တောင်ကြီးတွင် လူသွားစင်္ကြံပေါ် ခင်းကျင်းရောင်းချသည့် ဈေးဆိုင်များကို စည်ပင်က သတိပေးတားမြစ်

 တောင်ကြီးမြို့တွင် လူသွားစင်္ကြံပေါ်အထိ ခင်းကျင်းရောင်းချနေသည့် ဈေးဆိုင်ရှင်များကို သတိပေးတားမြစ်နေကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန ဒုဦးစီးအရာရှိ ဦးဝေလှိုင်းက ပြောသည်။

စည်းကမ်းလိုက်နာခြင်းမရှိ ဘဲ လူသွားစင်္ကြံပေါ်အထိ ခင်း ကျင်းထားသည့် ဆိုင်များကို စစ်ဆေးတွေ့ရှိလျှင် ပထမအကြိမ်နှုတ်ဖြင့် သတိပေးခြင်း၊ ဒုတိယအကြိမ်စာပို့၍ သတိပေးတားမြစ်ခြင်းတို့ ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။


 ‘‘အရှေ့မြို့ပတ်လမ်းမှာ ပလက်ဖောင်းတွေလုပ်ပြီးကတည်းက အိမ်တိုင်းအိမ်တိုင်းကို ဈေး ဆိုင်တွေဖွင့်ရင် ပလက်ဖောင်း ပေါ်မခင်းဖို့ စာတွေပေးပို့အ ကြောင်းကြားထားပါတယ်။ ဒါကို တချို့က မလိုက်နာဘဲ လုပ်နေကြတာပါ’’ဟု ဦးဝေလှိုင်းက ပြော သည်။

 စည်းကမ်းမလိုက်နာသည့် ဆိုင်များကို သတိပေးစာသုံးကြိမ်ပို့ဆောင်ပြီး လိုက်နာမှုမရှိလျှင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေအရ ဒဏ်ရိုက်အရေးယူမည်ဖြစ်ကြောင်း ဦးဝေလှိုင်းက ပြောသည်။

အဆိုပါစီမံခန့်ခွဲမှုဒဏ်ကြေး ဖြင့် အရေးယူလျှင် တစ်ကြိမ်လျှင် ဒဏ်ငွေကျပ် ၅၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေတွင် ဖော်ပြထားသည်။

‘‘ပလက်ဖောင်းက လူသွားဖို့ မဟုတ်ဘူး။ ဈေးရောင်းဖို့ ဖြစ်နေ တယ်။ လူတွေက ကားလမ်းဘေး ကို ဆင်းလျှောက်နေရတော့ အန္တ ရာယ်အရမ်းများတယ်’’ဟု တောင် ကြီးဒေသခံ စိုင်းမိန်းက ပြောသည်။

Top News