ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကြောင့် ချမ်းသာရာရနိုင်တဲ့ မြစ်သံလွင်

သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကြောင့် သံလွင်မြစ်၌ တည်ဆောက်မည့်ရေအားလျှပ်စစ်စီမံကိန်းရပ်တန့်သွားမည်ဟုတက်ကြွလှုပ်ရှားသူများက မျှော်လင့်နေကြသည်။ (ဓာတ်ပုံ − Actions for Shan State Rivers)

မြန်မာနှင့် ထိုင်းတို့ ပူးပေါင်းပြီး ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ် အား ပေးစက်ရုံ ပရောဂျက်လေးခုနဲ့ပတ် သက်လို့ ထုတ်ပြန်ကြေညာခဲ့ပါ တယ်။ ပြီးတော့ ပြန်လည်ဖြည့် တင်း အသုံးပြုနိုင်တဲ့ စွမ်းအင် ကဏ္ဍကို ပိုမိုဦးတည်ဖို့လည်း ရည် ရွယ်ထားတယ်။ ဒီသတင်းက မြန်မာနိုင်ငံ မြောက်ပိုင်းက အထင်ကရ မြစ်ကြီးတွေမှာ အကြီးစားဆည်ကြီးတွေ ဆောက်လုပ်ဖို့ အစီအစဉ်တွေကို ကန့်ကွက်နေ တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေ အတွက် ကျေနပ်ပျော်ရွှင်စရာ ဖြစ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရဟာ နိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် မလုံ လောက်မှု ပြဿနာကြီးကို လာမယ့် သုံးနှစ်အတွင်း တည်ဆောက်မယ့် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံသစ်သုံးခုနဲ့ ဖြေ ရှင်းဖို့ စီစဉ်နေပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာန တာဝန်ရှိသူတွေက အဲဒီ  ဓာတ်အားပေး စက်ရုံတွေဟာ မြန်မာနိုင်ငံ အနောက်ပိုင်းက ရခိုင်ပြည်နယ်နဲ့ စီးပွားရေးမြို့တော်ဖြစ် တဲ့ ရန်ကုန်တို့မှာ တည်ဆောက် မယ်လို့ ပြောပါတယ်။ အဲဒီစက် ရုံတွေကြောင့် လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃,၀၀၀ ဝန်း ကျင် ထုတ်လုပ်နေနိုင်မှုကို နှစ်ဆလောက်ထိ မြှင့်တင်နိုင်မယ်လို့ ဆိုတယ်။ Reuters သတင်းဌာန က အဲဒီ ဓာတ်အားပေး စက်ရုံတွေ အတွက် တည်ဆောက်မှု ကုန်ကျစရိတ်ဟာ ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံလောက် ရှိမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ပြီးတော့ နိုင်ငံရဲ့ မဟာဓာတ်အားလိုင်းကြီးနဲ့ ကင်းကွာနေဆဲ ဖြစ်တဲ့ ကျေးလက်ဒေသတွေကို အသေးစားဓာတ်အား ထပ်ဆင့် ကွန်ရက်တွေနဲ့ ဖြန့်ကြက်ဆက် သွယ်သွားဖို့လည်း အစီအစဉ်ရှိ နေတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ပြင်သစ်ရဲ့ EDF စွမ်းအင် ကုမ္ပဏီကြီးဟာ အိမ်ခြေ ၈,၀၀၀ လောက်ကို အသေးစားဓာတ်အား ထပ်ဆင့် ကွန်ရက်တွေအကူအညီနဲ့ လျှပ်စစ်မီးပေးနိုင်ရေးအတွက် မကွေး တိုင်းဒေသကြီး အစိုးရနဲ့ သဘော တူစာချုပ်တစ်ရပ် လက်မှတ် ရေး ထိုးခဲ့ပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ ရဲ့ ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီကြီးPTT ကလည်း ထိုင်းအစိုးရပိုင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစီမံခန့်ခွဲမှုဌာန (EGAT) နဲ့ ပူးပေါင်းပြီး စွမ်းအင်နဲ့ ဓာတ်ငွေ့ကဏ္ဍမှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာပါတယ်။ လုပ်ငန်းကြီး နှစ်ရပ်စလုံးကပြန်လည်သန့်စင် အသုံးပြုနိုင်တဲ့စွမ်းအင်ကဏ္ဍနဲ့ စွမ်းအင်သို လောင်မှု ကဏ္ဍတွေမှာ တစိုက်မတ်မတ်ပါဝင်ဖို့ ဆန္ဒရှိနေတယ်။အဲဒီဧရိယာတွေဟာ နိုင်ငံတကာ က စွမ်းအင်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းတွေမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ အပိုင်းတွေလည်းဖြစ်ပါတယ်။

ပရောဂျက် ကနဦး အဆင့်မှာတော့ အရည်အဖြစ် ပြောင်းလဲ ထားတဲ့ သဘာဝဓာတ်ငွေ့တွေ လက်ခံတဲ့ နေရာရယ်၊ မလေးရှားနဲ့ ထိုင်းတို့ ပူးပေါင်းအကောင်အ ထည်ဖော်နေတဲ့ ဖွံ့ဖြိုးရေးဇုန် ဧရိယာမှာ ဓာတ်ငွေ့အဖြစ် ပြန်လည် ပြောင်းလဲသိုလှောင်မယ့် ယူနစ်တစ်ခု ထားရှိဖို့ရယ်တွေ ပါဝင်ပါတယ်။ အဲဒီအဖွဲ့အစည်း ကြီး နှစ်ခုဟာ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား စက်ရုံတစ်ခု တည်ဆောက်ရေး ကိစ္စကိုလည်း လေ့လာဆန်းစစ်နေပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး လှုပ်ရှားသူတွေရော၊ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ ရှမ်းပြည်နယ်က ပြည်သူတွေအတွက် ပါ ပထမအဆင့်အနေနဲ့ ကျေနပ် စရာ ဖြစ်လာမယ့်သဘောပါ။ ဒေသခံ လူထုက သံလွင်မြစ်တစ် ကြောမှာ အကြီးစားဆည်တွေ တည်ဆောက်ပြီး ရေအားလျှပ် စစ် ထုတ်လုပ်မယ့် စီမံကိန်းကို နှစ်ပေါင်းများစွာ ကန့်ကွက်နေခဲ့တာ ကြောင့် ဖြစ်ပါတယ်။

ဒီအတောအတွင်း အငြင်းပွားစရာ အကြီးမားဆုံး ဖြစ်စေခဲ့တဲ့ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း နောက်ကွယ်က ကုမ္ပဏီတွေရော၊ EGAT ကိုပါ ဒီပရောဂျက်နဲ့ပတ် သက်ပြီး လျာထားစီမံကိန်းအဆင့် မှာပဲ ရပ်လိုက်ဖို့ မြန်မာအစိုးရ ဘက်က အသိပေးထားပြီလို့ အ တည်ပြုမှုတွေ ရှိနေပါတယ်။ အစိုးရအနေနဲ့ အစောပိုင်းတုန်း က သံလွင်မြစ် အလယ်ပိုင်း လောက်မှာ ဆည်အကြီးစားတစ်ခု တည်ဆောက်ဖို့ ကနဦးလျာထား ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပရောဂျက်က မြစ်အောက် ပိုင်းနဲ့ ရှမ်းပြည်နယ်မှာ ရေလွှမ်းမိုး မှုတွေ ဖြစ်နိုင်ကြောင်း၊ ဒီဇိုင်းပိုင်း ပြန်လည်ဆင်ခြင်ပြီး အပိုင်းပြန်ခွဲ သင့်ကြောင်း ထောက်ပြမှုတွေ ရှိခဲ့တယ်။

မြန်မာအစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးက ၂၀၁၆ ဩဂုတ်မှာတော့ သံလွင်မြစ်ပေါ်မှာ ဆည်တွေ တည်ဆောက်မှုကို ရှောင်လွှဲ လို့ရမှာ မဟုတ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ဖူးတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကလည်း ဒီလို အထင်ကရ ပရောဂျက်ကြီးတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ညှိနှိုင်းအ ကောင်အထည်   ဖော်ရာမှာ ကောင်းမွန်တဲ့ အလားအလာမျိုး ရှိမလာနိုင်ကြောင်း အခုအခါမှာ သတိပြုမိလာဟန် ရှိပါတယ်။ ဒီ ပရောဂျက်တွေဟာ ဒေသခံတွေ ရဲ့ လူနေမှုဘဝ၊ လူမှုဝန်းကျင်နဲ့ သဘာဝဝန်းကျင်တွေကို အကြီးအကျယ် ရိုက်ခတ်မှုရှိနိုင်တာ လည်း အမှန်ပါပဲ။

ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တခြားဒေသခံ တိုင်းရင်းသား အဖွဲ့အစည်းတွေက လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အပြည့်အဝ မအောင်မြင်ခင်မှာ အဲဒီလို ပရောဂျက်ကြီးတွေကို ရှေ့မဆက်သင့်ဘူးလို့ ယူဆကြ ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပုဂ္ဂလိက လုပ် ငန်းပိုင်ဆိုင်မှု ဖွံ့ဖြိုးရေးကဏ္ဍကို တွန်းအားပေး မြှင့်တင်ဖို့ ကြိုး စားနေပါတယ်။ IFC ဟာ ၂၀၁၆ နှောင်းပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ အထင်ကရ မြစ်ကြီးတွေနဲ့ မြစ်ဝှမ်းဒေသကြီး ရှစ်ခုမှာ ရေအား လျှပ်စစ် ထုတ်လုပ်ရေး ပရောဂျက်တွေ ဖြစ်နိုင်ခြေနဲ့ပတ်သက် လို့ သုံးသပ်အကြံပြုခဲ့ပါတယ်။

ရန်ကုန်မှာ IFC ရဲ့ ပြောရေး ဆိုခွင့်ရ အမျိုးသမီးတစ်ဦးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာ ဆန်းစစ်မှု (SEA) အ တွက် တရားဝင်လုပ်ဆောင်မှုတွေ မကြာသေးခင် အစပြုဆွေးနွေးနေပြီလို့ ပြောပါတယ်။ အဲဒီဆွေးနွေး မှုမှာ ရေအားလျှပ်စစ်ထုတ်လုပ် ရေးအတွက် အဆိုပြုထားတဲ့ အဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့ အရပ် ဘက် အဖွဲ့အစည်းတွေလည်း ပါဝင်ကြပါတယ်။ ဆွေးနွေးမှုတွေ ရဲ့ ရည်ရွယ်ချက်က တည်ငြိမ်တဲ့လျှပ်စစ်ဓာတ်အား ထောက်ပံ့နိုင် ရေးအတွက် အစိုးရအနေနဲ့ ဘယ်လို ရှေ့ဆက်သင့်တယ်ဆိုတာကို ဆုံးဖြတ်ရွေးချယ်စေနိုင်ရေး ကူညီ ဖို့ ဖြစ်ပါတယ်။ လောလောဆယ် အခြေအနေမှာတော့ မြန်မာနိုင်ငံ သား ၄၀ ရာခိုင်နှုန်းလောက်သာ လျှပ်စစ်ဓာတ်အား ရရှိနေကြပါ တယ်။ လက်ရှိကာလထိ သံလွင်မြစ်ပေါ်မှာရှိနေတဲ့ ရေအားလျှပ်စစ်ပရောဂျက်လေးခုက ဓာတ်အား ၃၀၂ မဂ္ဂါဝပ်လောက် ထုတ်ပေးနေကြောင်း IFC ရဲ့ ပြောရေးဆိုခွင့်ရအမျိုးသမီးက ဆိုတယ်။ အသေးစား ရေအားလျှပ်စစ်လုပ်ငန်းနှစ်ခုကို ထပ်မံတည်ဆောက်နေသလို အလုံးစုံပြီးစီးသွားပြီဆိုရင်တော့ နောက်ထပ်ဓာတ်အား ၃၈၃ မဂ္ဂါဝပ်လောက် ထပ်ရမယ်လို့ သိရပါတယ်။

သံလွင်မြစ်နဲ့ ဆက်စပ်ပြီး အဆိုပြုထားတဲ့ နောက်ထပ် ရေ အားလျှပ်စစ် စီမံကိန်းက ၁၅ ခုလောက် ရှိနေပါတယ်။ အဲဒီထဲကငါးခုဟာ ပင်မမြစ်ကြောင်းကြီး ပေါ်မှာ တည်ဆောက်ဖို့ လျာထား တာပါ။ စီမံကိန်း ၁၅ ခုစာအတွက် စုစုပေါင်း ဓာတ်အား မဂ္ဂါဝပ် ၁၆,၀၀၀ လောက်ထိ ထုတ်လုပ် နိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ သံလွင်မြစ်ပေါ်က ဓာတ်အားထုတ်လုပ် ရေး ပရောဂျက်တွေနဲ့ပတ်သက် လို့ ထင်ရှားမြင်သာတဲ့ တိုးတက်မှု အလားအလာမရှိကြောင်း အဲဒီအမျိုးသမီးက မှတ်ချက်ပေးပါ တယ်။ ဆည်တွေဆောက်ဖြစ်ခဲ့ ရင် လူမှုနဲ့ သဘာဝပတ်ဝန်းကျင် အပေါ် ရိုက်ခတ်မှုတွေ ကြီးကြီး မားမား ရှိနိုင်တာကြောင့် ပရော ဂျက်တွေ မစဖြစ်ဘူးလို့လည်း ဆို တယ်။

IFC က အစိုးရအနေနဲ့ ရေ အားလျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်လို့ အကောင်းဆုံး ရွေးချယ်မှုတွေ ပြုလုပ်နိုင်အောင် ကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။ IFC ရဲ့ပြောရေးဆိုခွင့်ရ အမျိုးသမီးကအရင်အစိုးရလက်ထက်မှာ အစ ပြုခဲ့တဲ့ SEA တွေဟာ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုတွေအပြင် ပရောဂျက်က စီမံကိန်း မြေသားအပေါ် ဘယ်လို သက်ရောက်နိုင်မလဲ ဆိုတာကိုပါ လေ့လာဖို့ စီစဉ်ခဲ့ကြောင်း ပြော ပါတယ်။ 

အဲဒီ ဆန်းစစ်မှုတွေဟာ သတ်မှတ်ဧရိယာတွေရဲ့ အန္တ ရာယ် ကျရောက်နိုင်ခြေကိုလည်း နည်းသလား၊ အလယ်အလတ် လား၊ များနိုင်သလားဆိုတာကို ခွဲထုတ်ပေးဖို့ ဖြစ်ပါတယ်။ ပတ် ဝန်းကျင်မှာ လက်နက်ကိုင်ပဋိ ပက္ခ ပေါ်ပေါက်နိုင်ခြေနဲ့ တခြားကိစ္စတွေကို ထည့်သွင်းစဉ်းစား ထားတာမျိုးပါ။ ပြီးတော့ ပရော ဂျက်နဲ့ ဆက်စပ်နေသူတွေ အား လုံးကြားမှာ ပွင့်လင်းမြင်သာဖြစ် စေပြီး သံလွင်မြစ်ကြီးကို စနစ် တကျ ထိန်းသိမ်းဖို့ လိုအပ်တာကို အလေးထား သတိမူမိစေဖို့လည်း ရည်ရွယ်ကြောင်း အဲဒီအမျိုးသမီး က ဆိုပါတယ်။

IFC ဟာ ကမ္ဘာ့ဘဏ်အနေနဲ့ အကြီးစား ဆည်ကြီးတွေ တည် ဆောက်မှုအတွက် ငွေကြေး ထောက်ပံ့မှုနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကိုလည်း အ လေးထား ပြန်ချိန်ဆနေဟန်ရှိပါ တယ်။ ဥပမာ ပြောရရင် လာအိုက နမ်သူယွန်-၂ ဆည်လိုမျိုးပေါ့။ ဒီဆည်ကြီး တည်ဆောက်မှုနဲ့ပတ် သက်လို့ ထွက်ပေါ်လာတဲ့ ရလဒ်တွေက အကောင်း၊အဆိုးရောနှောနေခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လှုပ်ရှားတောင်းဆိုတဲ့ အဖွဲ့အစည်းတော်တော်များများက ဒီဆည်ကြီးရဲ့ ဆိုးကျိုး သက်ရောက်မှုတွေကို ထောက်ပြကြပါတယ်။ အစိုးရကလာအိုဟာ အရှေ့တောင် အာရှဒေသရဲ့ ဓာတ်အား တင်ပို့ရာ အဓိက ဘက်ထရီကြီး ဖြစ်ရမယ်ဆိုတဲ့ ကြွေးကြော်မှုနဲ့အတူရေအားလျှပ် စစ် ထုတ်လုပ်ဖို့ ဒီဆည်ကြီးကို ဦးဆောင်တည်ဆောက်ခဲ့တာပါ။

ဒီကိစ္စက မဲခေါင်မြစ်ရဲ့ အ လယ်ပိုင်းမှာ အကြီးစားဆည်ကြီး တွေ ဖွင့်လှစ်ဖို့ လမ်းကြောင်းကို အစပျိုးပေးလိုက်ပါတယ်။ သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီ တွေနဲ့ ဒေသခံတွေက ဒီဆည်ကြီးတွေကြောင့် ကမ္ဘောဒီးယားရဲ့တွန်လီဆပ် ရေကန်ကြီးအပါအ ဝင် မြစ်အောက်ပိုင်းဒေသတွေက ငါးဖမ်းလုပ်ငန်းတွေအပေါ် အကြီး အကျယ် ထိခိုက်နိုင်ကြောင်း ဝေဖန်ခဲ့ကြတယ်။ ဒါ့အပြင် ဗီယက် နမ် တောင်ပိုင်းက ဆန်စပါး အဓိ က စိုက်ပျိုးရာ မဲခေါင်မြစ်ဝှမ်း ဒေသအတွက်လည်း ကောင်း ကျိုးမရှိနိုင်ဘူးလို့ ထောက်ပြကြ တယ်။

သံလွင်မြစ်မှာ ဆည်ဆောက်ဖို့ အဆိုပြုထားတဲ့ နိုင်ငံခြား ကုမ္ပဏီကြီး တချို့က ဆည်နဲ့ဆက်စပ်ပြီး ကြီးမားတဲ့ ရေလှောင်ဧရိ ယာတွေ သီးခြားထားရှိဖို့လို ကြောင်း တင်ပြထားပါတယ်။ အ ကျယ်အဝန်းက စတုရန်း ကီလို မီတာ ရာနဲ့ချီ ရှိသွားနိုင်ပါတယ်။ ရှမ်းပြည်နယ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုလားသူတွေက ဆည်ဆောက်ဖို့ လျာထား တဲ့နေရာ ပတ်ဝန်းကျင်မှာ စစ်အင်အား တိုးမြှင့်ချထားဖို့ အစီအစဉ် အပေါ်မှာလည်း ပြစ်တင်ဝေဖန် ကြတယ်။ နယ်မြေအတွင်း လက် နက်ကိုင် တင်းမာမှုတွေနဲ့ပတ် သက်လို့ အရင်ကတည်းက ဒေသခံတွေ ထောင်သောင်းချီပြီး ထိုင်း နိုင်ငံဘက် တိမ်းရှောင်မှုတွေ ရှိခဲ့ ပြီးသားပါ။

၂၀၁၁ စက်တင်ဘာတုန်းက သမ္မတဟောင်း ဦးသိန်းစိန်အနေနဲ့ အငြင်းပွားစရာတွေဖြစ်နေတဲ့ မြစ် ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဆက်လက် တည်ဆောက်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မြန်မာပြည်သူ အများစုက ကြိုဆိုခဲ့ကြပါ တယ်။ အဲဒီ စီမံကိန်းဟာ တရုတ်ကုမ္ပဏီတစ်ခုက နိုင်ငံရဲ့ အကြီး ဆုံးမြစ်ကြီးဖြစ်တဲ့ ဧရာဝတီရဲ့ အ ထက်ပိုင်းမှာ တည်ဆောက်ဖို့ လျာထားခဲ့တာပါ။ ဒါပေမဲ့ ရှမ်းလူထု ကတော့ သံလွင်မြစ်ပေါ်မှာ အကြီးစားဆည်တစ်ခု တည်ဆောက်ဖို့ တရုတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရကြား လျှို့ဝှက် ညှိနှိုင်းပြီး သဘောတူ ထားမှာကို စိုးရိမ်မှုတွေ ရှိနေပါ တယ်။

IFC ပြောရေးဆိုခွင့်ရ အမျိုးသမီးက EGAT ပါဝင်ပြီး မိုင်းတုံ ဆည်စီမံကိန်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လုပ်ငန်းစုဟာ ဆည်ပုံစံ အစား ဒီဇိုင်းပိုင်း ပြန်လည်ဆန်း သစ်ပြီး ရေတံခွန်ဆန်တဲ့ပုံစံမျိုး ပြောင်းလဲဖို့ တောင်းဆိုခံရ ကြောင်း အတည်ပြုခဲ့ပါတယ်။ ကနဦး အဆိုပြုထားတဲ့ ဆည်ပုံစံကတော့ သဘာဝပတ်ဝန်းကျင် အတွက် အိပ်မက်ဆိုး ဖြစ်စေလိမ့် မယ်လို့ ဝေဖန်ခံနေရတယ်။

ဒီအခြေအနေတွေကြောင့်ပဲ မြန်မာနိုင်ငံမှာ ဓာတ်ငွေ့သုံး ဓာတ် အားပေး စက်ရုံတွေ ဆက်တိုက် တည်ဆောက်မယ်ဆိုတဲ့ သတင်း က သံလွင်နဲ့ပတ်သက်လို့ စိတ်ပူနေတဲ့ ရှမ်းတိုင်းရင်းသား အသိုက် အဝန်းအတွက် ကျေနပ်စရာဖြစ် လာစေပါလိမ့်မယ်။ နိုင်ငံတကာ မြစ်များအဖွဲ့ ပိုင်ဒီတက်စ်က ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်မှုနည်းလမ်း ကို အားပေး ထောက်ခံမှုမရှိဘူး ဆိုရင်တောင် သံလွင်မှာဆည်တွေ ထပ်မဆောက်ဖြစ်တဲ့ ကိစ္စအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး လှုပ်ရှားသူတွေက သဘောတူကြလိမ့်မယ်လို့ သုံးသပ်ပါတယ်။ စီမံဆုံးဖြတ်မှု လုပ်ငန်းစဉ် အားလုံးနဲ့ ပတ်သက်လို့လည်းပိုတိုးတက်လာဖို့ လိုလားနေတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးက စွမ်းအင် စီမံကိန်းနဲ့ပတ်သက် လို့ အမှန်တကယ် အလေးထား တောင်းဆိုမှုတွေ ရှိနေတယ်။ ဒီ နေရာမှာ ပြည်သူအများစုရဲ့ လိုလားမှု သဘောထားနဲ့ အမြင်တွေ ကိုလည်း ထည့်စဉ်းစားဖို့လိုပြီး စွမ်းအင် ဖူလုံမှု၊ အသေးစား ဓာတ်အားပေး စက်ရုံတွေလည်ပတ်ရေး နဲ့ ဓာတ်အားဖြန့်ဝေရေးစနစ်တွေ အကြောင်းကိုလည်း ထည့်တွက်ရမယ်လို့ ဒီတက်စ်က မှတ်ချက်ပေး ခဲ့ပါတယ်။

လူမှုကွန်ရက် မီဒီယာတွေ ပေါ်မှာ ဆည်တွေနဲ့ပတ်သက်လို့ Drowning a Thousand Islandsဆိုတဲ့ ဗီဒီယိုတစ်ခုပျံ့နှံ့ခဲ့ပါတယ်။ မိုင်းတုံဆည် စီမံကိန်းအပေါ် အစိုးရက ပြန်လည်ဆန်းစစ် စဉ်း စားစေဖို့ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်တွန်းအားပေးခဲ့တဲ့ ဗီဒီယိုဖြစ် ပြီး မြစ်ပတ်ဝန်းကျင် ဧရိယာတွေ ရေလွှမ်းမိုးနိုင်တဲ့ အခြေအနေကို ထောက်ပြထားတာ ဖြစ်ပါတယ်။ 

ထိုင်းစွမ်းအင်ဝန်ကြီးဌာန ဟာ ပြီးခဲ့တဲ့နှစ်က ဟက်ကြီးရေ အားလျှပ်စစ် စီမံကိန်းကို ဖော် ထုတ်ခဲ့ပြီး အဲဒါကလည်း တောင်ဘက်ပိုင်း ပိုရောက်တဲ့ ကရင်ပြည် နယ်ထဲမှာ သံလွင်မြစ်ပေါ် ထားရှိ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စီမံကိန်း ရပ်ဆိုင်း သွားပါတယ်။ ၂၀၀၇ စက်တင် ဘာတုန်းကလည်း အဲဒီဆည် တည်ဆောက်မယ့်နေရာမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားရာက EGAT အတွက် အလုပ်လုပ်နေတဲ့ ထိုင်း အင်ဂျင်နီယာတစ်ယောက် သေဆုံးခဲ့ဖူးပါတယ်။ 

(Asia Times တွင် ဖော်ပြသည့် Myanmar power plans could spare the Salween ဆောင်းပါးကို ဇွဲရဲဝင့်  ဘာသာပြန်သည်။)