KIA တပ်မဟာနှစ်ခု တိုးချဲ့ဟုဆို

 အုပ်ချုပ်မှုပိုင်းဆိုင်ရာ လွယ်ကူစေရန် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် တပ်မဟာနှစ်ခု တိုးချဲ့ ဖွင့်လှစ်ခဲ့သည်ဟု ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

တပ်မဟာ (၉) ကို စစ်ကိုင်းတိုင်း အင်းတော်ကြီးဒေသတွင် လည်းကောင်း၊ တပ်မဟာ (၁၀) ကို ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် ဒေသရှိ ယခင်တပ်မဟာ (၄) နယ်မြေဘက်တွင် လည်းကောင်း ထပ်မံတိုးချဲ့ခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘အုပ်ချုပ်တဲ့နေရာမှာ အရမ်းဝေးနေလို့ အရမ်းခက်ခဲနေတာ။ လက်ရှိအုပ်ချုပ်နေတဲ့ တပ်ရင်းတွေကို အုပ်ချုပ်ဖို့ပေါ့။ ပိုပြီးတော့ အုပ်ချုပ်မှု လွယ်ကူဖို့ ရည်ရွယ်ပြီးဖွင့်တာပါ’’ ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ တပ်မတော်နှင့် KIA အကြား ဖြစ်ပွားနေသည့် စစ်ရေးအရှိန်မြှင့်တင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းမဟုတ်ဟု KIA ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

‘‘နဂိုရှိတဲ့ဟာတွေကို ပုံမှန်ဖွင့်တာပါ။ အခုတပ်မဟာ (၉) မှာ လည်း တပ်ရင်းနှစ်ရင်းပေါ့။ တပ်မဟာ (၁၀) မှာလည်း တပ်ရင်းနှစ်ရင်းပေါ့။ နယ်မြေနည်းနည်းကျယ်ပြန့်လို့လုပ်တာပါ။ တပ်မဟာ (၉) မှာတပ်ရင်း (၂၆)ပါတယ်။ တပ်ရင်း (၂၀) ပါတယ် ’’ ဟု ၎င်းက ပြောသည်။

KIA တပ်ရင်း (၁၄) ဌာနချုပ် အပါအဝင် KIA တပ်စခန်းများ ဖယ်ရှားပေးရန်နှင့် အချို့သော KIA တပ်မဟာများ တည်ရှိမှုကို အသိအမှတ်မပြုနိုင်ကြောင်း တာလီဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ ဖိအားပေးဆွေးနွေးခဲ့ကြောင်း KIO က ထုတ်ပြန်ထားသည်။

တပ်မတော်နှင့် KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ‘‘တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း သူ့ရဲ့သတ်မှတ်တဲ့နေရာတွေမှာ ရှိနေမယ်ဆိုရင် ကျွန်တော်တို့က ဘာမှလုပ်စရာလည်း အကြောင်းမရှိဘူး။ ကတိကဝတ်တွေလည်း ရှိတာပေါ့’’ ဟု နေပြည်တော်၌ ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပသည့် အစိုးရနှင့် မွန်ပြည် သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့အကြား ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးပွဲအပြီးတွင် ပြောကြားသည်။

More in News Section