ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်တွင် အမှိုက်ရှင်းသည့် လုပ်ငန်းများ အစပြု

ကမ္ဘာ့အမြင့်ဆုံးဖြစ်သည့် ဧဝရတ် တောင်ထိပ်တွင် အမှိုက်များကို ရှင်းလင်းသည့် လုပ်ငန်းခွင် အစပြုနေကြောင်း သိရသည်။


ကမ္ဘာလှည့် ခရီးသည်များနှင့် တောင်တက်သမားများ စွန့်ပစ်ခဲ့ရာ အမှိုက်တန်ချိန် ၁၀၀ ခန့်ကို တောင်ပေါ်မှ ရဟတ်ယာဉ်ဖြင့် သယ်ယူရှင်းလင်းရန် စီစဉ်ထားကြောင်း နီပေါ အာဏာပိုင်များက ဆိုသည်။

မတ် ၁၇ ရက်က ပထမဆုံး ရှင်းလင်းမှု စတင်သည့်နေ့တွင် အမှိုက်တန်ချိန် ၂၆၀၀ ကျော်ကို ဧဝရတ်တောင်ထိပ်မှ ဖယ်ရှားနိုင်ခဲ့ကြသည်။ ယင်းအမှိုက်များကို ခတ္တမန္ဒူရှိ လုခ်လာလေဆိပ်သို့ သယ်ယူပြီး ထိုမှတဆင့် ပြန်လည်သန့်စင် အသုံးပြုသည့် ဌာနများသို့ ခွဲဝေ ပေးပို့မည် ဖြစ်သည်။

ကျင့်ဝတ်ပိုင်းအရ တောင်တက်သမားများသည် ၎င်းတို့တက်ခဲ့ရာ တောင်ပေါ်ရှိ အမှိုက်များကို ပြန်လည် သယ်ယူလာရန် လိုအပ်သည်။ သို့သော် နှစ်စဉ်နှစ်တိုင်း ဒေသခံ တောင်တက် လမ်းပြများ အနေဖြင့် ဧဝရတ်တောင်ထိပ်မှ ကီလိုဂရမ် ရာနှင့်ချီ များပြားသည့် အမှိုက်များကို စုယူသိမ်းဆည်းရလေ့ ရှိသည်။

ယခုနှစ်၏ အမှိုက်သိမ်း စီမံကိန်းမှာမူ ခတ္တမန္ဒူသို့ ပို့ဆောင်ကာ ပြန်လည် ပြင်ဆင် အသုံးချနိုင်မည့် ပစ္စည်းများကို အဓိက ပစ်မှတ်ထား ရည်ရွယ် စုဆောင်းရန်ဖြစ်ကြောင်း သိရသည်။ အမှိုက်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို Yeti ပုဂ္ဂလိက ကုမ္ပဏီက ကူညီပေးခဲ့သည်။

တောင်ထိပ်တွင် ကျန်နေသည့် ပစ္စည်းအများစုမှာ ဘီယာပုလင်းနှင့် သံဘူးအခွံများ၊ စည်သွပ်ဘူး အလွတ်များ၊ ပျက်စီးသွားသည့် တောင်တက်ကိရိယာ အဟောင်းများ ဖြစ်ကြသည်။ ထို့အပြင် အမြင့်ပိုင်း တက်ချိန်တွင် မရှိမဖြစ် လိုအပ်သည့် အောက်စီဂျင်ဘူးများ၏ အခွံများကိုလည်း အများအပြား တွေ့နိုင်သည်။ 

ဧဝရတ်တောင်သည် နီပေါ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အရေးပါသည့် နေရာတစ်ခုအဖြစ် တည်ရှိနေသည်။ ပြီးခဲ့သည့်နှစ်က ယင်းဒေသသို့ ခရီးသည် တစ်သိန်းကျော် လာရောက်လည်ပတ်ခဲ့ရာ လေးသောင်းမျှသည် ဧဝရတ်တောင်ခြေ၊ သို့မဟုတ် တောင်ပေါ်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ref: BBC