မွန်ကိုယ်စားပြုပါတီထူထောင်ရေး မွန်ပြည်သစ်ပါတီနှင့် ပါတီပေါ်ထွန်းရေး ၂၁ ဦးအဖွဲ့ တွေ့ဆုံဆွေးနွေး

မွန်ကိုယ်စားပြုပါတီပေါ်ထွန်းရေးဆွေးနွေးပွဲပြုလုပ်နေစဉ်(ဓာတ်ပုံ − သန္တာလှိုင်)

 မွန်အမျိုးသားကိုယ် စားပြုပါတီတစ်ခု  ဖွဲ့စည်းဖော် ဆောင်နိုင်ရေးအတွက် ယင်းပါတီ ပေါ်ထွန်းလာရေး အကောင်အ ထည်ဖော်နေသည့် ၂၁ ဦးအဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီတို့   တွေ့ဆုံဆွေးနွေးခဲ့ သည်။

တွေ့ဆုံဆွေးနွေးမှုကို မော်လမြိုင်မြို့ရှိ အောက်ပဲခူးဘုန်းကြီး ကျောင်းတွင် မတ်လ ၁၂ ရက် ညနေက ပြုလုပ်ခဲ့ပြီး မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်အောင်မင်းဦးဆောင်သည့် ငါးဦးအဖွဲ့နှင့် မွန်အမျိုးသား ကိုယ်စားပြုပါတီပေါ်ထွန်းလာရေးအကောင်အထည်ဖော်သည့် ၂၁ ဦးအဖွဲ့၊ ထိန်းသိမ်းကြီးကြပ်သည့် ၁၉ ဦး ကော်မတီတို့ တက်ရောက်သည်။


‘‘ဒီတွေ့ဆုံမှုက လက်ရှိမွန် နိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ ကို ဘယ်လိုပုံစံမျိုးနဲ့ ၀ိုင်းဝန်းဖြေ ရှင်းကြမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ နား လည်မှုတွေရယူပြီးတော့ စုစုစည်းစည်းနဲ့ ပေါ်ထွန်းလာမယ့် မွန်အ မျိုးသားကိုယ်စားပြုပါတီတစ်ရပ် ကို ဘယ်လိုပူးပေါင်းဆောင်ရွက် ကြမလဲဆိုတာ အကုန်ပါတယ်’’ ဟု မွန်အမျိုးသားကိုယ်စားပြုပါတီပေါ်ထွန်းလာရေးအကောင်အထည်ဖော်သည့် ၂၁ ဦးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ဇန်န၀ါရီ ၁၃ နှင့် ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် မွန်နိုင်ငံရေးညီလာခံမှ မွန်အမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေး အကောင်အထည်ဖော်သည့် ၂၁ ဦးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပါတီကို ခြောက်လအတွင်း ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မွန်အမျိုးသားကိုယ်စားပြုနိုင်ငံ ရေးပါတီတစ်ရပ်ပေါ်ထွန်းရေး ဖော်ဆောင်နေသည့်ကိစ္စ၊ ၂၁ ဦး အဖွဲ့ဖွဲ့စည်းထားသည့်ကိစ္စနှင့် ပတ်သက်၍ သဘောထားမှတ် ချက်တစ်စုံတစ်ရာထုတ်ပြန်ထား ခြင်းမရှိပေ။

‘‘ကျွန်တော်တို့ပါတီက သူ တို့ကို (၂၁ ဦးအဖွဲ့)ကို ဘယ်လို သဘောထားတာလဲပေါ့။ အဲဒီလို ဆွေးနွေးကြတယ်။ ကျွန်တော်တို့ က ပြန်ပြီးတော့ ဆွေးနွေးရဦးမှာ ပေါ့’’ဟု မွန်ပြည်သစ်ပါတီ ပြည် တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှ က ပြောသည်။

 မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီ ပေါ်ထွန်းရေးအ ကောင်အထည်ဖော်နေသည့် ၂၁ ဦးအဖွဲ့သည် မွန်ပြည်သစ်ပါတီ နည်းတူ မွန်နိုင်ငံရေးနှစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသော်လည်း မွန်နှစ်ပါတီက လက်ခံတွေ့ဆုံခြင်းမရှိသေးကြောင်း မွန်အမျိုးသားကိုယ်စားပြုပါတီပေါ်ထွန်းလာရေးအဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။

Top News