ဖိလစ်ပိုင်တွင် လူနေအိမ်ပေါ် လေယာဉ်ပျက်ကျမှုကြောင့် ၁၀ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်တွင် လေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူများရော၊ မြေပြင်တွင် ရှိနေသူများပါ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


Piper-23 Apache အမျိုးအစား လေယာဉ်ငယ်သည် မတ်လ ၁၇ ရက်က မနီလာ မြောက်ပိုင်းမှ ပျံတက်လာပြီးနောက် လူနေ ရပ်ကွက်ထဲ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မတော်တဆမှုတွင် လေယာဉ်ပေါ် လိုက်ပါလာသူ ၅ စလုံးရော၊ မြေပြင်တွင် ရှိနေသူ ၅ ဦးပါ သေဆုံးခဲ့ကြောင်း ပြည်တွင်း လေကြောင်း ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အဲရစ် အပိုလိုနီယိုက ပြောကြားခဲ့သည်။

ပလာရီဒဲလ် ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျူလီယို လစ်ဇာဒိုက လေယာဉ် ပျက်ကျမှုကြောင့် နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။ လေယာဉ်ပျက်ကျရာ တည့်တည့်တွင် ရှိနေသည့် နေအိမ်မှာမူ မီးစွဲလောင် ပျက်စီးခဲ့သည်။

မျက်မြင်များက လေယာဉ်သည် နိမ့်ဆင်းလာချိန်တွင် သစ်ပင်တစ်ပင်နှင့် ဓာတ်တိုင်တစ်တိုင်ကိုပါ ဝင်ဆောင့်ခဲ့ပြီးမှ နေအိမ်ထဲသို့ စိုက်ကျသွားခြင်းဟု ပြောကြားခဲ့သည်။ လေယာဉ် ပျက်ကျရမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။

Lite Air Expressက တာဝန်ယူ ပြေးဆွဲသော လေယာဉ်ငယ်သည် မနီလာမှ နိုင်ငံမြောက်ပိုင်းရှိ လာအော့ဂ်မြို့သို့ ဦးတည်ပျံသန်းချိန်တွင် ပျက်ကျခဲ့ခြင်းဟု အပိုလိုနီယိုက ဆိုသည်။ လတ်တလောတွင် အဆိုပါ ကုမ္ပဏီက ပြေးဆွဲသော လေယာဉ်အားလုံးကို ပျံသန်းခွင့် ယာယီ ဆိုင်းငံ့ထားရန် တာဝန်ရှိသူများက ညွှန်ကြားချက် ထုတ်ပြန်ထားပြီး လေယာဉ်ပျက်ကျမှုကို စုံစမ်းမှုများ စတင်ပြုလုပ်လျက်ရှိသည်။

Ref: CBS