ကားဝယ်မပေးသဖြင့် သားဖြစ်သူက ဖခင်နှင့် မိခင်ကို ဓားဖြင့်ခုတ်၊ ဖခင်သေဆုံး

 ကားဝယ်မပေး၍ဟုဆိုကာ မိခင်နှင့် ဖခင်တို့ကို သားဖြစ်သူက ဓားဖြင့်ခုတ်သဖြင့် ဖခင်သေဆုံးမှု ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် မတ်လ ၁၂ ရက် ညက ဖြစ်ပွားခဲ့သည်။

ဆီဆိုင်မြို့တွင် နေထိုင်သည့် အသက် (၂၇) နှစ်အရွယ် စိုင်း ထွန်းလင်း (ခ) ကိုလင်းဆိုသူသည် ၎င်းအား ကားတစ်စီးဝယ်ပေးရန် မိဘများထံ ပူဆာခဲ့ပြီး မိဘများက ငွေကြေးမတတ်နိုင်သဖြင့် ၀ယ်မ ပေးနိုင်ကြောင်း ပြောဆိုသည့်အ ပေါ် မကျေမနပ်ဖြစ်ကာ အိမ်ရှိ အိုးခွက်ပန်းကန်များကန်ကျောက် ဖျက်ဆီးခဲ့သည်ဟု  ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ရန်ပြုနေသဖြင့် စိုင်းထွန်းလင်း (ခ) ကိုလင်း၏ မိဘနှစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူ များက  ဖျောင်းဖျပြောဆိုပေးခဲ့ သည်ဟု အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောသည်။

‘‘ကျွန်တော်တို့ သွားရောက် ပြီး ဖျန်ဖြေပေးတဲ့အချိန် သူ (သား ဖြစ်သူ)က လက်ခံပြီး ပြန်တောင်း ပန်တယ်။ လူကြီးတွေအားလုံး လည်း အေးချမ်းသွားတော့ ရုံးကို ပြန်လာတဲ့အချိန်မှာ အခုလို အဖေရော အမေကိုပါ ဓားနဲ့ခုတ်ပစ် လိုက်တာ’’ဟု ဦးစံဝင်းမောင်က ပြောသည်။

ဓားဖြင့်ခုတ်မှုကြောင့် ဖခင် ဦးသန်းထွန်း (၅၉) နှစ်သည်  နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး မိခင် ဒေါ်ဝင်းရွှေ (၄၉) နှစ်သည် ဓားဒဏ်ရာများ  ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ အရေးပေါ်ကုသဆောင်သို့ အတွင်းလူနာအဖြစ်  တင်ပို့ထားရသည်ဟု   ဆီဆိုင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စိုင်းထွန်းလင်း (ခ) ကိုလင်း သည် အိမ်ထောင်ပြုပြီးနောက် တောင်ငူမြို့တွင်နေထိုင်ပြီး အ ခင်းမဖြစ်မီ ငါးရက်အလိုခန့်တွင် မှ မိဘနေအိမ်သို့ ရောက်ရှိနေခဲ့ကြောင်း၊ ယခင်ကလည်း မိဘနှင့် စကားများကာ  နေအိမ်ကိုမီးရှို့ဖူးကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ စိုင်းထွန်းလင်း (ခ)  ကိုလင်းကို ဆီဆိုင်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ (လူသတ်မှု၊ နာကျင်စေမှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Top News