တနိုင်းဒေသတိုက်ပွဲကြောင့် တောထဲတွင် ပိတ်မိနေသော အရပ်သားများအားလုံး နေရပ်ပြန်နိုင်ပြီဟုဆို

တနိုင်းဒေသတွင် ပိတ်မိနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ − Mungdang Nlam Facebook)

တနိုင်းဒေသတွင် တပ် မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့(KIA)တို့ တိုက်ပွဲကြောင့် တောထဲ၌ ၁၀ ရက်ကျော် ပိတ်မိနေသော အရပ်သားများအားလုံး နေရပ်ပြန်ပြီဖြစ်ကြောင်း ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးက ပြောကြားသည်။

တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIA)သည် ဇန်နဝါ ရီနှောင်းပိုင်းက စတင်ကာ တနိုင်းဒေသတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သားနှစ်ထောင်ခန့် တနိုင်းမြို့နယ် နန့်ကွမ်းနှင့် ချောင်းဆုံကျေးရွာကြား၌ ပိတ်မိနေခြင်းဖြစ်သည်။


‘‘ဖေဖော်ဝါရီ ၁၂ ရက်က သူတို့အားလုံးပြန်နိုင်ပြီ။ အခု တစ်ယောက်မှ မကျန်တော့ဘူး။ ကား လက်မှတ်တွေ စီစဉ်ပေးလိုက် တယ်။ စားဖို့ ဆန်ခုနစ်ရက်စာနှုန်း ပေးလိုက်တယ်’’ဟု ကချင်ပြည် နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်လှ ကေသီမာက ပြောသည်။

အရပ်သားများသည် ဇန်နဝါရီ ၂၈ ရက်က စကာ ပိတ်မိနေပြီး ဇန်နဝါရီ ၃၀ ရက်ကစပြီး ဒေသ တွင်း လုံခြုံရေးတပ်မတော်က စိစစ်၍ အစိုးရနှင့်ကယ်ဆယ်ရေး အဖွဲ့များထံ ပို့ဆောင်ပေးခဲ့သည်။ စစ်ဘေးသင့်အရပ်သားများသည် ဖေဖော်ဝါရီလဆန်းကဖြစ်ခဲ့သော အအေးပိုသည့် ရာသီဥတုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများ က ပြောသည်။ တိုက်ပွဲစတင်ဖြစ်ပွားခါစက အရပ်သားများသည် နှစ်ဖက်ပစ်ခတ်နေသည့် နေရာမှ အလံဖြူများ ကိုင်ဆောင်ကာ ထွက်ခွာလာရသည်။

တိုက်ပွဲကြောင့် ပိတ်မိနေသူ လေးထောင်ကျော်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် အားလုံးလွတ် မြောက်လာပြီဖြစ်ကြောင်း တနိုင်း နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)မှ ဦးမုန်ဒန်ကပြောသည်။  

လတ်တလော တိုက်ပွဲအရှိန် လျော့ကျသွားသော်လည်း တပ်မ တော်နှင့် KIA သည် ကချင်ပြည် နယ်ဒေသအချို့တွင် ပစ်ခတ်မှု များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် ကြောင်း ဒေသခံအရပ်ဘက်အဖွဲ့ များက ပြောသည်။

 စစ်ရှောင်အရပ်သားများ တွင် မိမိအစီအစဉ်ဖြင့်မိမိ ပြန်သူများလည်းရှိပြီး ဒေသတွင်း အုပ်ချုပ်ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပြန်သူများလည်းရှိကြောင်း ဒေါ်လှကေသီ မာကပြောသည်။

More in News Section