလံလည်းမရှိ၊ သူ့ထက်ငါလုယက်၊ ခိုးဝှက်ဖမ်းစရာလည်းမလို၊ ငါးများပေါသဖြင့် ကုန် အောင်ဖမ်းလျှင်လည်း ရောင်းချ ရန်လူဦးရေ နည်းပါးသဖြင့် ဈေး ကွက်လည်းမရှိ၊ တစ်နေ့စာအတွက်သာဖမ်းသည်ဟု ပြောသည်။

ယခုအချိန်တွင် မြစ်ငါးတွင် တန်းဝင်သည့် ငါးတန်၊ ငါးပတ်၊ ငါးကြောင်း၊ စသည့်ငါး မျိုးများကို မြင်ရတွေ့ရခဲသည်။ ထို့ကြောင့် စားသုံးသူများသည် ရန်ကုန်မှလာသည့် ရေခဲရိုက်မွေးမြူရေးငါးများသာ စားနေရသည်ဟုဒေါ်လှကြည် က ပြောသည်။

ထိုသို့ ငါးရှားလာခြင်းကြောင့် မကွေးတိုင်းမှ စာသုံးသူများအဆင် ပြေစေရန် ဧက ၅၀ခန့် အကျယ်အ၀န်းအသုံးပြု၍ ငါးမွေးမြူရေး ဆောင်ရွက်ရန် တိုင်ပင်နေသည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆိုထားသည်။

မည်သို့ပင်ဖြစ်စေ ဧရာဝတီ မြစ်အတွင်း ငါးများ ရှားပါးလာပြီ ဖြစ်သည်။ ငါးများရှားပါးလာခြင်း နှင့်အတူ တံငါသည်ရေလုပ်သား တို့၏ အလုပ်အကိုင်ရှားပါးလာခဲ့ပြီဖြစ်သည်။ နေ့စဉ် ငါးရရှိမှုနည်းလာ၍ ရေလုပ်သားများ၏ ၀င်ငွေလျော့ကျကုန်သည်။

ဌာနဆိုင်ရာတို့၏ ကြေညာချက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့၏ သုံးသပ်ချက်များအပေါ်တွင် မိရိုးဖလာ တံငါသည်တို့က စောဒကမတက်ကြပေ။ သို့သော် တံငါတို့၏အမြင် လက်တွေ့ဖြတ်သန်းမှုတွင် ငါးများ ရှားပါးလာရခြင်းသည် ၀ိုင်ယာရှော့ခ် တိုက်ဖမ်းဆီးနေခြင်းက အဓိကတရားခံဖြစ်လေသည်။

‘‘ငါးတွေကို ဒီကောင်တွေ အကုန်သတ်ပစ်ကြတာ’’ဟု ဦး ဆန်းဝင်းက ၀ိုင်ယာရှော့ခ်တိုက် ငါးဖမ်းနေသည့် အဖွဲ့များအား ရည်ညွှန်း၍ ဒေါသသံဖြင့်ပြောသည်။

ငါးသယံဇာတရှားပါးလာ ခြင်းကြောင့် နောင်သုံးနှစ်တွင် မိရိုးဖလာတံငါလုပ်ငန်းကို စွန့် လွှတ်ရတော့မည်ဟု ဦးဆန်းဝင်း ကသက်ပြင်းချ၍ပြောသည်။

ဧရာဝတီမြစ်ကြီးကတော့ ကြိုးစား၍ စီးဆင်းမြဲစီးဆင်းနေဦးမည်ဖြစ်သည်။ သူ၏ ကျန်ရှိနေ သေးသည့် သယံဇာတများကို လူများအတွက် တတ်နိုင်သမျှ  ပေးဆပ်နေဦးမည်ဖြစ်သည်။ သို့သော် မြစ်ကြီး ဧရာဝတီ၏ရင်သွေးများ ဟုဆိုနိုင်သော ငါးတို့၏ သွားရာလမ်းကတော့ ဓာတုပစ္စည်းအဆိပ်ရည်စီးမျောကြောင်းများ၊ လျှပ်စစ်စက်ကွင်းများကြား မျိုးသုဉ်းလု ဖြစ်နေလေပြီ။