ရှစ်လအရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရမှုအပေါ် အိန္ဒိယ ပြည်သူများ ဒေါသထွက်နေ

အိန္ဒိယ နိုင်ငံတွင် လသားအရွယ်မျှသာ ရှိသေးသည့် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူအများ ဒေါသ ပေါက်ကွဲနေကြောင်း သိရသည်။


ဒေလီမြို့တော်တွင် ဖြစ်ပွားခဲ့သည့် စက်ဆုပ်စရာ မှုခင်းနှင့် ပတ်သက်၍ မိန်းကလေး၏ အသက် ၂၈ နှစ်အရွယ် ဝမ်းကွဲအစ်ကို တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲများက ဆိုသည်။ မုဒိမ်းကျင့်ခံရသည့် ကလေးငယ်မှာ အသက် ၈ လမျှသာ ရှိသေးသည်။

ရဲတပ်ဖွဲ့က မိန်းကလေး၏ အခြေအနေမှာ ဒဏ်ရာ ပြင်းထန်ပြီး အခြေအနေ စိုးရိမ်ရကြောင်း၊ ကလေးမလေးကို ဇန်နဝါရီ ၂၈ ရက်တွင် ဆေးရုံသို့ တင်ပို့ထားခဲ့ကြောင်း အတည်ပြုခဲ့သည်။ အိန္ဒိယတွင် သက်ငယ် မုဒိမ်းမှုများ ဆက်တိုက် ဖြစ်ပွားနေသော်လည်း အသက် တစ်နှစ်ပင် မပြည့်သေးသည့် ကလေးတစ်ဦးအပေါ် ရက်စက်စွာ ကျူးလွန်ခြင်းမှာမူ အလွန် ဆိုးရွားလွန်ကဲသည့် အခြေအနေ တစ်ရပ် ဖြစ်လာကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

ဒေလီ၏ အမျိုးသမီးရေးရာ ကော်မရှင် အကြီးအကဲ ဆွာတီ မာလီဝဲလ်က ဆေးရုံရောက်နေသည့် ကလေးမလေးထံ ကိုယ်တိုင် သွားရောက်ကာ မိသားစုများကို အားပေးနှစ်သိမ့်ခဲ့သည်။ ကလေးမလေး ရရှိထားသည့် ဒဏ်ရာများသည် အရွယ်နှင့် မမျှအောင် ပြင်းထန် ဆိုးရွားလွန်းကြောင်း မာလီဝဲလ်က ဖွင့်ဟခဲ့သည်။

အိန္ဒိယတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်ခြင်းများနှင့် ပတ်သက်၍ အငြင်းအခုံများမှာ ၂၀၁၂ နောက်ပိုင်းတွင် ပိုမို ပြင်းထန်လာသည်။ ထိုစဉ်က တက္ကသိုလ် ကျောင်းသူတစ်ဦးကို ဒေလီရှိ ဘတ်စ်ကားတစ်စီးပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကြောင့် မိန်းကလေး သေဆုံးခဲ့သည့် ဖြစ်ရပ်က တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။ သို့သော် အိန္ဒိယ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို တစ်ဆင့်နှိမ့် ဆက်ဆံလိုသည့် အမြင်ကျဉ်းမြောင်းသူ အများအပြား ရှိနေဆဲဖြစ်ပြီး မုဒိမ်းကောင်များကို ပြင်းထန်စွာ ပြစ်ဒဏ် စီရင်ရေး တောင်းဆိုမှုများအပေါ် ဆန့်ကျင် ရပ်တည်နေကြသည်။

မာလီဝဲလ်က ယခုဖြစ်ရပ်တွင် မုဒိမ်းကျင့်ခံရသည့် ကလေးမလေးမှာ သုံးနာရီကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး နာကျင်လွန်းသမျှ သူမ ငိုကြွေးသော အသံမှာ ဆေးရုံတစ်ခုလုံး ကြားနေခဲ့ရကြောင်း Twitterတွင် ရေးသားခဲ့သည်။

လူမမယ် ကလေးမလေး တစ်ဦးကို မုဒိမ်းကျင့်မှု ဖြစ်ပွားကြောင်း သတင်းကို အိန္ဒိယ မီဒီယာများက ခေါင်းကြီးပိုင်း၌ ဖော်ပြခဲ့ပြီး ပြည်သူများ အလွန် တုန်လှုပ် ချောက်ချားခဲ့ကြသည်။ ထို့အပြင် အိန္ဒိယ လူ့အဖွဲ့အစည်း၌ ထိုမျှထိ စိတ်ဓာတ်ရေးရာ နိမ့်ပါးသူများ အဘယ်ကြောင့် ရှိနေသည် ဆိုခြင်းကို မေးခွန်းထုတ်မှုများလည်း မြင့်တက်လာသည်။

အိန္ဒိယ အစိုးရအနေဖြင့် မုဒိမ်းမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ကြိုးစားနေသော်လည်း ကိန်းဂဏန်းများ အရမူ အောင်မြင်မှုနှင့် ဝေးကွာနေဆဲဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေသည်။ အိန္ဒိယ၏ အမျိုးသား မှုခင်းမှတ်တမ်း ဗျူရို၏ အချက်အလက်များအရ ၂၀၁၆ တွင် သက်ငယ်မုဒိမ်းမှု ၁၉၇၆၅ ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းသည် ၂၀၁၅ နှင့် ယှဉ်ပါက ၈၂ ရာခိုင်နှုန်း မြင့်တက်လာပြီး ထိုစဉ်က သက်ငယ် မုဒိမ်းမှု ၁၀၈၅၄ မှုသာ ပေါ်ပေါက်ခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း အိန္ဒိယတွင် အသက် ၁၁ လအရွယ် ကလေးငယ် တစ်ဦးမှာ မိခင် အိပ်ပျော်နေစဉ် အိမ်နီးချင်း တစ်ဦး၏ ခိုးယူမှု ခံရပြီး နှစ်နာရီမျှကြာအောင် လူမဆန်စွာ မုဒိမ်းကျင့်ကြံမှု ခံခဲ့ရဖူးသည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကလည်း ဟိုင်ဒါရာဘတ်မြို့တွင် သုံးလအရွယ် ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး အနိုင်ကျင့်ခံခဲ့ရကြောင်း ဗျူရို၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

Ref: BBC

Top News