မြောက်ကိုရီးယားအပေါ် အကြီးမားဆုံး အရေးယူပိတ်ဆို့မှု အသစ်များ အမေရိကန်သတ်မှတ်

မြောက်ကိုရီးယားအပေါ် အကြီးမားဆုံး အရေးယူ ပိတ်ဆို့မှု အသစ်တစ်ခု သတ်မှတ်လိုက်ကြောင်း အမေရိကန် အစိုးရက အတည်ပြု ကြေညာခဲ့သည်။

သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်၏ ယခု ပိတ်ဆို့မှု အသစ်သည် မြောက်ကိုရီးယားနှင့် ပတ်သက်၍ အကြီးမားဆုံး အရေးယူမှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အရေးယူမှုသည် မြောက်ကိုရီးယားသာ မကဘဲ တရုတ်နှင့် ထိုင်ဝမ်တို့တွင် အခြေစိုက်ထားသည့် ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ အချို့မှ သင်္ဘော အစီးရေ ၅၀ ကျော်ကို အဓိက ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောများ အားလုံးသည် မြောက်ကိုရီးယား၏ ရေကြောင်း ကုန်သွယ်မှုအတွက် ပါဝင် ထောက်ပံ့ပေးနေကြောင်း အမေရိကန်က ဆိုသည်။

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်နှင့် တိုက်ချင်းပစ်ဒုံးကျည် နည်းပညာ ဖော်ဆောင်မှုများကြောင့် အမေရိကန်နှင့် ကုလသမဂ္ဂ၏ ဆက်တိုက် အရေးယူ ပိတ်ဆို့မှု အများအပြားနှင့် ယခင်ကတည်း ကြုံတွေ့ထားရပြီး ဖြစ်သည်။

သို့သော် ကင်မ်ဂျုံအန်း ဦးဆောင်နေသည့် အထီးကျန် ကွန်မြူနစ် နိုင်ငံသည် ၎င်းတို့၏ တာဝေး တိုက်ချင်းပစ်ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှုများကို ယမန်နှစ်အထိ ဆက်လက် လုပ်ဆောင်နေခဲ့သည်။

ယခုသတ်မှတ်လိုက်သည့် အရေးယူမှု အသစ်များက မြောက်ကိုရီးယားအပေါ် ပိုမို၍ အကျပ်အတည်း ကြုံသွားစေမည်ဟု အမေရိကန် အစိုးရ တာဝန်ရှိသူများက သုံးသပ်ကြသည်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ပါဝင်လာသော ကုမ္ပဏီပေါင်း ၂၇ ခုအနက် ၁၆ ခုသည် မြောက်ကိုရီးယားတွင် အခြေစိုက်ကြသည်။

ထို့အပြင် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၅ ခု၊ တရုတ်မှ ၂ ခု၊ ပနားမားနှင့် စင်ကာပူတို့မှ ကုမ္ပဏီ တစ်ခုစီသည်လည်း ယခု ပိတ်ဆို့မှု သတ်မှတ် စာရင်းတွင် ပါဝင်လာကြသည်။

ဖေဖော်ဝါရီ ၂၃ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ထရမ့်က ယခုနောက်ဆုံး အရေးယူမှု အသစ်များက ထိရောက်မှု မရှိခဲ့လျှင် ပိုမိုတင်းကျပ်သည့် နောက်တစ်ဆင့်သို့ ထပ်တက်မည်ဟု သတိပေးသွားခဲ့သည်။ “ဒီအရေးယူမှုတွေ မထိရောက်ဘူး ဆိုပါစို့။ ကျွန်တော်တို့ ဒုတိယအဆင့်ကို ဆက်သွားမယ်။ အဲဒီအဆင့်က သိပ်ခက်ထန်လိမ့်မယ်။ တစ်ကမ္ဘာလုံး အတွက်ပါ မကောင်းတဲ့ ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်။ မြောက်ကိုရီးယားဟာ တကယ်ဆိုးရွားတဲ့ နိုင်ငံတစ်ခုပါ။ သူတို့နဲ့ သဘောတူညီမှုတစ်ခု ရနိုင်ရင် ကောင်းပါတယ်။ မဟုတ်ဘူး ဆိုရင်တော့ တစ်ခုခု ဖြစ်ပျက် ကြုံတွေ့လာမှာပဲ”ဟု ထရမ့်က ဆိုသည်။ ၎င်းက ဒုတိယအဆင့်ဆိုသော စကားလုံး၏ ရည်ညွှန်း အဓိပ္ပါယ်ကိုမူ ပွင့်ပွင့်လင်းလင်း ပြောဆိုမှု မရှိခဲ့ချေ။

မြောက်ကိုရီးယားသည် နိုင်ငံတကာ ပိတ်ဆို့မှု များစွာနှင့် ဆက်တိုက် ကြုံနေရပြီး ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလကလည်း ကုလသမဂ္ဂသည် မြောက်ကိုရီးယားသို့ တင်သွင်းသည့် လောင်စာဆီ ၉၀ ရာခိုင်နှုန်းထိ ဖြတ်တောက် ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သည်။

Ref: CNN

Top News