ကြိုတင် ထုတ်ပြန်မှု မရှိဘဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဆွီဒင်သို့သွားရောက်

ကြိုတင် သတင်းထုတ်ပြန်မှု မရှိဘဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် ဆွီဒင်နိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်သည် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံရေးကိစ္စနှင့် ဆက်နွှယ်ဖွယ် ရှိနေသည်။

မြောက်ကိုရီးယား အစိုးရက ဝန်ကြီး ရီယောင်ဟို၏ ဥရောပ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန်၊ နှစ်ဦးနှစ်ဖက် စိုးရိမ်သည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည်။ အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြားတွင် တိုက်ရိုက် သံတမန် ဆက်ဆံရေးမျိုး မရှိဘဲ ဆွီဒင်က ကြားခံအဖြစ် ကာလရှည်ကြာ ချိတ်ဆက်ပေးခဲ့သည်။

ထို့ကြောင့် ဆွီဒင်သို့ ရီရောက်ရှိလာမှုသည် ထရမ့်နှင့်ကင်မ်တို့ တွေ့ဆုံရေး ကိစ္စကြောင့်သာ ဖြစ်လိမ့်မည်ဟု ထင်ကြေးများ ပိုမို အားကောင်းလာခဲ့သည်။ ခါးသီးမှုများစွာ ရှိနေသည့် နိုင်ငံခေါင်းဆောင် နှစ်ဦးသည် ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စများ ဆွေးနွေးရန်အတွက် လအနည်းငယ်အတွင်း တွေ့ဆုံသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

ရီ၏ ခရီးစဉ်နှင့် ပတ်သက်၍ ဆွီဒင် ဝန်ကြီးချုပ် စတီဖန်လော့ဖ်ဗန်းက အကြောင်းရင်း အတိအကျ မကြေညာသော်လည်း “တကယ်လို့ အဓိက ကာယကံရှင်တွေက ဒီိကိစ္စမှာ ဆွီဒင်ကို ဝင်ပါစေချင်တယ်ဆိုရင် ကျွန်တော်တို့ကလည်း ကူညီဖို့ အသင့်ပါပဲ”ဟု ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့ဟာ စစ်ရေးအရ ဘယ်ဖက်ကိုမှ မယိမ်းသလို မြောက်ကိုရီးယားနဲ့လည်း ကာလရှည်ကြာ ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပြီးသားပါ။ ဒီကိစ္စမှာ ဆွီဒင်က တစ်ခုခု ဝင်ရောက်ကူညီနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်အခန်းကဏ္ဍက ပါရမလဲ ဆိုတာကိုတော့ ကာယကံရှင် နိုင်ငံတွေပဲ ဆုံးဖြတ်ပါစေ”ဟုလည်း ဆိုသည်။

အမေရိကန် အစိုးရက ဆွီဒင်သို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရောက်ရှိနေမှုကို စိတ်ဝင်စားသည်ဟု မှတ်ချက်ပေးခဲ့သော်လည်း ထိုကိစ္စသည် အမေရိကန်နှင့် မြောက်ကိုရီးယား ညှိနှိုင်းမှုများနှင့် ဆက်စပ်ခြင်း ရှိမရှိကိုမူ တိတိကျကျ ကြေညာရန် ရှောင်လွှဲခဲ့ကြောင်း သိရသည်။

Ref: Reuters