ရုပ်ရှင်အကြိုခံစားခြင်း

နယူးဗားရှင်း

- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ဟာသ ကား တစ်ကားအကြောင်းကိုပဲ ညွှန်းပေးလိုက်ပါတယ်။ ကံကောင်းက နာမည်ကသာ ကံကောင်းပေမယ့် လုံးဝ ကံမ ကောင်းပါဘူး။ အဲဒါကြောင့် ကံကောင်းလိုကောင်းငြား ကောင်မလေး တစ်ယောက်ကို လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ကောင်မလေး အစ်ကိုရဲ့လက်သီးစာမိခဲ့ပါတယ်။  အဲဒါကြောင့် စိတ်ညစ်ပြီး သူနဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဘိုဘိုအောင်ဆီကို ရောက်လာခဲ့ ပါတယ်။ ဘိုဘိုအောင်က ဇနီးရှိပါတယ်။ နာမည်က ချစ်စေသော် ပါ။

ချစ်စေသော်နဲ့ ဘိုဘိုအောင် တို့က သူတို့သဘောနဲ့ သူတို့ လက်ထပ်ခဲ့ကြတာကြောင့် ချစ်စေသော်ရဲ့ အဖေက ချစ်စေသော်  ဖုန်းဆက်ပေမယ့်လည်း လုံးဝပြန်မပြောပါဘူး။ ကံကောင်းက အဲဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာ လည်း သူ့ရဲ့ဉာဉ်အတိုင်း တလွဲတွေ လုပ်နေတာကြောင့် အဆင်မပြေတာတွေ ကြုံခဲ့ရပါတယ်။ သူ့ကြောင့် ဘိုဘိုအောင်တို့ လင်မယား ရန်ဖြစ်တာတွေလည်း ဖြစ်ခဲ့ ပါတယ်။

ဒါပေမဲ့လည်း ကံကောင်း ထွက်သွားမယ်ဆိုတဲ့ အချိန်ကျ တော့ ဘိုဘိုအောင်တို့ ဇနီးမောင်နှံက စိတ်မကောင်း ဖြစ်ပြီးတားခဲ့ပါတယ်။ အဲဒါက ကံကောင်းချင်တာ လားတော့ မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုဘိုအောင်က သူတို့ အလုပ်လုပ်နေတဲ့ ဟိုတယ်ကို ကံ ကောင်းကို ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ ဟိုတယ်ပိုင်ရှင်သူဌေးက ကံကောင်းကို သဘောကျပြီး သူ့သမီးနဲ့သဘောတူပြီး လက်ထပ်ပေးချင်တယ်လို့ ပြောခဲ့ပါတယ်။ ရိုးရိုးအေးအေး ကံကောင်းက ဘာမှမသိဘဲနဲ့ မိန်းမတစ်ယောက် အဖတ်တင်ခဲ့ပါတယ်။  အဲဒါကြောင့် သူတို့နှစ်ဦး ဟန်းနီးမွန်း ခရီးထွက်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း ကံကောင်းရဲ့ ကံဆိုးမှုတွေက မဆုံးခဲ့ပါဘူး။ တကယ်တော့ သူဌေးသမီးက ကံကောင်းနဲ့အိမ်ထောင်ပြုမှ သူ့အဖေကအမွေတွေ လွှဲပေးမယ်ဆို တာကြောင့် ကံကောင်းကို ယူခဲ့တာပါ။ ဟန်းနီးမွန်းခရီး သွားတဲ့အချိန်မှာတော့ ကမ်းခြေကို သူ့ရဲ့ ချစ်သူကိုခေါ်ပြီး သူ့ချစ်သူနဲ့ အတူနေခဲ့ပါတယ်။ ကံကောင်းလည်း အဲဒီ အချိန်မှာ စိတ်တော်တော် ညစ်ပြီး ပင်လယ်ထဲကိုဆင်းပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။

ဒါပေမဲ့ ကံကောင်းကို ကောင်မလေးတစ်ယောက်က ကယ်ခဲ့ပါ တယ်။ ကောင်မလေးနာမည်က ရှင်းသန့်ချိုပါ။ ရှင်းသန့်ချိုက ကံကောင်းကို သတိရအောင် လုပ်ပေးတဲ့အချိန် ကံကောင်းက သတိရရဲ့သားနဲ့ အခွင့်အရေးယူတယ်ဆိုပြီး ပါးရိုက်ခဲ့ပါတယ်။ ဒါပေမဲ့အဲဒီ ဟိုတယ်က မန်နေဂျာကြီး က ကံကောင်းကိုသနားအောင် ဇာတ်ကွက်တွေ ဆင်ပြီးပြောခဲ့တာကြောင့် ရှင်းသန့်ချိုက ကံကောင်းကို သနားပြီး တောင်းပန်ခဲ့ ပါတယ်။

ကံဆိုးနေတဲ့ ကံကောင်း ရှင်းသန့်ချိုနဲ့ တွေ့တဲ့အချိန်မှာကော ကံကောင်းနိုင်မှာလား။ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမလဲ ဆိုတာကိုတော့ လက်ရှိရုံတင်ပြသနေတဲ့ နယူးဗားရှင်းဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ကံကောင်း အဖြစ် မင်းမော်ကွန်း၊ ဘိုဘိုအောင်အဖြစ် ညီထွဋ်ခေါင်၊ ရှင်းသန့်ချိုအ ဖြစ် ရွှေသမီး၊ ချစ်စေသော်အဖြစ် နန်းမြတ်ဖြိုးသင်းတို့ ပါဝင်သရုပ်ဆောင်ထားပြီး စွမ်းပိုင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာညီညီဇော်နိုင်က ရိုက်ကူးပုံဖော်ထားပါတယ်။

Top News