ထီးချိုင့်တွင် ဘော်ဒါဆောင်တစ်ခုအတွင်း မိုင်းပေါက်ကွဲ၊ မပေါက်ကွဲသေးသော မိုင်း ခြောက်လုံးတွေ့ရှိ

သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း စစ် ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ ရှိ တက္ကသိုလ်ဝင်တန်းကျောင်း  သားများ တက်ရောက်နေသော ဘော်ဒါဆောင်တစ်ခုတွင် မိုင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မပေါက်ကွဲသေးသော မိုင်းခြောက်လုံးတွေ့ ရှိကာ သံသယရှိသူတစ်ဦးကို ဖမ်း ဆီး စစ်ဆေးနေသည်။

ထီးချိုင့်မြို့နယ် အလယ် တောကျေးရွာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ၂၄ ဦး တက်ရောက်နေသော ဘော်ဒါဆောင်  ခြံဝင်းအတွင်း မတ်လ ၁၂ ရက် ညနေက မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်။

ကျောင်းသားများအသုံးပြုသည့် သောက်ရေအိုးအတွင်းနှင့် အခြားနေရာ ငါးခုတွင် မပေါက်ကွဲသေးသော မိုင်းခြောက်လုံးတွေ့ရှိခဲ့ပြီး နောက် မိုင်းထောင်သူဟု သံသယရှိသော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးစစ် ဆေးနေသည်။

 အဆိုပါ အမျိုးသားသည်ရွှေဘိုမြို့နေ အသက် (၄၀)နှစ်အရွယ် မျိုးကိုကိုဆိုသူဖြစ်ပြီး ၎င်းသည် ဘော်ဒါဆောင်မှ ဆရာမတစ်ဦးထံ မတ်လ ၁၂ ရက် နံနက်တွင် ဖုန်းခေါ်ဆိုထားပြီး မက်ဆေ့ခ်ျနှစ် စောင်ပို့ထားသည်ကို တွေ့ရကြောင်း ပြောသည်။

‘‘ကျန်တဲ့ မိသားစုဝင်တွေနဲ့ ပျော်ပျော်ကြီးသေကြပေါ့ဆိုတဲ့ စာတန်းလည်းပါတယ်။ မဆက် သွယ်နဲ့တော့ဆိုတာလည်း ပါ တယ်။ နောက်တစ်ခါ ဘော်ဒါ ဆောင်ရဲ့ ပြတင်းတံခါးနဲ့ အိမ်ရှေ့တိုင်တွေမှာ မျိုးကိုကို ထိုးနေကျ လက်မှတ်ကို မြေဖြူနဲ့ မြန်မာလိုရော၊ အင်္ဂင်္လိပ်လိုရော ရေးထိုးထားတယ်။ ဒါကြောင့် သံသယဖြစ်တော့ သူပဲဖြစ်နိုင်တယ်ဆိုပြီး ရဲတပ်ဖွဲ့က ချိတ်ဆက်ဖမ်းတဲ့အခါ ဖမ်းမိတယ်’’ဟု ၎င်းကပြောကြားသည်။

   ဘော်ဒါဆောင်အတွင်း သောက်ရေအိုးထဲတွင် မိုင်းတစ် လုံးထောင်ထားသည်ကို ဘော်ဒါ ဆောင်ပိုင်ရှင်က တွေ့၍ အ ကြောင်းကြားခဲ့သောကြောင့် လုံ ခြုံရေးအဖွဲ့ကသွားရောက်ရှာဖွေ ရာမှ အခြားမပေါက်ကွဲသေးသော မိုင်းများ ထပ်မံတွေ့ရှိပြီး တစ်လုံးကို ဆရာမတစ်ဦးစီးသည့် ဆိုင်ကယ်တွင်တပ်ဆင်ထားသည်။ မိုင်းပေါက် ကွဲသည့်နေ့သည်တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာရပ်ဖြေဆိုသည့်နေ့ ဖြစ်သည်။ ဘော်ဒါဆောင်တွင် ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၁၄ ဦးနှင့် ဆရာမ နှစ်ဦးနေထိုင်ပြီး တစ်ဦးတစ်ယောက် မျှ ဒဏ်ရာမရခဲ့ဟု ဒုတိယရဲမှူးကြီး တင်ဝင်းက ပြောသည်။ ဖမ်းဆီးထားသည့် အမျိုးသားသည် ဘော်ဒါဆောင်မှ ၀န်ထမ်းဆရာမ တစ်ဦးကို မကျေနပ်မှုတစ်ခုကြောင့် တုံ့ပြန်ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။ မိုင်းများအားလုံးသည် အသံမိုင်း အမျိုးအစားဖြစ်ကြောင်းရဲတပ်ဖွဲ့က ဆိုသည်။

ပေါက်ကွဲမှုဖြစ်လေ့ ဖြစ်ထ မရှိသော ထီးချိုင့်မြို့တွင် ဖြစ်စဉ်ဖြစ်ပွားခြင်းအပေါ်စိုးရိမ်မိကြောင်း မြို့ခံများနှင့် လွှတ်တော်အမတ်များက ပြောသည်။

‘‘မနက်ပိုင်းမှာ သုံးလုံးတွေ့ တယ်။ နေ့လယ်ကျတော့ တစ်လုံး ပေါက်တယ်။ တပ်မတော်ရော၊ ရဲ စခန်းကရော ရှာဖွေတဲ့အခါ ထပ် တွေ့တယ်။ ကျွန်တော်တို့ထီးချိုင့်မြို့မှာက ပေါက်ကွဲမှုဖြစ်တာမျိုး မကြားမိသလောက်ပဲ။ အခုလိုဆို တော့ လုံခြုံရေးခြိမ်းခြောက်သလို ဖြစ်နေတယ်’’ ဟု ထီးချိုင့်မြို့နယ် တိုင်းဒေသကြီး အမှတ်(၂)လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းဟန် က ပြောသည်။

ထီးချိုင့်မြို့နယ် တိုင်းဒေသ ကြီး အမှတ်(၁)လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်မော်ကလည်း ငြိမ်းချမ်းသည့် ဒေသတစ်ခုတွင် ဖြစ်ခေါင့်ဖြစ်ခဲ ဖြစ်ပွားခဲ့သော အဆိုပါ အမှုကို မြန်မြန်ဆန်ဆန် ဖော်ထုတ်ပေးရန် မြို့ခံများကလို လားကြောင်း ပြောသည်။

အဆိုပါ အမှုကို ထီးချိုင့်မြို့ မရဲစခန်းက ၁၉၀၈ ပေါက်ကွဲ စေတတ်သော ၀တ္ထုပစ္စည်းများ ဆိုင်ရာအက်ဥပဒေပုဒ်မ ၃ အရ အမှုဖွင့်စစ်ဆေးနေသည်။

Top News