နယ်စပ်ဖြတ်ကျော်ကုန်တင်ကားမောင်းနှင်ရန် ခုနစ်နိုင်ငံသဘောတူညီထားသော်လည်း မြန်မာက သွားရောက်မှုမရှိသေး

 မြန်မာနိုင်ငံရှိ ကုန်တင် ကားမောင်းသူများနှင့် ကားပိုင်ရှင် အုံနာများအဆင်သင့် မဖြစ်သေး သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော်၍ မောင်းနှင်မှုမရှိသေးကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက ပြောသည်။ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ တရုတ်၊ ဗီယက် နမ်၊ မြန်မာနိုင်ငံတို့ အစိုးရချင်း သဘောတူညီချက်ဖြင့် ကုန်တင် ကားများ သတ်မှတ်ဧရိယာအထိ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ကို    ၂၀၁၅ ကတည်းက ရရှိခဲ့သော်လည်း မြန်မာနိုင်ငံက ကုန်တင်ကားများ နယ်စပ်ဖြတ်ကျော်သွားရောက်မှု  မရှိသေးကြောင်း ၎င်းက ဆိုသည်။

‘‘မြန်မာနိုင်ငံရဲ့ ကုန်တင် ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းတွေ က နယ်စပ်ကို ဖြတ်သန်းသွားလာ ဖို့ အဆင့်မမီသေးဘူး။ ယာဉ် မောင်းတွေကလည်း စမ်းတ၀ါးဝါး နဲ့ မသွားရဲဘူး။ လိုအပ်တဲ့ လေ့ ကျင့်မှုတွေလိုမယ်။ အဓိကလို အပ်တဲ့ ကျွမ်းကျင်မှုတွေရှိပြီးမှ သွားလို့ရမယ်။ အုံနာတွေရော၊ ယာဉ်မောင်းတွေကိုရော လိုအပ် တဲ့ အသိပညာတွေပေးရပါမယ်’’ ဟု ဦးအောင်မိုးက ပြောသည်။

ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ် များက လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ နယ်စပ်ဖြတ်ကျော်၍ တိုက်ရိုက်ကုန်တင်ပို့မှုရှိနေပြီး သက်ဆိုင်ရာဥပဒေများကို ထိုင်း နိုင်ငံယာဉ်မောင်းများက နားလည်ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာတွင် အသုံးပြုနေသည့် နည်းစနစ်များကို လေ့လာရန်လိုအပ်ပြီး အစိုးရကလိုအပ်သည့် သင်တန်းကျောင်းများဖွင့်လှစ်ပေးစေလိုကြောင်း ဦးအောင်မိုးက ဆိုသည်။ ယင်းကဲ့သို့ ပြည်တွင်းယာဉ်မောင်းများ နယ်စပ်ဖြတ်ကျော်မောင်းနှင်နိုင်ပါက ကုန်သွယ်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ မော်လမြိုင်မြို့အထိ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ပြုထားပြီး ၂၀၁၉ ဇန်န၀ါရီ ၁ ရက်တွင် သီလ၀ါစက်မှုဇုန်အထိ ယင်းနိုင်ငံများက ကုန်တင်ကားများကို တိုက်ရိုက်ဝင်ရောက်ခွင့်ပြုမည်ဟု အစိုးရက ကြေညာထားကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ ဦးကိုကိုနိုင်က ပြောသည်။

‘‘နိုင်ငံတွင်းသတ်မှတ်ချက် တွေရှိပါတယ်။ သတ်မှတ်ထားတဲ့ နေရာတွေအထိပဲ ကုန်တင်ကား တွေတိုက်ရိုက်သွားလို့ရမှာပါ။ အခု မြန်မာနိုင်ငံကို နယ်စပ်အထိ ပဲ ၀င်ရောက်ကြပါတယ်။ နောက် ပိုင်းသီလ၀ါကို ဖွင့်ပြီးရင်တော့ သီလ၀ါအထိ ၀င်ရောက်လာကြ မှာပါ’’ဟု ၎င်းက ပြောသည်။

ယင်းအချိန်တွင် ပြည်တွင်း ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင် များက လိုအပ်သည့် နည်းပညာ နှင့် ကျွမ်းကျင်မှုများမရှိပါက လုပ်  ငန်းရပ်တည်နိုင်ရန် အခက်အခဲ များ ဖြစ်ပေါ်လာနိုင်ကြောင်း ဦး ကိုကိုနိုင်က ဆိုသည်။

နယ်စပ်ဖြတ်ကျော်၍ မောင်းနှင်မည့် ကုန်တင်ယာဉ်ပိုင်ရှင်များ အနေဖြင့် International Operator License ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပြီး ကုန်တင်ယာဉ်မောင်းအနေဖြင့်လည်း နိုင်ငံတကာယာဉ်မောင်းနိုင်ခွင့်လိုင်စင်ရှိရန် လိုအပ်သည်။

International Operator License ကို ကုန်စည်ပို့ဆောင် ရေးဝန်ဆောင်မှုကုမ္ပဏီ ၃၀ က လျှောက်ထားခဲ့သော်လည်း ကုမ္ပဏီရှစ်ခုကသာ သတ်မှတ်ချက်များ နှင့်   ကိုက်ညီ၍   လက်မှတ်ရရှိ ကြောင်း ၎င်းကဆိုသည်။