သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေး မော်လမြိုင်တွင် ဆန္ဒထုတ်ဖော်

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရေး မော်လမြိုင်မြို့တွင် ယမန်နေ့က ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ − သန္တာလှိုင်)

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေး ရေးဆန္ဒထုတ်ဖော်ပွဲတစ်ရပ် မတ်လ ၁၈ ရက်က မော်လမြိုင်မြို့တွင်ပြုလုပ်ပြီး လူအင်အား ၁၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရာ လမ်းတစ်လျှောက် သက်ငယ် မုဒိမ်းမှုကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များဖြန့် ဝေပြီး အသိပညာပေးဟောပြော ပွဲပြုလုပ်ခြင်းနှင့် ကဗျာရွတ်ဆို ခြင်းအစီအစဉ်များပါဝင်သည်။

သက်ငယ်မုဒိမ်းကျူးလွန်ခံရ သည့် ကလေးငယ်များကို သား သမီးချင်း၊ မောင်နှမချင်းကိုယ် ချင်းစာပြီး ကျူးလွန်သူများကို သေဒဏ်ပေးရန် ယခုလိုဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်ကျင်းပသူ ဒေါ်သီတာစိုးက ဆိုသည်။

‘‘ဒီကနေ့ သတင်းစာ၊ စာ စောင်တွေ ဖတ်လိုက်ရင် သက် ငယ်မုဒိမ်းမှုတွေ နေ့တိုင်းတွေ့နေ ရပါတယ်။ ဖြစ်လိုက်ရင် ကလေး တွေ၊ ကလေးတွေရဲ့ အနာဂတ် ကျိုးပျက်သွားတယ်။ နောက်ပိုင်း လူသတ်တဲ့အထိ ရဲတင်းလာကြ တယ်။ ဒါကြောင့် သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ်ပေး ပါလို့ တောင်းဆိုချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်သည့် အဖွဲ့သည် သက်ငယ်မုဒိမ်းကျူး လွန်သော မုဒိမ်းကောင်များအား သေဒဏ်ပေးပါဟူသည့် ကြွေး ကြော်သံဖြင့် မော်လမြိုင်မြို့ ဘို ကုန်းရပ်ကွက် အထက်လမ်းမ ကြီးတစ်လျှောက် မြို့တော်ဦးပန်း ခြံမှတစ်ဆင့် အောက်လမ်းမကြီး သို့ ချိုးကွေ့ပြီး ကမ်းနားလမ်းရှိ မြို့မတံတားထိပ်မြေကွက်လပ် တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

‘‘မုဒိမ်းကောင်တွေကို သေ ဒဏ်ပေးသင့်တယ်။ အခုမြန်မာ နိုင်ငံမှာ ထောင်ဒဏ် နှစ် ၂၀ ပဲချ နေတာတွေ့နေရတယ်။ ဒါလည်း ဥပဒေပြဋ္ဌာန်းချက်နဲ့ အမိန့်ချ တော့ ကျူးလွန်ခံရတဲ့ ကလေးငယ်အတွက် မမျှတဘူး။ တချို့ကလေးဆို သတ်ပါသတ်ခံထိတယ်။ အခု နောက်ပိုင်း ကလေးငယ်တွေကို မုဒိမ်းမှုကျူးလွန်လာတာ အရမ်း များနေပြီး ဒါကြောင့် ကျူးလွန်တဲ့ သူတွေကို သေဒဏ်ပေးစေချင် တယ်’’ဟု ဆန္ဒထုတ်ဖော်သည့် အဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် အသက် (၁၆) နှစ်အောက် ကလေးသူငယ် များ မုဒိမ်းကျင့်ခံရသည့် အမှု၂၀၁၆ တွင် ၃၁ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၇ တွင် ၄၄ မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှတ်တမ်း၌ ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ၂၀၁၆ တွင် သက်ငယ်မုဒိမ်း မှု ၆၇၁ မှုဖြစ်ပွားပြီး ၂၀၁၇ တွင် ၈၉၇ မှုအထိ ဖြစ်ပွားခဲ့ရာ ၂၂၆ မှု အထိမြင့်တက်ခဲ့သည်။ သက် ငယ်မုဒိမ်းသေဒဏ်ပေးရေးလှုပ် ရှားမှုများကို ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများ၌ ပြုလုပ်နေသည်။