ပြည်ပအငှားယာဉ် ကုမ္ပဏီများကို ယှဉ်ပြိုင်ရန် တက္ကစီသမားများစု၍ Kilo Taxi Group ဖွဲ့စည်း

Kilo Taxi Group ကို ဧပြီ ၁ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်သည်။ (ဓာတ်ပုံ − ကိုကိုလင်း)

အငှားယာဉ်လောက တွင် ပြည်ပကုမ္ပဏီများ ကြီးစိုးလာခြင်းကို တုံ့ပြန်ရန် ပြည်တွင်း တက္ကစီသမား ၅၅ ဦး စုပေါင်း၍ ကီလိုစနစ်ဖြင့် မောင်းနှင်မည့် Kilo Taxi Group ကို ဖွဲ့စည်းခဲ့ကြောင်း အဆိုပါအဖွဲ့ကိုဦးဆောင်သူ ဦးကိုကိုလင်းက ပြောသည်။

အဆိုပါစနစ်ဆောင်ရွက်ရန် တက္ကစီယာဉ်မောင်းများ မတ်လ ၁၁ ရက်က စတင်စုစည်းခဲ့ပြီး ဧပြီ ၁ ရက်တွင် မင်းဓမ္မလမ်း၌ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

အဆိုပါစနစ်တွင် ကားပေါ် စတက်ချိန် ကျပ် ၁,၃၀၀ ကျသင့် မည်ဖြစ်ပြီး တစ်ကီလိုလျှင် ကျပ် ၃၀၀ ထပ်မံပေးဆောင်ရမည်ဖြစ် ပြီး ကားကျပ်ချိန်နှင့် မီးပွိုင့်စောင့် ချိန်များ ထည့်သွင်းတွက်ချက် မည်မဟုတ်ဟု ဆိုသည်။

‘‘နိုင်ငံတကာ တက္ကစီကုမ္ပဏီ တွေ ဝင်လာချိန်မှာ ပြည်တွင်းက တက္ကစီသမားတွေစုပြီး လမ်းဘေး လက်တားတက္ကစီစနစ်ကို စတင် တည်ထောင်တာပါ’’ဟု ဦးကိုကိုလင်းက ပြောသည်။

အဆိုပါအဖွဲ့သည် တက္ကစီ သမားများ ထပ်မံစုဆောင်းနေ သော်လည်း ကုမ္ပဏီအဖြစ် မှတ်ပုံ မတင်ရသေးကြောင်း အဖွဲ့ခေါင်း ဆောင်က ပြောသည်။

 ယခုကဲ့သို့ ပြေးဆွဲခြင်း ကြောင့် လက်ရှိ တက္ကစီကုမ္ပဏီ များကို မထိခိုက်ကြောင်းနှင့် ခရီး သွားပြည်သူအတွက် ကောင်းမွန် သည်ကို လုပ်ကိုင်သဖြင့် ကြိုဆို ကြောင်း Hello Cab တက္ကစီ လုပ်ငန်းရှင် ဦးအောင်ဝင်းက ပြော ကြားသည်။

ရန်ကုန်မြို့တွင် အမေရိကန် အခြေစိုက် အငှားယာဉ်လုပ်ငန်း Uber, စင်ကာပူအခြေစိုက် Grab တို့သည် ၂၀၁၇ ၌ ပြည်တွင်းသို့ ဝင်ရောက်ခဲ့သည်။ ပြည်တွင်း ၌လည်း Hello Cab, Oway Ride တို့သည်လည်း တက္ကစီ အငှား ယာဉ်လောကတွင် ဈေးကွက်ယူ ထားသည်။

Hello Cab သည် ပထမသုံး ကီလိုမီတာနှင့် ၁၀ မိနစ်အတွင်းကျပ် ၂,၀၀၀ ကျသင့်မည်ဖြစ်ပြီး သုံးကီလိုမီတာနှင့် ခြောက်ကီလိုမီတာကြား ကျပ် ၄၀၀နှင့် တစ်မိနစ်လျှင် ကျပ် ၃၀ ထပ်မံ ပေါင်းထည့်ခြင်းဖြစ်သည်။ ခုနစ်ကီလိုကျော်လွန်ပါက ကျပ် ၂၀၀ နှင့် တစ်မိနစ် ကျပ် ၃၀ ထပ်မံပေါင်းထည့်သည်။

Oway Ride သည် ပထမ နှစ်ကီလိုမီတာကို ကျပ် ၁,၅၀၀ ပေးရ မည်ဖြစ်ပြီး တစ်ကီလိုမီတာ ထပ်တိုးတိုင်း ကျပ် ၃၀၀ ထပ် ဆောင်းပေးရမည်ဖြစ်သည်။

Grab နှင့် Uber သည် သွား လိုသည့် ခရီးကို အက်ပလီကေး ရှင်းတွင် ပုံသေကျသင့်နှုန်း ဖော်ပြပေးသည်။