တရားသူကြီးကို ဖိနပ်ဖြင့် ပေါက်၍ အမှုရင်ဆိုင်နေသည့် ရှေ့နေ တရားရုံးကို ဖိနပ်ဖြင့်ပေါက်ပြန်

တရားသူကြီးကို ဖိနပ်ဖြင့်ပေါက်၍ အမှုရင်ဆိုင်နေရသည့် ရှေ့နေဦးဇော်ဝင်းသည် တရားရုံးကိုပါ ဖိနပ်ဖြင့်ပေါက်၍ ပုဒ်မများ ထပ်တိုးသွားပြီဖြစ်သည်။ (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

မတ္တရာမြို့နယ် တရား သူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်၍ အမှုရင်ဆိုင်နေရသည့် ရှေ့နေ ဦးဇော်ဝင်းသည် ပြည်ကြီးတံခွန် မြို့နယ်တရားရုံးကို ဖိနပ်ဖြင့် ထပ် မံပစ်ပေါက်၍ ပုဒ်မလေးခုတပ် ပြီး အမှုဖွင့်ခံရပြန်သည်။

 ပြည်ကြီးတံခွန်မြို့နယ် တရားရုံး၌ ဒုတိယမြို့နယ်တရား သူကြီး ဒေါ်စုသက်ငုံက မဇာဇာ ထွန်းကို ၀တ္တရားနှောင့်ယှက်မှုဖြင့် တရားလိုပြုလုပ် စွဲဆိုထားသည့် အမှုကို စစ်ဆေးပြီး အပြီးသတ် အမိန့်ချနေစဉ် မတ်လ ၁၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဦးဇော်ဝင်းက တရားရုံးကို ဖိနပ် ဖြင့် ထပ်မံပစ်ပေါက်ခဲ့သည်။


အမှုစစ်ဆေးနေစဉ် ဦးဇော်ဝင်းသည် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးရှေ့ရောက်လာပြီး တရားစီရင်ရေးကို ပုတ်ခတ်ပြောဆိုပြီး သောက်သုံးမကျတဲ့ တရားရုံးဟု ညစ်ညမ်းစွာပြောဆိုကာ တရားသူကြီးကို ၀င်ရိုက်မည်ဟု ကြိမ်းဝါးပြီးနောက် နိုင်ငံတော်အဆင့်လူကြီးများကို လေးစားမှုမရှိစေရန် လှုံ့ဆော်ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် တရားရုံးဝင်းအတွင်း အနီးဝန်းကျင်နှင့် တရားခွင်အမှု စစ်ဆေးခြင်းတို့ကို ခွင့်ပြုချက် မရှိဘဲ လက်ကိုင်ဖုန်းဖြင့် ဗီဒီယို၊ ဓာတ်ပုံရိုက်ခြင်းတို့အပြင် ဒေါ်စု သက်ငုံ၏ တရားခွင်ဝင်ပေါက်ရှေ့ ရပ်ပြီး တရားရုံးကို ဖိနပ်ဖြင့် ပစ် ပေါက်ခဲ့ကြောင်း တိုင်ကြားချက် တွင် ဖော်ပြထားသည်။

ဦးဇော်ဝင်းသည် စီးထား သော ဖိနပ်ဖြင့် တရားခွင်ဝင် ပေါက်အထွက်ရှိ ကြော်ငြာဆိုင်း ဘုတ်ကို ပစ်ပေါက်ထိမှန်၍ တရားစီရင်ရေး တာဝန်ထမ်းဆောင်နေသော အစိုးရအပေါ် ဂုဏ်သိက္ခာ ကျဆင်းရန်၊ မလေးစားရန် လှုံ့ဆော်အားထုတ်ခြင်း၊ တရားရုံး အား မထီမဲ့မြင်ပြုလုပ်ခြင်း၊ တရားစီရင်ရေးတာဝန် ဆောင်ရွက်မရရန် ညစ်ညမ်းစွာ ပြောဆိုနှောင့် ယှက်မှုဖြင့် တရားသူကြီး ဒေါ်စုသက်ငုံက တရားလိုပြုလုပ် အမှု ဖွင့်ခဲ့သည်။

ရာဇသတ်ကြီးပုဒ်မ ၂၉၄ ညစ်ညမ်းသောပြုလုပ်မှုများ၊ ပုဒ်မ၃၅၃ တာဝန်ဝတ္တရားဆောင်ရွက် ခြင်းမှ ပြည်သူ့ဝန်ထမ်းကို ဟန့် တားရန် လက်ရောက်မှုကျူးလွန် ခြင်း (သို့မဟုတ်) ရာဇ၀တ်မကင်း သော အနိုင်အထက်ပြုမှုခြင်းတို့ အပါအ၀င် ပုဒ်မ ၂၂၈၊ ၅၀၆ စုစု ပေါင်းပုဒ်မလေးခုဖြင့် ပြည်ကြီးတံခွန်မြို့မရဲတပ်ဖွဲ့စခန်းတွင် မတ် လ ၁၆ ရက် နံနက် ၈ နာရီက အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

မတ္တရာတွင် ပုဒ်မသုံးခုဖြင့် တရားစွဲခံရသည့် ဦးဇော်ဝင်းသည်အာမခံရပြီး ပုဒ်မတစ်ခုတည်းဖြင့် တရားစွဲခံရသည့် မဇာဇာထွန်းသည် အာမခံမရဘဲ ၂၄ နာရီအတွင်း စစ်ဆေးပြီး ထောင်ဒဏ်လေးလချမှတ်ခံရခြင်းကို ဦးဇော်ဝင်းက ကန့်ကွက်ခဲ့ကြောင်း အဆိုပါဖြစ်စဉ် ဖြစ်ပွားနေစဉ်တွင် ရှိနေသည့် မျက်မြင်တွေ့ရှိသူ ကိုသိန်းအောင်မြင့်က ပြောသည်။

ဦးဇော်ဝင်းသည် မတ္တရာမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်စဉ် တရားသူကြီး၏ အာမခံရုပ်သိမ်းမှုကို မကျေနပ်၍ တရားသူကြီးအား ဖိနပ်ဖြင့်ပစ်ပေါက်မှုကြောင့် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ခံထားရပြီး အာမခံဖြင့် မိတ္ထီလာတရားရုံးတွင် အမှုရင်ဆိုင်နေရ သည်။