မက္ကဆီကိုနှင့် နယ်စပ်တွင် တည်ဆောက်မည့် တံတိုင်း နမူနာ ပုံစံများကို ထရမ့် သွားရောက်စစ်ဆေး

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် မက္ကဆီကိုနှင့် နယ်နိမိတ်တလျှောက် တံတိုင်းကာမည့် နံရံများ နမူနာ တည်ဆောက်မှုကို သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထရမ့်သည် ဖလော်ရီဒါရှိ ဆန်ဒီယေဂိုမြို့သို့ မတ်လ ၁၃ ရက်က ရောက်ရှိလာပြီး တံတိုင်းပုံစံတူ ၈ ခုကို စိတ်ဝင်တစား လှည့်လည် စစ်ဆေးခဲ့သည်။ ရွှေ့ပြောင်း လုပ်သားများ အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးရန်အတွက် မက္ကဆီကိုနှင့် နယ်စပ်တလျှောက် တံတိုင်းကာကွယ်ရန် ဆိုသည်မှာ ထရမ့်၏ ရွေးကောက်ပွဲကြိုကာလမှ ကမ္ဘာကျော် ကတိကဝတ် တစ်ခုလည်း ဖြစ်ခဲ့သည်။

ထရမ့်သည် တံတိုင်းနမူနာများကို လိုက်လံကြည့်ရှုခဲ့သလို နယ်ခြားစောင့် အရာရှိများနှင့်လည်း ဆွေးနွေးခဲ့သေးသည်။ ၎င်းသည် သမ္မတ ရာထူးကို ရရှိပြီးနောက်ပိုင်း ဖလော်ရီဒါသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဟုလည်း သိရသည်။

“ကိုယ့်နိုင်ငံ နယ်နိမိတ်ကို ကာကွယ်တဲ့ တံတိုင်းစနစ်တစ်ခု မရှိဘူးဆိုရင် ကိုယ့်နိုင်ငံလည်း မရှိနိုင်ဘူးလေ”ဟု ထရမ့်က Twitterပေါ်တွင် ရေးသားခဲ့သည်။

သို့သော် ဆန်ဒီယေဂိုတွင် ရွှေ့ပြောင်းအခြေချသူများနှင့် မက္ကဆီကို အနွယ်ဝင်များက ထရမ့်၏ ခရီးစဉ်ကို ရှုတ်ချကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ထရမ့်၏ တံတိုင်းစီမံကိန်းအပေါ် ဝေဖန်မေးခွန်းထုတ်မှု အများအပြား ရှိနေသည့်တိုင် သမ္မတ ကိုယ်တိုင်ကမူ အဆိုပါ ကတိကို အကောင်အထည်ဖော်ရန် အမှန်တကယ် လုပ်ဆောင်သွားမည်ဟု ကြွေးကြော်ထားသည်။

Ref: USA Today

Top News