ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ၀န်ကြီးချုပ်နှင့်သီးသန့်တွေ့ဆုံ

ဂုဏ်ပြုတပ်ဖွဲ့က အမြောက် ၁၉ ချက်ပစ်ဖောက်ကြိုဆို၊ Lowy Institute တွင် ဟောပြောမည့်အစီအစဉ် ကျန်းမာရေးကြောင့် ဖျက်သိမ်း
သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် သြစတြေးလျနိုင်ငံဝန်ကြီးချုပ်မဲလ်ကွန်တန်ဘူလ်နှင့်  ယမန်နေ့က သြစတြေးလျလွှတ်တော်ရှိ ၀န်ကြီးချုပ်ရုံးခန်း၌ သီးသန့်တွေ့ဆုံခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုတပ်ဖွဲ့က အမြောက် ၁၉ ချက်ပစ်ဖောက်  ဂုဏ်ပြုကြိုဆိုပြီး ဒေါ်အောင် ဆန်းစုကြည်က ဂုဏ်ပြုတပ်ဖွဲ့၏  အလေးပြုခြင်း ခံယူခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်း စုကြည်နှင့် ၀န်ကြီးချုပ်မဲလ်ကွန် တန်ဘူလ်တို့ဦးဆောင်သည့် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို လွှတ်တော်ဧည့်ခန်းမ၌ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် နှစ် နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် ကိစ္စနှင့် ပတ်သက်၍ ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ပြီး သြစတြေးလျနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့် အလားအလာများ ဆွေးနွေးခဲ့ကြောင်း အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မတ်လ ၁၇နှင့် ၁၈ရက်များ တွင် ကျင်းပခဲ့သည့်အာဆီယံ - သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်  သြစတြေးလျနိုင်ငံသို့ရောက်ရှိနေ ပြီး ၀န်ကြီးချုပ်မဲလ်ကွန်တန်ဘူလ် ၏ ဖိတ်ကြားချက်အရ မြို့တော်  ကင်ဘာရာသို့ သွားရောက်ခဲ့ သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သြစ တြေးလျအမျိုးသား ရုက္ခဗေဒ ဥယျာဉ်(National Arboretum)၌ ပြုလုပ်သောနှစ်နိုင်ငံ ချစ်ကြည် ရေးအထိမ်းအမှတ်သစ်ပင် စိုက် ပွဲသို့တက်ရောက်ပြီး အမှတ်တရသစ်ပင် စိုက်ပျိုးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်သည် သြစတြေးလျနိုင်ငံ အတိုက်အခံလေဘာပါတီခေါင်း ဆောင်မစ္စတာဘီလ်ရှောတန်နှင့် တွေ့ဆုံခဲ့ကြောင်း အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။

ယင်းတွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ၊ မြန်မာ နိုင်ငံနှင့် သြစတြေးလျနိုင်ငံကြားဆက်ဆံရေးနှင့် ပူးပေါင်း  ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး အ လားအလာများနှင့် ရခိုင်ပြည်နယ် ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့သည်ဟု ဆက် လက်ဖော်ပြသည်။

သို့ရာတွင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့မတ်လ ၂၀ ရက်တွင် ဆစ်ဒနီမြို့ရှိ Lowy Institute ၌ပြုလုပ်ရန်စီစဉ်ထား သည့် မိန့်ခွန်းဟောပြောပွဲကို ကျန်းမာရေး အခြေအနေအရ ဖျက်သိမ်းခဲ့ကြောင်း ဆစ်ဒနီအ ခြေစိုက်သတင်းဌာနများက ဖော် ပြသည်။

‘‘ဒီနေ့(မတ်လ ၁၉) မွန်းလွဲ ပိုင်းမှာပဲ မြန်မာသံရုံးက lowy Institute ကို အသိပေးလာပါ တယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်က နေ သိပ်မကောင်းတဲ့အတွက် ဟော ပြောပွဲကို ပါဝင်ဖို့မဖြစ်နိုင်တော့ ဘူးလို့ အကြောင်းကြားပါတယ်’’  ဟု Lowy Institute ၏ ထုတ်ပြန် ချက်တွင်ပါရှိသည်။ ယင်းဟော ပြောပွဲတွင် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်၏ မိန့်ခွန်းပြောကြားခြင်း သာမက တက်ရောက်လာသူများ နှင့် အပြန်အလှန် အမေးအဖြေ အစီအစဉ်များလည်း ပါဝင်သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် မတ်လ ၁၇ ရက်တွင် သြစ တြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ရောက်ရှိခဲ့ပြီး ယင်းနေ့တွင်ပင်အာဆီယံ-သြစတြေးလျ အထူးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ မတ်လ ၁၈ တွင် အထူးထိပ်သီးအစည်းအဝေးနှင့် သီးသန့်အစည်းအဝေးများသို့ ဆစ်ဒနီမြို့တွင် ဆက်လက် တက်ရောက်ခဲ့ပြီး သြစတြေးလျ တပ်မတော်ရဟတ်ယာဉ်ဖြင့်ဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူလ်နှင့် သီးခြားတွေ့ဆုံ ရန် မြို့တော်ကင်ဘာရာသို့ သွား ရောက်ခဲ့သည်။ မတ်လ ၁၉ရက် နံနက်တွင် သြစတြေးလျ လွှတ်တော်၌ ၀န်ကြီးချုပ်နှင့်တွေ့ဆုံခြင်း၊ အတိုက်အခံလေဘာပါတီနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ညနေတွင်  သြစတြေးလျရောက် မြန်မာအသိုင်းအ၀ိုင်းနှင့် တွေ့ဆုံပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။