တရားမဝင်ဝက်များသယ်ဆောင်လာစဉ်တားဆီးစစ်ဆေးသည့် ဒုဦးစီးမှူးကို ထိုးကြိတ်သူအား ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်

 မြိတ်မြို့တွင် တရားမ ဝင်ဝက်များတင်ဆောင်လာသည့် ကားကိုတားဆီးသော မြို့နယ် တိမွေးကုဒုဦးစီးမှူးအား ထိုးကြိတ် ခဲ့သူကို မြိတ်မြို့နယ်ရဲစခန်းတွင် တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ လက်ရောက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ခရိုင်တိမွေးကုဦးစီး မှူး ဒေါက်တာအောင်ကျော်ဇော က ပြောသည်။ 

ဖေဖော်ဝါရီ ၉ ရက် ည ၁၂ နာရီခန့်က မြိတ်မြို့အဝင် တပ်မ တော်လေတပ်ဌာနချုပ်ရှေ့တွင် မြို့နယ်တိမွေးကု ဒုဦးစီးမှူးနှင့် အဖွဲ့က မြို့တွင်းသို့ ဝင်လာသည့် အဆိုပါဝက်တင်ကားကို ဒေသခံ မွေးမြူရေးသမားများ၏သတင်း ပေးချက်အရ တားဆီးစစ်ဆေးခဲ့ ကြောင်း ဒေါက်တာအောင်ကျော် ဇောက ဆိုသည်။ 

‘‘၉ ရက်နေ့မှာ ဖြစ်တော့ ဖြစ်စဉ်ကို အတည်ပြုဖို့ စစ်ဆေး တယ်။ သူတို့က တခြားမြို့နယ် တစ်ခုက သယ်လာပြီးမှ မြိတ်မြို့ နယ်က ရွာတစ်ရွာကနေ သယ် လာတယ်ဆိုပြီး သက်ဆိုင်ရာကို လက်မှတ်ထိုးခိုင်းတာ။ အဲဒီရွာက သူတို့ဝယ်တယ်ဆိုတဲ့ ခြံကလည်း မွေးထားတဲ့ ခြေရာလက်ရာမရှိ ဘူး။ ခြံဟောင်းကြီးဖြစ်နေတယ်။ ဒါတွေအတည်ပြုပြီးမှ အခုလို အ ရေးယူဖို့ ဆုံးဖြတ်လိုက်တာ’’ဟု ရှင်းပြသည်။ 

ယင်းသို့ စာရွက်စာတမ်းများ အတုပြုလုပ်၍ ဝက်များကိုသယ် ဆောင်လာသည့် ဒေါ်လှရီနှင့်ခင် ပွန်းကို စည်ပင်ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း မြိတ်မြို့နယ် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ် ကိုကိုက ပြောသည်။ 

ဝက်ကားပိုင်ရှင် ဒေါ်လှရီက ၎င်းသည် မြိတ်မြို့နယ် ဒီချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ နာ မည်နှင့် တာဝန်ပါသည့် ဒီချုပ်ရင် ထိုးတံဆိပ်ကို ဝက်ကား တားဆီးစစ်ဆေးသည့် မြို့နယ်တိမွေးကုဒုဦးစီးမှူးအားပြသ၍ ခြိမ်းခြောက်နေစဉ် ၎င်း၏အမျိုးသားက ဝင်ရောက်ထိုးကြိတ်သည့် ဗီဒီယိုဖိုင်တစ်ခု ဖေဖော်ဝါရီ ၁၀ ရက်က လူမှုကွန်ရက်တွင်   ပျံ့နှံ့ခဲ့သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြိတ်မြို့နယ် ဒီချုပ်အလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါ်လှရီကို  မြို့နယ်ဒီချုပ်ခရိုင်ရုံးသို့ ဖေဖော်ဝါရီ ၁၂ ရက်က ခေါ်ယူစစ်ဆေးမေးမြန်းရာ ‘‘ည ၁၂ နာရီလောက်မှာ ဆိုင်ကယ်ခုနစ်စီးနဲ့ ရိုးရိုးအရပ် ဝတ်တွေက ကားရှေ့မှာ ပိတ်ရပ် ပြီး သော့သိမ်းတာတို့ လုပ်တယ် ပြောတယ်။ ဒါကြောင့် သူက ဘယ်အဖွဲ့အစည်းလဲမေးတော့ တိမွေး ကုဆရာဝန်ပါလို့ ဖမ်းဆီးရေးအဖွဲ့ က ပြန်ပြောတယ်လို့ သူက ပြောတယ်။ သူက မင်းတို့ဝန်ထမ်းဆိုရင် ယူနီဖောင်းဝတ်ရမှာပေါ့။ ငါတို့ NLD ဆိုရင်လည်း ယူနီဖောင်း တွေ၊ ရင်ထိုးတံဆိပ်တွေရှိတယ် လို့ ပြောပြီး သူ့မှာ ဒီဟာတွေရှိ တယ်ဆိုပြီး ထုတ်ပြတဲ့သဘောပဲ ရှိတယ်လို့ သူက အဲဒီလို ထွက်ဆို တယ်’’ဟု မြိတ်ခရိုင် ဒီချုပ်ဥက္ကဋ္ဌ ဦးစိုးလွင်က ရှင်းပြသည်။ 

ဒေါ်လှရီ၏ထွက်ဆိုချက်များနှင့် စစ်ဆေးမေးမြန်းမှုများကို တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှတစ်ဆင့်  ဒီချုပ်ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြထားကြောင်း ဦးစိုးလွင်က ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်လှရီထံ ဖုန်းဆက်မေးမြန်းရာ ဖုန်းပိတ်ထားသည်။

More in News Section