ဥပဒေမဲ့ သေဒဏ်စီရင်ပြီး Selfie ရိုက်ထားသည့် အမှုကို အိန္ဒိယ ရဲတပ်ဖွဲ့ စုံစမ်းနေ

လူအုပ်ဖြင့် သေဒဏ်ပေးရန် ဆုံးဖြတ်ခဲ့သည့်အပြင် အသတ်ခံရသူနှင့်တွဲ၍ Selfie ဗီဒီယိုပါ ရိုက်ခဲ့သူများကို အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရသည်။

ကီရာလာ ပြည်နယ်တွင် လူတစ်ဦးမှာ ခိုးမှုကျူးလွန်ကြောင်း စွပ်စွဲခံရပြီးနောက် ဒေသခံ လူအုပ်က ၎င်းတို့ သဘောအတိုင်း သေဒဏ်စီရင် ကွပ်မျက်ခဲ့သည်။ ထို့အပြင် အမျိုးသား တစ်ဦးက ထိုဖြစ်ရပ်ကို Selfie ဗီဒီယိုရိုက်ကာ Twitterပေါ်တွင် လွှင့်တင်ထားခဲ့သည်။

ယင်းဗီဒီယိုသည် လူမှုကွန်ရက် မီဒီယာ အသီးသီးတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး မင်းမဲ့စရိုက်ဆန်သည့် တရားမဲ့ လုပ်ရပ်အပေါ် ဝေဖန် မေးခွန်းထုတ်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာသည်။

အိန္ဒိယ ရဲတပ်ဖွဲ့ကလည်း ဖြစ်စဉ်ကို ထိထိရောက်ရောက် စုံစမ်းနေပြီး လူနှစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ကိုယ်ပိုင် သဘောဆန္ဒအတိုင်း သေဒဏ်စီရင်မှုတွင် ပါဝင်ခဲ့သည့် အခြားသူများကိုလည်း စိစစ်ဖော်ထုတ်နိုင်ရန် ကြိုးစားလျက် ရှိသည်။

အသတ်ခံရသူမှာ အဆိုပါ ဒေသတွင်ပင် နေထိုင်သည့် တိုင်းရင်းသား မျိုးနွယ်စုဝင် တစ်ဦးဟု သိရသည်။ လူတစ်ဦး သေဒဏ်ပေး ခံရကြောင်း သတင်းရသည်နှင့် မိမိတို့၏ အထူးစုံစမ်းရေး အဖွဲ့တစ်ခုကို ထိုနေရာသို့ ချက်ချင်း စေလွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ အရာရှိ ပရာတိရှ်ကူးမားက ဆိုသည်။

မာဒူဆိုသော အမျိုးသားကို လူအုပ်ကြီးလက်ထဲမှ ကယ်ဆယ်ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ရန် ကြိုးစားခဲ့သော်လည်း လမ်းတွင်ပင် သေဆုံးသွားခဲ့ကြောင်း ကူးမားက အတည်ပြုခဲ့သည်။

အဆိုပါ တရားမဲ့ လုပ်ရပ်အပေါ် အိန္ဒိယတွင် အောင်မြင်ကျော်ကြားသူများ အပါအဝင် လူပေါင်းများစွာက ရှုတ်ချ ကန့်ကွက်လာကြသလို ပြည်နယ် ဝန်ကြီးချုပ် ပီနာရာယီ ဗီဂျာယန်းက ဖြစ်စဉ်တွင် ကျူးလွန်သူများကို ဖော်ထုတ်ပြီး ထိရောက်စွာ အပြစ်ပေးသွားမည်ဟု ကတိပြုခဲ့သည်။

“လူတစ်ယောက်ကို ကိုယ့်သဘောအတိုင်း ဝိုင်းသတ်တဲ့အပြင် Selfieရိုက်လိုက်သေးတယ် ဆိုတာကတော့ အင်မတန် စုတ်ပဲ့လွန်းတဲ့ အပြုအမူပါပဲ”ဟု ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူ ဒါညာရာမန်က ဝေဖန် ပြောကြားသွားသည်။

Ref: BBC

Top News