ဗယ်လင်တိုင်းမ်ရုံးချိန်း

ရိုက်တာသတင်းထောက်နှစ်ဦးရုံးချိန်းတွင် ဇနီးဖြစ်သူကိုတွဲ၍ သမီးငယ်ကိုနမ်းရှုပ်နေသည့် သတင်းထောက် ကိုကျော်စိုးဦး(ခ)မိုးအောင်တို့ မိသားစုကို တွေ့ရစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)

ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ကို ကမ္ဘာ တစ်လွှားက ချစ်သူများ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြ သည်။ အချို့က ဈေးဝယ်စင်တာမှာ၊ အချို့ က ပန်းခြံထဲမှာ၊ အချို့က နေအိမ်မှာ၊ အချို့ က နှစ်ယောက်တည်းရှိသည့် ခေတ္တချစ်ရိပ် မြုံထဲမှာဖြစ်သည်။ သို့သော် မပန်းအိမွန်နှင့် မချစ်စုတို့သည် ချစ်သူများနေ့ကိုဆင်နွှဲရန်ကမ္ဘာတစ်လွှားက စုံတွဲများ မသွားချင်သည့် နေရာသို့ သွားရောက်ခဲ့သည်။ ၎င်းတို့၏ ချစ် သူနှစ်ဦး အမှုရင်ဆိုင်နေရသော ရန်ကုန်မြို့ ရှိ တရားရုံးတစ်ခုတွင် ချစ်သူများနေ့ကို ဆင်နွှဲ ခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားရင်ဆိုင်နေရသော ရိုက်တာ သတင်းထောက် နှစ်ဦးအတွက် ချစ်သူများနေ့သည် ကံဆိုးမိုးမှောင်ကျခဲ့သည့် ရက် ပေါင်း ၆၀ ကျော်အတွင်း ကန္တာရထဲက အိုအေစစ်ဖြစ်ခဲ့သည်။

မပန်းအိမွန်သည် နှစ်စဉ် ချစ်သူများနေ့တွင် သူ့အား ချော ကလက်နှင့် နှင်းဆီပန်းပေးနေကျ ခင်ပွန်းဖြစ်သူ ကိုဝလုံးကို ဒီနှစ် တော့ ချောကလက်ပြန်ကျွေးခွင့် ရရန် ဆုတောင်းခဲ့သည်။ ဖမ်းဆီး ခံရကတည်းက ကြိမ်ဖန်များစွာ ဆု တောင်းခြင်းနှင့် ယဉ်ပါးနေသော မပန်းအိမွန် ဆုတောင်းပြည့်ခဲ့ သည်။ ခင်ပွန်း ရုံးချိန်းသည် ဖေဖော်ဝါရီ ၁၄ ရက် တည့်တည့်ကျခဲ့သည်။ ခင်ပွန်းကြိုက်သည့် ဟင်းအချို့ထည့်လာသော ထမင်းချိုင့် နှင့်အတူ ချစ်သူများနေ့ သင်္ကေတ ချောကလက်ထည့်လာခဲ့သည်။ ကမ္ဘာတစ်လွှားက ချစ်သူအများစု ခြိမ့်ခြိမ့်သဲဆင်နွှဲနေသော အထိမ်း အမှတ်တစ်ခုတွင် သူ့ခင်ပွန်းကို ပါဝင်စေချင်သော သူ့ဆုတောင်း ပြည့်ခဲ့သည်။

‘‘ထမင်းကျွေးရင်း ချောက လက်ကျွေးလိုက်ရတယ်’’ ဟု မပန်းအိမွန်က ကျေနပ်စွာ ပြော သည်။

ကိုဝလုံးနှင့်အတူ ဖမ်းဆီးခံ ရသော ကိုကျော်စိုးဦးလည်း သူငယ်ချင်းဖြစ်သူနှင့် ကံတူ အကျိုးပေးခဲ့ပြန်သည်။

သူ၏ ဇနီး မချစ်စုကလည်း သူ့အားချစ်သူများနေ့ လက်ဆောင်ပေးခဲ့၍ဖြစ်သည်။ မပန်းအိမွန်က ကိုဝလုံးအား ပေးသော ချစ်သူများနေ့ လက်ဆောင်သည်အချုပ်သားများ နားနေခန်းတွင် ဖြစ်၍ လူအများမမြင်တွေ့ခဲ့ပေ။ သို့သော် မချစ်စုကတော့ ရဲများ၊ သတင်းထောက်များနှင့် ရောပြွမ်း နေသော လူအုပ်ထဲတွင် ခင်ပွန်း ကိုကျော်စိုးဦးကို အနမ်းလက် ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

 ‘‘ချစ်သူများနေ့အတွက် ယောက်ျားအတွက် လက်ဆောင်’’ဟုဆိုကာ တရားရုံးလျှောက်လမ်း တွင် ရရှိလာသော အခွင့်အရေးအ ခိုက်အတန့်၌ မချစ်စုက အနမ်း ခြွေခဲ့ခြင်းဖြစ်သည်။

 သို့သော် မချစ်စု မျက်နှာ တွင် ဝမ်းနည်းမှုကို အထင်းသား တွေ့မြင်ရပြီး မငိုမိရန် အားတင်း ထားသည်။ သမီးကို ချီထားသည့် ကိုကျော်စိုးဦးကို ဝမ်းမနည်းစေ ရန် ဖြစ်သည်။ (ခင်ပွန်းဖြစ်သူနှင့် ပတ်သက်လျှင် မငိုမိအောင် အားတင်းရခြင်းမှာ မချစ်စုအတွက် ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ ကိုကျော်စိုးဦး ရေးသားသော ဆောင်းပါး  တစ်ပုဒ်သည် ရန်ကုန် သတင်းစာပညာသင်ကျောင်းက ချီးမြှင့်သော ဆုရရှိ၍ အချုပ်ထဲရောက်နေသည့် ခင်ပွန်း ကိုယ်စား တက်ယူခဲ့စဉ်ကလည်း မငိုမိအောင် အားတင်းခဲ့ရသေးသည်။)

ကိုကျော်စိုးဦးကလည်း သမီးကို လက်ထိတ်ခတ်ခံထားရသည့် အခြေအနေမှာပင် ပွေ့ချီထားပြီး မခွဲမီအချိန်လေးအတွင်း ကြင်နာ မြတ်နိုးစွာအနမ်းပေးခဲ့သည်။

ကိုဝလုံးကတော့ ကတိုက် ကရိုက်ရုံးထုတ်ရသော အခြေအ နေဖြစ်၍ ဇနီးကို သူ့အနားမလာ ရန် မှာကြားသည်။ သူတို့ဘဝထဲ မကြာမီ  ရောက်လာတော့မည့် ရင်သွေးအတွက် စိတ်ပူ၍ မလာ ရန် တားမြစ်ခြင်းဖြစ်သည်။

‘‘သူက သူ့ကိုယ်သူတောင် အဲဒီလောက်စိုးရိမ်တာ မဟုတ် ဘူး။ ကိုယ်ဝန်ကိုပဲ ဂရုစိုက်ဖို့ပြော နေတာ’’ဟု ကိုဝလုံး၏ ကိုယ်ဝန် လွယ်ထားရသူ မပန်းအိမွန်ကပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်း သည် အမှုအတွက် တရားမျှတမှု ပေါ်ပေါက်ရန် မည်မျှအထောက် အကူပြုမည်ကို မသိရသေးသော် လည်း လူနှစ်ဦးက လူနှစ်ဦးကို မည်မျှ ချစ်ကြောင်း ချစ်ခြင်း၏ သင်္ကေတကို ပြသရန်တော့ အ ထောက်အကူဖြစ်ခဲ့သည်။