မီယာမီတွင် လူကူး ခုံးကျော်တံတား ကျိုးကျမှုကြောင့် အနည်းဆုံး ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ မီယာမီမြို့ရှိ လူကူး ခုံးကျော်တံတားတစ်စင်း ကျိုးကျမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၅ ရက်က ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ် အနီးရှိ ရှစ်လမ်းသွား လမ်းမကြီးပေါ်မှ ဖြတ်၍ သွယ်တန်းထားသော တံတား ကျိုးကျခဲ့ခြင်း ဖြစ်သည်။ တန်ချိန် ၈၆၀ ကျော် လေးလံပြီး ၁၇၄ ပေ ရှည်လျားသည့် တံတားတစ်စင်းလုံး ကျိုးကျသွားခြင်းကြောင့် အောက်ခြေရှိ ယာဉ်ရှစ်စီးမျှ ထိခိုက် ပျက်စီးခဲ့သည်။

တံတားကျိုးကျချိန်၌ တံတားအောက်တွင် လူမည်မျှ ရှိနေခဲ့ကြောင်း တိတိကျကျ မသိရသေးချေ။ ကယ်ဆယ်ရေး အဖွဲ့များသည် ညနက်သန်းခေါင်ထိ တံတား အပျက်အစီးများကို ဖယ်ရှား ရှင်းလင်းကာ အသက်ရှင် ကျန်ရစ်သူများကို လိုက်လံ ရှာဖွေလျက် ရှိသည်။

တံတားကို တည်ဆောက်ထားသည်မှာ မကြာလှသေးသလို တည်ဆောက်မှုတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန်အတွက် Accelerated Bridge Constructionဆိုသည့် နည်းလမ်းကို အသုံးပြုခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လူကူးခုံးတံတားကို အပြီးသတ် တပ်ဆင် တည်ဆောက်မှုမှာ အချိန် ၆ နာရီမျှသာ ကြာခဲ့သည်။

မီယာမီ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန အကြီးအကဲ ဒေ့ဗစ်ဒေါင်နီက “အချိန်ယူ ရှင်းလင်းရမယ့် ကိစ္စပါ။ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ညလုံးပေါက် ဆောင်ရွက်ခဲ့ပါတယ်။ အပျက်အစီးတွေအောက်မှာ ထိခိုက်မိသူတွေ ပိတ်မိနေသလား ဆိုတာကို သေသေချာချာ သိရဖို့ သိပ်အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။

မီယာမီ ရဲတပ်ဖွဲ့က အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ဆေးရုံသို့ တင်ပို့၍ ကုသမှု ခံယူစေခဲ့ရသူ ၁၀ ဦးရှိကြောင်း ဆိုသည်။ အခင်းဖြစ်ချိန်တွင် အနီးရှိ ဖလော်ရီဒါ နိုင်ငံတကာ တက္ကသိုလ်မှာ နွေဦးရာသီ ပိတ်ရက်ကာလ ဖြစ်သဖြင့် ကျောင်းသူကျောင်းသား နည်းပါးလျက် ရှိသည်။

တံတား ကျိုးကျရသည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ်နေပြီဟုလည်း သိရှိရသည်။

Ref: CNN