စာမေးပွဲအချိန်မပြည့်မီ မေးခွန်းများကို လူမှုကွန်ရက်တင်သူအား ၆၆/ဃ ဖြင့် အမှုဖွင့်

 စာမေးပွဲဖြေဆိုချိန်မပြီးမီ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများကို လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည့် Sayar Boneအမည်ဖြင့်လူမှုကွန်ရက်သုံးစွဲသူ အား ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး(စီမံ)က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃ ဖြင့်ပဲခူးမြို့ အမှတ်(၂) နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်။

ထိုအကောင့်ပိုင်ရှင်သည် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ ဘာသာရပ် မေးခွန်းများကို နေ့စဉ်စာမေးပွဲ ကျင်းပနေဆဲ နံနက် ၁၀ နာရီနှင့် ၁၁ နာရီကြားတွင် လူမှုကွန်ရက်ပေါ်တင်ခဲ့သည်ကို တွေ့ရှိသဖြင့် ပညာရေးဌာန၏ ဂုဏ်သိက္ခာကျဆင်းစေရန် အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်းပြုလုပ်သူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်ကြားစာတွင် ဖော်ပြထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပပြီး ဖြေဆိုသူများကို စာဖြေ ချိန်တစ်ဝက်ကျော်မှသာ စာမေးပွဲ  ခန်းမှ ထွက်ခွင့်ပြုသည်။ ထိုသို့ ထွက်ခွာသည့်အခါ မေးခွန်းကို ပြင်ပသို့ ယူခွင့်မပြုဘဲ အပ်နှံစေပြီး စာမေးပွဲပြီးမှသာ ပြန်ထုတ်ခွင့်ပြုထားသည်။

သို့သော် ပဲခူးမြို့တွင် နေ ထိုင်သူဟု ယူဆရသူ ထိုအကောင့်ပိုင်ရှင်သည် သတ်မှတ်ချိန်မတိုင် မီ စာမေးပွဲမေးခွန်းများကို အွန် လိုင်းပေါ်တင်နေကြောင်း ပဲခူးတိုင်းဒေသကြီး  ပညာရေးမှူးရုံး ဒုဦးစီးမှူး ဦးသီဟထွန်းက ဆိုသည်။

 ‘‘သူက အင်္ဂလိပ်စာနေ့နဲ့ သင်္ချာနေ့တွေမှာ ၁၀ နာရီခွဲ လောက်မှာ မေးခွန်းတွေ အွန်လိုင်းတင်တယ်ဆိုတာ Phyo Wai Aung ဆိုတဲ့ အကောင့်ကနေ သိတယ်။ အဲဒီနေ့ (ဓာတုဗေဒဘာသာရပ် နေ့)မှာ ဒါကိုတွေ့တော့ Sayar Bone အကောင့်ကို ဆက်ကြည့် တယ်။ အဲဒီမှာလည်း ဓာတုဗေဒ မေးခွန်းကို ၁၀ နာရီ မိနစ် ၅၀ လောက်မှာ တင်ထားတယ်။ ဒါကြောင့် ကျွန်တော့်အထက်လူကြီးကို တင်ပြပြီး အမှုဖွင့်ခဲ့တာပါ’’ဟု ဦးသီဟထွန်းက ပြောသည်။

တက္ကသိုလ်ဝင်  စာမေးပွဲသည် မတ်လ ၁၆ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

‘‘စာမေးပွဲစည်းကမ်းအရ ၁၂ နာရီမထိုးမချင်း မေးခွန်းကို အပြင်လူကို မပေးရဘူး။ ကျောင်းသား ကလွဲပြီး ဘယ်သူမှမသိရတဲ့ မေး ခွန်းကို သူက အွန်လိုင်းပေါ်တင် တာကို လက်မခံနိုင်ပါဘူး’’ဟု ဦးသီဟထွန်းက ဆိုသည်။

ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့သို့ တင်ပြထားသည်ဟု ၎င်းက ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်တစ်ခုစစ်ဆေးမှုမပြီး မချင်း ဖြေဆိုသူမှလွဲ၍ မည်သူမျှ ထိုဘာသာရပ်မေးခွန်းကို မဖတ် ရှုနိုင်အောင်၊ လုံးဝမပေါက်ကြား အောင် ထိန်းသိမ်းထားရမည်ဖြစ် ပြီး ပေါက်ကြားပါက ၀န်ထမ်းဖြစ် လျှင် နိုင်ငံဝန်ထမ်းဥပဒေနှင့် တည်ဆဲဥပဒေများ၊ ပြင်ပလူဖြစ်လျှင် တည်ဆဲဥပဒေများနှင့် အရေးယူ မည်ဟု မြန်မာနိုင်ငံစာစစ်ဌာနက ကြေညာထားသည်။

Top News