ပီရူးတွင် အဝေးပြေး ဘတ်စ်ကား ချောက်ထဲကျမှုကြောင့် အနည်းဆုံး ၄၄ ဦးသေဆုံး

ပီရူးရှိ အဝေးပြေးလမ်း တစ်နေရာတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲ ထိုးကျသဖြင့် အနည်းဆုံး လူ ၄၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ ဘတ်စ်ကားသည် နိုင်ငံတောင်ပိုင်းရှိ တောင်ထူထပ်ရာ ဧရိယာတွင် မောင်းနှင်နေစဉ် ဖေဖော်ဝါရီ ၂၁ ရက်က ချောက်ထဲ ထိုးကျသွားခြင်း ဖြစ်သည်။ ပီရူးအမျိုးသား ရဲတပ်ဖွဲ့က ဘတ်စ်ကားထဲတွင် လူဦးရေ မည်မျှ လိုက်ပါလာသည်ကို တိတိကျကျ မသိရသေးသော်လည်း သေဆုံးသူ ၄၄ ဦးထိ အတည်ပြုထားနိုင်ပြီဟု ပြောကြားခဲ့သည်။

ဘတ်စ်ကား၏ သတ်မှတ် လူဦးရေမှာ ၄၅ ဦး ဖြစ်သော်လည်း အခင်းဖြစ်ချိန်က ထိုထက် ခရီးသည်များ ပိုတင်လာမည်ဟုလည်း ရဲများက ယူဆနေသည်။ ဘတ်စ်ကား လမ်းချော်ပြီး ချောက်ထဲ ထိုးကျခဲ့သည့် အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲ ဖြစ်သည်။

ပါနာမာရီကာနာရှိ အဝေးပြေးလမ်းပိုင်း နေရာသည် ယခင်ကလည်း မတော်တဆမှုများ မကြာခဏ ဖြစ်ပွားဖူးကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ထိုနေရာသည် အန္တရာယ် ရှိနိုင်ကြောင်း လူသိများသည့်တိုင် လေ့ကျင့်မှု အားနည်းသော ဘတ်စ်ကား ယာဉ်မောင်းများက ဆင်ခြင်စွာ မောင်းနှင်ခြင်း မရှိဟုလည်း သိရသည်။

ပီရူးတွင် ယခုနှစ်အတွင်း အဝေးပြေးလမ်း ဘတ်စ်ကား မတော်တဆမှုကြီးများ နှစ်ကြိမ်မြောက် ဆိုးရွားစွာ တွေ့ကြုံရခြင်းလည်း ဖြစ်လာသည်။ ပြီးခဲ့သည့်လကလည်း ပါဆာမာယိုအနီး တောင်စောင်း တစ်နေရာတွင် ထရပ်ကားနှင့် တိုက်မိ၍ ဘတ်စ်ကားတစ်စီး ချောက်ထဲကျခဲ့ရာ လူပေါင်း ၅၂ ဦးထိ အသက်ဆုံးရှုံးခဲ့သည်။

Ref: Reuters

Top News