အနာဂတ်ရဲ့ခေါ်သံ

ရန်ကုန်မြို့က ရုပ်ရှင်ရုံတစ် ရုံတွင် မြန်မာရုပ်ရှင်ကားသစ် တစ်ကား ရုံတင်နေသည်ဆိုပါစို့။ ထိုရုပ်ရှင်ဇာတ်ကားကို သင်လည်းသွားကြည့်သည်ဆိုပါစို့။ သင့်အနီးမှာ နိုင်ငံခြားသားအချို့လည်း ထို ရုပ်ရှင်ကားကို သင်နှင့်အတူကြည့် ရန် ရုံအတွင်းသို့ဝင်လာသည်ကို သင်မြင်ရသည် ဆိုပါစို့။ သင့်စိတ် ထဲတွင် မည်သို့ခံစားရမည်ဟု ထင်ပါသလဲ။

ပြီးခဲ့သည့် သောကြာနေ့က ရုပ်ရှင်ရုံသို့ ကျွန်တော် သွားခဲ့ သည်။ မိတ်ဆွေအန်တီတစ် ယောက်က ကျွန်တော်တို့မိသားစု ဖို့ပါ လက်မှတ်ပိုဝယ်ထားသဖြင့် ရုပ်ရှင် သွားကြည့်ဖြစ်ခြင်းဖြစ် သည်။ ကြည့်သောရုပ်ရှင်ကား မှာ ယခု ရုပ်ရှင်ကြိုက်ပရိသတ် များအကြား အပြောများနေသော ‘မုဒြာရဲ့ခေါ်သံ’ ဖြစ်ပါသည်။ ကောင်းသည် ဆိုးသည်၊ ကြိုက် သည် မကြိုက်ဘူး အစရှိသဖြင့် ယခုဇာတ်ကားနှင့်ပတ်သက် သော မှတ်ချက်များကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ တင်း ကျမ်း မြင်နေ၊ ဖတ်နေရသည်။ အမြင်မျိုးမျိုး၊ အကဲဖြတ်ချက် အမျိုးမျိုးမှာလည်း စိတ်ဝင်စား စရာ ကောင်းပါသည်။


ထိုသို့ ရေပန်းစားနေမှုက ပင် ကျွန်တော်တို့ကို ရုပ်ရှင်ရုံထဲ သို့ တွန်းပို့လိုက်သည်။ ကျွန်တော် တို့ဖို့ လက်မှတ်ဝယ်ပေးသည့် မိတ်ဆွေအန်တီကြီးကတော့ ခီစုံ တွဲ၏ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ် သော ‘ဥပါယ်တံမျဉ်’ကို ကြည့်ပြီး ကတည်းက ခီစုံတွဲ၏ပရိသတ်ဖြစ် နေပြီ။  ဥပါယ်တံမျဉ်ကို ကျွန် တော်မကြည့်ဖြစ်သေးပါ။ ယခု မုဒြာရဲ့ခေါ်သံကို အရင်ကြည့်ဖြစ် သွားပါသည်။

ဤဆောင်းပါးတွင် မုဒြာရဲ့ ခေါ်သံ ဇာတ်လမ်း ဘယ်လို ကောင်းကြောင်း၊ ရိုက်ကူးတည်း ဖြတ်မှု ရုပ်သံအရည်အသွေး မည် သို့သပ်ရပ်ကြောင်းတွေ ကျွန် တော် ပြောမည်မဟုတ်ပါ။ ထို အကြောင်းတွေလည်း နားမလည် လှသလို ဝေဖန်အကဲဖြတ်နိုင် သည့် အရည်အသွေး ကျွန်တော့် မှာ မရှိပါ။ သို့သော် ကျွန်တော်က ရုပ်ရှင်ကြည့် ပရိသတ်တစ် ယောက် ဖြစ်ပါသည်။ ထိုပရိ သတ်တစ်ယောက် အမြင်ရှု ထောင့်မှ ကျွန်တော်ခံစားရတာ လေးတွေ အချို့ကို ယခုပြောချင် သည်။

‘မုဒြာရဲ့ခေါ်သံ’နှင့် ‘ဥပါယ် တံမျဉ်’ နှစ်ကားစလုံးတွင် ဒါရိုက် တာ ဦးဝင်းဖေ၏ သုံးသပ်ချက်တွေ ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ဖတ်ရသည်။ ဦးဝင်းဖေကဲ့သို့ ဝါ ရင့်သော အနုပညာရှင်တစ်ဦးက ဂုဏ်ထူးမှတ်ပေးထားသော ရုပ် ရှင်ကားဖြစ်သဖြင့် ခေမည်မဟုတ် ဟု ယူဆပြီးသားဖြစ်သည်။ တစ် စုံတစ်ရာတော့ ထူးခြားမည့်ဇာတ် ကားပဲဟု စိတ်ထဲက အလိုလိုသိ မှတ်ထားသည်။

ဒီတစ်ခေါက် ‘မုဒြာရဲ့ခေါ် သံ’တွင်မူ ဦးဝင်းဖေ၏ မှတ်ချက် တင်မဟုတ်ဘဲ ဒေါ်ဆွေဇင်ထိုက် မှတ်ချက်ပါ ထပ်ကြားရသည်။ သူလည်း ကောင်း၏ဟု ထင်မြင် ချက်ပေးထားသည်။ သူ့မှတ်ချက် က ‘ပေါကား’ဟု အပြောင်အပြက် ပြောကြသည့် မြန်မာရုပ်ရှင်ဇာတ် ကားအချို့ကိုပါ ခလုတ်တိုက် သွား၍ ရုပ်ရှင်လောကသားအချို့ ၏ ပြန်လည်တုံ့ပြန်မှုတွေဖြစ်ကာ ပွဲဆူကုန်သည်ကလည်း စိတ်ဝင် စားစရာပါပဲ။

သို့ဖြစ်ရာ ထိုသို့သော ဝါရင့် အနုပညာရှင်နှစ်ဦးက အမှတ် ပြည့်နီးပါး ပေးထားသောရုပ်ရှင် ကားကို ကျွန်တော်တို့ ကြည့်ချင် စိတ် ပေါ်လာသည်မှာ မဆန်းပါ။ ပြီးတော့ ရှေ့က ဥပါယ်တံမျဉ် ရုပ်ရှင်ကားကို ကြည့်ခဲ့ကြသော ပရိသတ်အများစုကလည်း ခီစုံတွဲ ၏ အမာခံပရိသတ်တွေ ဖြစ်ခဲ့ပြီ မို့ ဒုတိယပြသော ‘မုဒြာရဲ့ခေါ်သံ’ ကို အလုအယက် ရုံပြည့်ရုံလျှံ အားပေးဖို့ အသင့်ပါပဲ။ အများက ထူးခြားသည်၊ ကြည့်နေကျ မြန် မာဇာတ်ကားတွေနှင့် မတူဟု ပြောနေကြသောအခါ ကျွန်တော် တို့ကကော မကြည့်ဘဲနေနိုင်ရိုး လား။ တစ်ခါလာ မဲပြာပုဆိုး၊ ချစ် ကြိုက်ကွဲညား ဟီးဟီးဟားဟား တွေကို စိတ်ကုန်နေပြီကိုး၊ ငြီးငွေ့ နေပြီကိုး၊ အာရုံနောက်နေပြီကိုး။

ဒီကြားထဲမှာ ခီစုံတွဲကို နှိမ် သံလေးတွေ ဟိုနားတိုးတိုး ဒီနား ကျယ်ကျယ် ကြားရသေးသည်။ ဒါကလည်း သဘာဝတော့ကျပါ သည်။ ပြီးတော့ တကယ့်ရုပ်ရှင်ရုံ ကြီးမှာ ပြခွင့်မသာလို့ ဈေးဝယ် စင်တာတွေက ရုပ်ရှင်ရုံမှာ လှည့် ပတ်ပြသနေရတာလည်း ပရိ သတ်ကြီးက ခီစုံတွဲကို ကရုဏာ သက်မိပြီးနေပြီ။ ပြီးတော့ အစော ကပြောသည့် အသစ်အဆန်း၊ သမားရိုးကျ ကြည့်နေရသည့် ဇာတ်ကားတွေနှင့်မတူဘဲ ပရိ သတ်အဖို့ ထူးခြားမှုတစ်စုံတစ်ရာ ရှိသည်၊ ဆန်းသစ်မှုပါသည်၊ ထို့ ကြောင့် ရုပ်ရှင်ရုံသို့သွားကြ သည်။ ဝီစတန်း ဝှတ်ခီ (We Stand  With Kyi)ဆိုပါတော့။

 ဆိုခဲ့ပြီးသော အကြောင်း တွေထဲက အချက်တစ်ချက် ကြောင့် (သို့မဟုတ်) အားလုံး အချက်များ၏ ဆွဲဆောင်မှုကြောင့် ပြီးခဲ့သည့် သောကြာနေ့က ကျွန် တော်လည်း ရုပ်ရှင်ရုံသို့ ရောက်ခဲ့ သည်။ နေ့ခင်း မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ပြမည့် ‘မုဒြာရဲ့ခေါ်သံ’ ကို ကြည့်ရန်ဖြစ်သည်။ ဒီတစ်ပွဲ မှာလည်း ကြည့်တဲ့သူတွေက အများသား။

‘‘ပြီးခဲ့တဲ့ သုံးရက်လောက် ကတည်းက ဒီနေ့ပွဲစဉ်အတွက် လက်မှတ်ကို ကြိုမှာထားရတာ’’ ဟု မိတ်ဆွေအန်တီက ပြောသည်။ ရုံထဲကိုဝင်တော့ ရုပ်ရှင်ကြည့်ကြ မည့်သူတွေထဲမှာ နိုင်ငံခြားသား တွေပါ ပါနေတာမြင်၍ အံ့သြမိ သည်။ အရင်က နိုင်ငံခြားဇာတ် ကားများ ရုံတင်သောအခါ လာ ဝင်ကြည့်ကြသော နိုင်ငံခြားသား တွေကို တွေ့ဖူးပါသည်။ သို့သော် မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကား ကို ယခုလို နိုင်ငံခြားသား ပရိ သတ်တွေပါ လာကြည့်တာမျိုးက တော့ ကျွန်တော့်တစ်ဦးတည်း အတွေ့အကြုံအရ နည်းနည်း ထူးဆန်းနေသည်။

ရုပ်ရှင်က အများပြောသလို ကြည့်နေကျ ဇာတ်လမ်းမျိုးတွေ နှင့် မတူတာတော့အမှန်။ ပရိ သတ်အမြင်ပိုင်းဆိုင်ရာကို ပတ် ပတ်နပ်နပ်လေး ဆွဲဆောင်သွား နိုင်သည်။ ရန်ကုန်မြို့လယ်ကောင် ဆူးလေစေတီ တစ်ဝိုက်ကို ကျွန် တော်တို့ နေ့စဉ်လိုလို ရောက်နေ ကျပဲ။ ဒီနေရာပတ်ဝန်းကျင်က ကျွန်တော်တို့အဖို့ မဆန်း။ သို့ သော် ‘မုဒြာရဲ့ခေါ်သံ’ရဲ့ခေါ်သံ ဇာတ်ကားထဲမှာ ကြည့်ရတော့ မြင်ကွင်းတွေ အသစ်ဖြစ်နေသည်။

နောက်တစ်ခုက ကျွန်တော် အဖို့ ကျေနပ်မိသည်က သရုပ် ဆောင်တွေက အသစ်လည်း အသစ်၊ ပြီးတော့ ရိုးရိုးလေး သရုပ်ဆောင်သွားကြသည်ဟု ခံ စားရသည်။ အမှတ်ရမိဆုံးမြင် ကွင်းမှာ ဇာတ်ကားတစ်ကားလုံး နိုင်ငံခြားသား (မင်းသား)နှင့် ဆက်ဆံနေရသော မြန်မာမိန်း ကလေးတွေ (မင်းသမီးနှင့်သူ့မိတ် ဆွေ)က မြန်မာတို့ စံထားပြောနေ ကြသော မိန်းမတို့ဣနြေ္ဒဆိုတာ ကို စောင့်ထိန်းနေပြသွားခြင်းဖြစ် သည်။ ပြီးတော့ ဇာတ်ကားတစ် ကားလုံးမှာ မြန်မာ့ရိုးရာဝတ်စုံဖြစ် သော ထဘီနှင့်ရင်ဖုံးအင်္ကျီကို သာဝတ်ပြီး သရုပ်ဆောင်သွား သည်ကိုလည်း သတိထားမိသည်။

ကမ္ဘာကိုပြမည့် မြန်မာရုပ် ရှင်ကားမှာ မြန်မာ့ရိုးရာကို လက် လွှတ်မခံဘဲ ရိုက်ပြမှဆွဲဆောင်မှု ရှိမှာဖြစ်သည်။ ကျွန်တော်တို့၏ အမျိုးသားသရုပ်ကို အနုပညာ မြောက် သရုပ်ဖော်နိုင်လျှင် ကျွန် တော်တို့နှင့် မတူသည့်ကမ္ဘာက စိတ်ဝင်စားကြလိမ့်မည်။ အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်ကားတွေမှာ အိန္ဒိယအငွေ့အသက်တွေ ပါ သည်။ ကိုရီးယားဇာတ်ကားတွေ မှာ သူတို့ရိုးရာဝတ်စုံနှင့် ကင်ချီ ကို မပါမဖြစ် ထည့်ထားသလို ကမ္ဘာထဲမှာ တစ်နေရာကိုရှာကြ မည့် ကျွန်တော်တို့ ရုပ်ရှင်ကား တွေမှာလည်း မြန်မာ့အငွေ့ အသက်ကို ထုံမွမ်းထားရမည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိသည် ဟု ထင်ပါသည်။ ကြွယ်ဝပြီးသား မြန်မာ့ရေမြေ တောတောင် နောက်ခံမှာ ခေတ်မီသော ရိုက် ကွင်းရိုက်ကွက်နှင့် အနုပညာ ရသမြောက် ဇာတ်လမ်းတွေ ဖန် တီးနိုင်လျှင် ကမ္ဘာမှာ ကျွန်တော် တို့ တစ်နေရာတော့ ရနိုင်ကောင်း သည် မျှော်မိသည်။

အခုတော့ အနည်းဆုံး ခီ စုံတွဲရိုက်သည့် ရုပ်ရှင်ကားကို နိုင်ငံခြားသားတွေ လာကြည့် သည်ကို ကျွန်တော် မျက်မြင် ကြုံရပြီ။ အင်္ဂလိပ်စကားပြော သည့် မြန်မာသရုပ်ဆောင်တွေ နှင့် မြန်မာရေမြေနောက်ခံ ရိုးရာ အစဉ်အလာတွေကို မမေ့မ လျော့ဘဲ ရိုက်ကူးဇာတ်လမ်းဖွဲ့ ထားသည့် မြန်မာ့ရုပ်ရှင်ဇာတ် ကားတစ်ကား ပေါ်လာသည်မှာ အနာဂတ် မြန်မာ့ရုပ်ရှင်နှင့် ရုပ် ရှင်ကြည့်ပရိသတ်အဖို့ အား တက်ဖွယ်ဖြစ်ပါသည်။ ‘မုဒြာ ရဲ့ခေါ်သံ’သည် ကျွန်တော်တို့ မြန်မာရုပ်ရှင်တွေ အနာဂတ်မှာ တစ်ခေတ်ဆန်းကြဖို့ ‘ခေါ်သံ’ တစ်ခုပေလော။

ရုပ်ရှင်ကြည့်ပရိသတ်ဆို၍ ပြောရဦးမည်။ ခီစုံတွဲရိုက်သည့် ရုပ်ရှင်ကားနှစ်ကားကို ကြည့်ပြီး သွား၍ နှစ်သက်သွားသော ပရိ သတ်က ယခုအခါ စိတ်ကြီးဝင် သွားပြီထင်ပါသည်။ နောင်တွင် သူတို့ကြည့်မည့် မြန်မာရုပ်ရှင် ကားတွေအတွက် တိုင်းတာစရာ ပေတံ ရသွားသည်။ မင်းသား၊ မင်းသမီးဟူသည် ရုပ်ရည်ချော မောမှဆိုသည့် အစွဲသည်ပင် ယခုအခါ ကျွတ်သလောက်ကျွတ် သွားကြပြီထင်သည်။ ပရိသတ် က ဟီးဟီးဟားဟား ဟာသကား တွေ ကြိုက်လို့မို့ ဟာသကားတွေ ပဲ ရိုက်နေရသည်ဟု ဆိုသူများ လည်း ပြန်လည်စဉ်းစားစရာရပါလိမ့်မည်။ တကယ် အနုပညာစွမ်းရည်မြင့် ရုပ်ရှင်များကို ကြည့်ရန် မြန်မာရုပ်ရှင်ချစ်သူတွေက အဆင်သင့်ဖြစ်နေပြီဆိုသည်ကို ‘ဥပါယ်တံမျဉ်’နှင့် ‘မုဒြာရဲ့ခေါ်သံ’ပရိသတ်က သက်သေ ပြနေပါပြီ။

ခီစုံတွဲရိုက်သည့် ရုပ်ရှင် ကားတွေက ကောင်းကြောင်း ကျွန်တော် ရှေ့နေလိုက်နေခြင်း မဟုတ်ပါ။ အားနည်းချက်၊ အား သာချက်ကို အစွဲကင်းကင်းနှင့် ဝေဖန်ပြသော ပညာရှင်တွေအသံ ကို နားထောင်လိုပါသေးသည်။ လေလောဆယ် ကျွန်တော် စိတ် ကြီးဝင်မိသည်မှာ ကျွန်တော်တို့ မြန်မာဇာတ်ကားတစ်ကားကို နိုင်ငံခြားသားတွေ ငွေပေးကြည့် နေကြတာဖြစ်သည်။

ရန်ကုန်မြို့က ရုပ်ရှင်ရုံတစ် ရုံတွင် မြန်မာရုပ်ရှင်ကားသစ်တစ် ကား ရုံတင်နေသည်ဆိုပါစို့။ ထို ရုပ်ရှင်ဇာတ်ကားကို သင်လည်း သွားကြည့်သည်ဆိုပါစို့။ သင့်အနီး မှာ နိုင်ငံခြားသားတွေလည်း ထို ရုပ်ရှင်ကားကို သင်နှင့်အတူကြည့် ရန် ရုံအတွင်းသို့ အတူဝင်လာ သည်ကိုလည်း သင်မြင်ရသည် ဆို ပါစို့။ သင့်စိတ်ထဲတွင် မည်သို့ ခံစားရမည်ဟု ထင်ပါသလဲ။

ကျွန်တော်ကတော့ ပီတိဖြစ် သည်။ ဝမ်းသာသည်။ ကျေနပ် သည်။

(ဖော်ပြပါ ဆောင်းပါးသည်စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)